Monday 1 December 2008

၁၀ နာရီ ၁၀ မိနစ်

(ကမ္ဘာ့ AIDS နေ့ ၊မဲဆောက်၊ ၀တ္ထုတိုပြိုင်ပွဲမှာ ပထမဆုရ ၀တ္ထုတို)

အချိန်နှင့်ဒီရေသည် လူကို မစောင့်ပါတဲ့
ကျွန်တော်ကတော့ အချိန်တခုကို စောင့်စားရင်း ဘ၀တပြင်လုံးကို ငြိမ့်ညောင်းလွန်း သော ဒီလှိုင်းများတစစ တိုက်စားခြင်းခံခဲ့ရသူပါ …


ဒု.. ချပ်..ချပ် .. ဒု … ဒု… ချပ် တင့်တင့်တင့်တင့်
"ဟင်း …… လာပြန်ပြီ ဒီဖုန်း"
ဖုန်းလေးတစ်လုံး အလှူခံမိပါတယ် အရင်ဖုန်းပိုင်ရှင်ကိစ္စတွေချည်း ဖြေရှင်းနေရတယ် လူနာကိစ္စ၊ ဆေးကိစ္စ၊ အကြွေးကိစ္စ သြော်…သူက ဆေးမှူးတစ်ယောက်ပဲလေ ဒီလောက်တော့ ရှိမှာပေါ့။
"ဟဲလို"
"ဟဲလို ဆရာလားဟင်"
ထင်သားပဲ။
"ဆရာ .. ကျွန်မ၀တ်ရည်ပါ.. ဆရာကန့်ထဲ သွားမယ် သတင်းကြားလို့ အဲဒါ"
ဟော… ခက်ပြီ သူမပြောချင်တာတွေသာ ဆက်ပြောနေသည်။
ကိုယ်ကလည်း ပြောနေကျ စကားပဲ ပြောရမည်။
" ဟဲလို…. ဦးဇင်းက ဆရာမြင့်သန်းမဟုတ်ဘူးဗျ သူကန့်ထဲသွားပြီး ဦးဇင်းကို ဒီဖုန်းလှူ သွားတာ"
"ရှင်… ဆောရီးနော်… အဲ … ကန်တော့ ကန်တော့"
"အေး … အေး… ရပါတယ်"
"ဦးဇင်းက ဘယ်ကျောင်းကလဲဟင်"
" …… ကျောင်းကပါ"

မဲဆောက်မှာ အလုပ်လုပ်နေတဲ့ ဒကာ၊ဒကာမတွေပင့်လို့ အလည်လာရင်း ဒီကမြန်မာ ပြည်သားတွေရဲ့ အခက် အခဲမျိုးစုံကို ကိုယ်တွေ့မြင်ရတော့ သူတို့အတွက် တစုံတခုတော့ ကူညီပေးနိုင်ကောင်းပါရဲ့လို့ဆိုပြီး နေလာလိုက်တာ ဘာလိုလိုနဲ့ နှစ်နှစ်တောင် ကျော်လာပါပေ ကော။ ဦးဇင်းတို့ မြန်မာပြည်သားတွေကလည်း ဘာသာသာသနာဆို သိပ်ယုံကြည်အားကိုးကြ တာကိုးဗျ ကြည့်လေ… မဲဆောက်ပတ်ဝန်းကျင်က စက်ရုံက အလုပ်သမားတွေ တစ်လမှတခါ ရှားရှားပါးပါးရတဲ့ အားလပ်ရက်တွေမှာဆို နီးစပ်ရာဘုရားသွားကြ ဘုန်ကြီးကျောင်းသွားကြ ရက် ကြီးခါကြီးတွေဆိုလည်း ဘုန်းကြီးကျောင်းမှာပဲ အလှူအတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေလုပ်ကြနဲ့ တ ချို့ဆိုမင်္ဂလာဆောင်ရင်တောင် ဘုန်းကြီးကျောင်းမှာ ဆောင်ကြတာ၊ ရဲဖမ်းလည်း ဘုန်းကြီး ကျောင်းထဲ ဘုရားထဲပြေးဝင်တာပဲ အလုပ်ပြုတ်လည်း ဘုန်းကြီးကျောင်းပဲ ဒီတော့ ထိုင်းဘုန်း ကြီးကျောင်းတွေမှာ မြန်မာဘုန်းကြီးတွေရှိတာ သူတို့အတွက် အားတခုပဲလေ... ကိုယ်လည်း ဒီဘ၀မှာ တမဂ်တဖိုလ်မရမယ့်အတူတူတော့ ရွာအမှုဘုန်းကြီးပတ်တယ်ပဲပြောပြော ပြည်သူ တွေရဲ့အခက်အခဲကို သက်ဆိုင်ရာ မြန်မာအဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး တတ်နိုင်သလောက် ဖြေရှင်းပေးနေရတယ်.. ဒီလိုနဲ့ပဲ အဖွဲ့အစည်းကလူတွေနဲ့ ရင်းနှီးနေတာ ကျန်းမာရေးအဖွဲ့ တဖွဲ့က ဆေးမှူးမြင့်သန်းဆိုရင် ဒကာရင်းဆရာရင်းကိုဖြစ်လို့ … ဟိုတလောကတော့ ဘာစိတ် ပေါက်တယ်မသိဘူး…. ကန့်ထဲဝင်တော့မယ်ဆိုပြီး သူကိုင်နေကျ i-mobile ဖုန်းလေးလာလှူ သွားပြီး ပြန်ကို ပေါ်မလာတော့ဘူး။
အဲဒီဖုန်းဟာ ဦးဇင်းရဲ့ဘ၀ကို တဆစ်ချိုး ဆွဲကွေ့လိုက်မယ်ဆိုတာ …

အချိန်က ည (၁၀)နာရီ (၁၀)မိနစ်
ဖုန်းထဲက မျိုးကြီးရဲ့ အပြာရောင်ချစ်ည သီချင်းထမြည်လာတယ်။ အိပ်မပျော်သေးတာနဲ့ ခေါင်း အုံးဘေးက ဖုန်းကိုအသာစမ်းပြီး ယူလိုက်တယ်… လက်ထဲအရောက်မှာပဲ ဖုန်းကပြန်ကျသွား တယ်….. missed call
ဘယ်သူပါလိမ့်ဆိုတဲ့ အသိနဲ့ ဖွင့်ကြည့်မိတော့ Wityi ၀တ်ရည်… ကြားဖူးသလိုလိုတော့ ရှိသားပဲလို့ တွေးကြည့်တယ်။
သြော် … မနေ့က ဒကာမလေး …….
ဖုန်းကို ခေါင်းအုံးဘေး အသာပြန်ချလိုက်တယ်… မကြာပါဘူး…… နောက်တခါ ဖုန်းပြန်မြည် လာတယ်…. missed call…….
ဖွင့်ကြည့်မိတော့ သူမပါပဲ ၀တ်ရည်… ခက်ပြီ … ဒီတစ်ကြိမ်တော့ ဖုန်းကိုလက်ကမချဘဲ ကိုင် ထားလိုက်တယ်… မျှော်လင့်ထားသလိုပဲ ဖုန်းပြန်မြည်လာတယ်… ဒီတခါတော့ သူဖုန်းမချခင် ကိုယ်က ဦးအောင် ခလုတ်အစိမ်းလေးကို နှိပ်လိုက်တယ်
"ဟဲလို"
"…………………………….."
ပြန်ထူးသံမကြား။
"ဟဲလို ဘာကိစ္စရှိလို့လဲ" လို့ မေးတော့မှ
"ဟဲလို ဟို.. ဟိုလေ…. ဖုန်းဖရီးခေါလုပ်ထားတာ ဆက်လို့ရလားလို့ အဲဒါ စမ်းကြည့်တာ"
"သြော်"
"ဟို… ဘုန်းဘုန်းအိပ်ပြီလားဟင်း … အဲ… အိပ်တာကို ဘယ်လိုပြောလဲ မသိဘူး…."
"ကျိမ်းတယ်လို့ ပြောတယ်" ဒါတောင် မေ့နေသေးတယ်
"သြော်…. ကျိမ်းနေပြီလားဟင်.. ကန်တော့နော်"
"အေးအေး…. ကျိမ်းတော့ မကျိမ်းသေးဘူး…. ကျိမ်းမလို့လုပ်တုန်းပဲ"
"ရှင်… ကျိမ်းမလို့ လုပ်တုန်း…. ဘာလုပ်နေတာလဲ … ဟိ ဟိ"
"အဲ "
ဒုက္ခပဲ ဒီဒကာမလေးနဲ့တော့
ဖုန်းကိုပိတ်လိုက်တယ်။စိတ်က မတင်မကျနဲ့မို့ တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး။ အဲ… ကျိမ်းလို့ မပျော်ခဲ့ဘူး…
အဲဒီညက အိပ်မက်ထဲမှာ မဟူရာနတ်သမီးတစ်ယောက် ဦးဇင်းရဲ့တံခါးကို လာခေါက်သွားခဲ့ တယ်။

အခုတလော စိတ်တွေကမတည်ကြည် ယောက်ယက်ခတ်နေသည်။ နှစ်ပေါင်းနှစ်ဆယ်နီးပါး ၀တ်လာတဲ့ သင်္ကန်းကပဲ ယားလာသလိုလို ပူလာသလိုလို နေ့စဉ်ပြုလုပ်နေကျ ဘုရားဝတ် တတ် မေတ္တာပို့၊ပုတီးစိပ်၊တရားထိုင်ခြင်း ကိစ္စတို့မှာ သမာဓိမရ တခုခုဆီ အာရုံရောက်ရောက် နေသလိုလို ညညဆိုရင် တိုင်ကပ်နာရီကိုသာ ခဏခဏ မော်ကြည့်မိနေသည်။ ၁၀ နာရီထိုးတာ နဲ့ နှလုံးခုန်နှုန်းတွေ ကစဥ့်ကလျား…
ဘုရား…… ဘုရား……..

၁၀ နာရီ ၁၀ မိနစ်
ဝတ္တရားတခုလို သံစဉ်များကို စီးနင်းရင်း သူမလာနေပြန်ပါပြီ……..
အလို….ဘာဖြစ်လို့များ ငါ့လက်တွေက ဖုန်းကို ကိုင်မိလျက်သား ဖြစ်နေပါလိမ့်….
"ဟဲ ဟဲလို"
အသံတွေက မတည်ငြိမ်
"ဘုန်းဘုန်းလားဟင်… ဘာဖြစ်နေတာလဲ…နေမကောင်းလို့လား….. "
ကျေးဇူးပြုပြီး စကားတွေကို ဒီထက်မချိုသာပါနဲ့တော့ မိန်းကလေးရယ်
"…………………………….."
"ဘုန်း..ဘုန်း နေမကောင်းလို့လားလို့ ဒီက စိုးရိမ်လို့ မေးနေတာ"
"ဟို … ဟို ကောင်းပါတယ်"
"ဟင့်အင်း… မယုံဘူး….. ဆေးတိုက်မယ်.. ပါးစပ်ဟ"
"ဗျာ"
ဦးဇင်းရင်ထဲက နှလုံးသားတွေ ကစုန်ဆိုင်းကုန်ပြီ မိန်းကလေးရေ………
"ဒါပဲနော်…. မနက်ဖြန်ကျရင် လာကြည့်မယ်… စိတ်မချဘူး"
သေချာပါသည်။ နှစ်ပေါင်းများစွာ ကြိုးစားပိတ်ဆို့ထားသော ကျွန်ုပ်၏ နှလုံးသားမြို့ရိုးများကို ချိုမြရှတသော အသံလှိုင်းလေးများဖြင့် သူမ ချိုးဖောက်ဖျက်ဆီးခဲ့လေသည်။ တယုတယ ပြုစုပျိုး ထောင်ထားသော အာရုံများကို သူမ တစစနှင့်ရိတ်သိမ်းနေခဲ့သည်။

ဒီအတိုင်းသာဆိုရင် သာသနာ့ဘောင်မှာ ဆက်နေနေ၍ မဖြစ်နိုင်တော့ တခုခုကို ဆုံးဖြတ်ဖို့လို လာပြီ။
သူမကို ဖွင့်ပြောတိုင်ပင်တော့ အလွယ်ကလေးပင် သူမက အစီအစဉ်အားလုံးကို တပတ်အ တွင်းနှင့် အပြီးဆွဲလိုက်နိုင်သည်။ ကျွန်ုပ်ဦးဇင်းဦးဝိမလဘ၀မှ ကိုဝင်းမြင့်ဘ၀သို့ ရောက်ရှိခဲ့ သည်။ ဂျင်းဘောင်းဘီတပတ်နွမ်း အင်္ကျီလက်ရှည် second hand နှင့် ဦးဇင်းကို အဲလေ ကျွန်တော့်ကို သူမက "လူမင်းနဲ့ တူတယ်"တဲ့၊ သူမကတော့ ကိုယ်လုံးသေးသေး
အရပ်က မနှိမ့်မမြင့် အသားအရေက ရှေးခေတ်သီချင်းထဲကလို ညိုပြာညက် ကိုယ်ကြပ်အင်္ကျီအကြားနဲ့ စကပ်ရှည်အနက် ရောင်ဘေးကွဲနဲ့သူမကို ဘယ်သူနဲ့တူလဲမေးတော့ ကျွန်တော် မဖြေတတ်၊ တကယ်ပါ ဒီခေတ်မင်းသမီးများနဲ့ မော်ဒယ်များကို နာမည်တချို့သာ ကြားဖူးပြီး ဘယ်သူ့ကိုမှမသိ၊ သူမနှုတ်ခမ်းစူလာသည်၊ သူမနှုတ်ခမ်းနီကိုတော့ အမြဲဆိုးလေ့ရှိသည်။ ဒါ့ ကြောင့် ကျွန်တော်ကသတိရပြီး ပြောလိုက်သည်။ "ရွှေဂဲနဲ့တူတယ်" သူမက ကျွန်တော့်ရင် ဘတ်ကြီးကို သူ့လက်သီး သေးသေးလေးတွေနဲ့ ဖွဖွလေး ထုလိုက်တယ်။ကျွန်တော့်ရင်ထဲမှာ ပန်းကြွေတွေနဲ့ စမ်းရေတွေရောပြွမ်းစီး ဆင်းလို့….
ခင်ဗျားတို့ကြားဖူးလား ယောက်ျားတစ်ယောက်ရဲ့ ဘ၀မှာအပျော်ဆုံးနေ့(၃)နေ့ ရှိတယ်တဲ့။ ထောင်ကလွတ်တဲ့နေ့၊ ရှင်လိင်ပြန်တဲ့နေ့၊မင်္ဂလာဆောင်တဲ့နေ့၊ ကျွန်တော်ကတော့ အဲဒီ(၃)နေ့ ထဲက ထောင်ကလွတ်တဲ့နေ့ကိုဖယ်ပြီး ကျန်တဲ့နေ့(၂)နေ့ကို တပြိုင်နက်တည်း ရလိုက်တာ၊ ကျွန်တော့ရဲ့ မင်္ဂလာဦးညကတော့ သူမစီစဉ်ထားတဲ့ မယ်တောင်က တောင်ယာတဲလေးမှာ။ မင်္ဂလာကြိုးတားသူမရှိ၊ ခဲဖိုးတောင်းသူမရှိ၊ ငြိမ်းချမ်းလှပါဘိ။ အဲဒီညက မှတ်မှတ်ရရ ကျွန်တော့ ဘ၀ရဲ့ ပထမဦးဆုံးည ဖုန်းထဲက ကျွန်တော်တို့ရဲ့ အချစ်သင်္ကေတသံစဉ်ဖြစ်တဲ့ မျိုးကြီးရဲ့ အပြာ ရောင်ညသီချင်းကိုဖွင့်ရင်း အပြုံးနဲ့မှေးစက်လို့ ကာမရေယာဉ်ကြောမှာ အစုန်လိုက်လေးလူး လွန့်မျှောပါလိုက်ကြတယ်….

ဘာ့ကြောင့်ရယ် မသိ၊ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ ခွေးတေလေတစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင် အူလိုက်သံကိုတော့ ကြားမိလိုက်တယ်။

ကြုံရာကျဘမ်းအလုပ်တွေကို မောင်တထမ်းမယ်တရွက်နဲ့ကြိုးစားခဲ့ကြတာအခုဆိုရင် ကျွန်တော် တို့ အိမ်ထောင်သက်ဟာ သုံးနှစ်ကျော်တောင်ခရီးပေါက်ခဲ့ပြီ။ ကလေးယူဖို့ကိစ္စကတော့ သူမက မွေးရာပါ နှလုံးရောဂါရှိတယ်ဆိုပြီး မယူဖြစ်သေး၊ ထိုးဆေးနဲ့တားထားတယ်။ သူမဟာ ဆေးတွေ လည်း မကြာခဏ သောက်သောက်နေရတယ်။ နှလုံးဆေးတွေလို့တော့ ပြောတာပဲ။မကြာ မကြာ ပေါင်ခြံတွေမှာ ရေကြည်ဖုတွေ အကွက်လိုက်အကွက်လိုက် ဖြစ်တတ်တယ် ကျွန်တော်နဲ့ ညားစကတည်းက ခုချိန်ထိ မယ်တော်ဆေးခန်းကို တလတစ်ခေါက်လောက် သွားသွားနေရ တယ်။ သူမ ဆေးခန်းသွားပြီးပြန်လာရင် အိမ်အတွက်ရိက္ခာခြောက်လေးတွေလဲ ပါလာတတ် တယ်။ အရင်ကတော့ သူမအခြေအနေကို မေးနေကျ အခုတော့လည်း ပုံမှန်သွားနေကျမို့ အထူး အထွေ မေးမနေတော့။

ကံကြမ္မာဆိုးဟာ အသိုင်းအ၀ိုင်းနဲ့ လာတတ်တယ်တဲ့ ဘ၀ကပဲ ကြမ်းတမ်း၍လားမသိ နေပူပူ မိုးရွာရွာထဲ တောင်ယာလေးလုပ်လိုက် ပန်းရံလေးလိုက်လိုက်နဲ့ အခုတလော ကျွန်တော် ခဏ ခဏဖျားနေတတ်သည်။ သူမဆေးခန်းသွားရင် ပါရာများယူလာပြီး ကျွန်တော့ကို တိုက်လေ့ရှိ သည်။ ခဏတဖြုတ်လောက် သက်သာသော်လည်း အရှင်းကြီးကောင်းမသွား၊ ချောင်းပင်တ ဟွတ်ဟွတ် ဆိုးလာသည်၊ အားအင်များ ကုန်ခမ်းပြီး ခန္ဓာကိုယ်ကချည့်နဲ့နဲ့ ကျွန်တော့်မှာ လက် မှတ်မရှိ၍ ရဲဖမ်းမည်ဆိုးသောကြောင့် သူမကဆေးခန်းကို ခေါ်မသွားရဲသေးတစ်လအတွင်းမှာ လေးခါလောက် ဖျားနေသည်။ သူမ စိုးတော့ စိုးရိမ်နေပုံရသည်။ မျက်နှာမကောင်း တစုံတခုကို မတင်မကျဖြစ်နေပုံ ပြီးတော့ ဆုံးဖြတ်ချက်တခုကို ပင်ပန်းကြီးစွာ ချလိုက်ကြောင်း သက်ပြင်း ရှည်ကြီးက သိသာလှသည်။

"မနက်ဖြန် မနက်ကျရင် ကို့ကို ကျွန်မ ဆေးခန်းခေါ်သွားမယ်"

ကျွန်တော်တို့ ဆေးခန်းရောက်တော့ နံနက်၈နာရီထိုးခါနီး မောပန်းလွန်းသောကြောင့် ဆေးခန်း ရှေ့အုတ်ခုံပေါ်တွင် ခဏထိုင်နားနေလိုက်သည်။ လက်မှတ်ဌာနတွင် လူတချို့တန်းစီနေကြ သည်ကိုတွေ့ရသည်။ ထိုအချိန်တွင်ပင် ဆေးခန်းတံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသော အမျိုးသ မီးနှစ်ယောက်က သူမကိုတွေ့တော့ ငယ်ပေါင်းကြီးဖော်တွေလိုခေါ် ပြောနှုတ်ဆက်နေကြသည်။ သူမက ထိုအမျိုးသမီးနှစ်ယောက်ကို ကျွန်တော်နှင့် မလှမ်းမကမ်းသို့ ခေါ်သွားပြီး စကားပြော နေကြသည်။

"…….. ပိန်သွားတယ်……. ဝေါဗွီရှင်း ……… ရိက္ခာ…….ARV "
ကျွန်တော် မကြားတချက် ကြားတချက်
မကြာပါ၊အိတ်တလုံးလွယ်ထားသော ဆေးရုံအင်္ကျီအဖြူရောင်နှင့် လူတယောက် သူတို့ဆီ လျှောက်လာနေသည်။ ထိုသူကိုတွေ့တော့ သူမအနည်းငယ် အိနြေ္ဒပျက်သွားသည်ကို သတိ ထားလိုက်မိသည်။ ထိုသူက သူမကို ဖိဟောက်နေပုံရသည်။ ဘာတွေလဲ
ကျွန်တော် ဝေခွဲမရဖြစ်နေချိန်မှာ ဟိုအမျိုးသမီးနှစ်ယောက်က ကျွန်တော့ဆီလျှောက်လာပြီး ပြုံး ပြုံးရွှင်ရွှင်နဲ့ လက်မှတ် လိုက်လုပ်ပေး၊ ဆေးမှူးအခန်းဆီခေါ်သွားပေးနဲ့ ကူညီပေးရှာသည်။
"မောင်လေး.. ဘာမှ အားမငယ်နဲ့တဲ့ "
အမျိုးသမီးနှစ်ယောက်နဲ့ပါလာတဲ့ ကျွန်တော့်ကိုဆေးမှူးက ခြေအဆုံးခေါင်းအဆုံး ကြည့်နေ တယ်။ မျက်လုံးတွေက တမျိုးပဲ။ ပြီးမှ ကျွန်တော့်ကို ဘာဖြစ်လဲလို့မေးတယ်။ ကျွန်တော်က ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်ကာလနဲ့တကွ ပြောပြလိုက်တော့ နားကြပ်နဲ့ ရင်တွေကျော တွေကိုစမ်းသည်။ ပါးစပ်ဟခိုင်းပြီးကြည့်သည်။ ကီလိုချိန်ခိုင်းသည်။ ပြီးတော့ စာရွက်တစ်ရွက် ပေါ်မှာစာရေးပြီး သွေးစစ်ဖို့ပြောသည်။ သွေးမစစ်ခင် အမျိုးသမီးနှစ်ယောက်ကပင် အခန်းလေး တခုစီ လိုက်ပို့ပေးသည်။ အခန်းထဲတော့လိုက်မ၀င်ပါ။ အခန်းထဲတွင် သပ်သပ်ရပ်ရပ်နှင့် လူ ရွယ်တစ်ယောက် ထိုင်နေသည်။ ကျွန်တော့်ကို နှစ်လိုဖွယ်အပြုံးနဲ့နေရာပေးရင်း သူ့ကိုယ်သူမိတ် ဆက်ပြီး သူ့ကိုယုံကြည်စွာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ပြောသည်။ သူမေးတာတွေကတော့ ကျွန်တော့အလုပ်အကိုင်၊ပြီးတော့ အိမ်ထောင်ရှိလား၊ အပျော်အပါးလိုက်စားဖူးလား၊ သွေးသွင်း ဖူးလား? ကျွန်တော်လည်း အမှန်အတိုင်းပဲ ဖြေကြားခဲ့သည်။ ဘုန်းကြီးလူထွက်၊ သွေးမသွင်းဖူး ဘူး၊ အပျော်အပါးကင်းစင်၊ အိမ်ထောင်ရှိ။
သူက ဆက်ပြောသည်။
"ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ပေါ့" တဲ့
ရှိတာပေါ့ ကျွန်တော်က သူမတယောက်တည်း
ကျွန်တော်ခေါင်းငြိတ်လိုက်သည်။
"ဟုတ်ကဲ့"
" အခုစစ်မှာက HIV စစ်မှာ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို သိထားဖူးသလဲ ဥပမာ HIV ပိုးဟာ ဘယ်လိုကူးသလဲ"
H….I…..V
ရင်တွေ တထိတ်ထိတ် ခုန်လာသည်။
" လိင်ဆက်ဆံတာတို့ သွေးသွင်းတာတို့က ကူးတယ်လို့ ကြားဖူးပါတယ်ဆရာ"
သူက ပြုံးရင်း " ခင်ဗျား ကွန်ဒုံးသုံးလား"
"မသုံးဘူး ဆရာ…"
"ဒါဆိုရင် ခင်ဗျားအိမ်ထောင်ဖက်အပေါ် ဘယ်လိုသဘောရလဲ ယုံကြည်မှုရှိလား"
"ဗျာ….."
အခုမှ ကျွန်တော်သတိရလိုက်မိသည်။ အရင်က ကျွန်တော် ဒါတွေဘာလို့မေ့နေခဲ့တာလဲ ၀တ်ရည်….. နှုတ်ခမ်းနီ အမြဲဆိုးတဲ့ သူမ…….
သောက်ဆေးများ………
မွဲခြောက်ခြောက် အသားအရေ……..
ပေါင်ခြံတ၀ိုက်မှ ရည်ကြည်ဖု အကွက်များ….
"ကဲပါလေ သွေးစစ်ပြီးလို့ အဖြေထွက်တော့ ရှင်းသွားမှာပါ။ အဲဒီအချိန်ကျရင် ပြန်ဆွေးနွေးကြ တာပေါ့။ စိတ်ကို အေးအေးထားပါ"
အခန်းအပြင်ရောက်တော့ သူမနှင့်ဟိုအမျိုးသမီးနှစ်ယောက် စောင့်နေသည်။ သူမမျက်နှာမ ကောင်း ကျွန်တော်လည်း ဆွံ့အနေသည်။ ပြောစရာစကားမရှိ။ သွေးဖောက်သည့် ဌာနသို့သွား ၍ သွေးဖောက်ပြီး ဆရာမက မနက်ဖြန် ပြန်ချိန်းသည်။ ကျွန်တော် အိမ်မပြန်ချင်တော့ အဖြေကို သိချင်လွန်း၍ပဲလား…ခရီးဝေးလို့လား…ကျွန်တော်မဝေခွဲတတ်…
သူမကတော့ အိမ်ကို စိတ်မချဟုဆိုကာ ပိုက်ဆံတစ်ရာ လက်ထဲထည့်ပေးပြီး ပြန်သွားသည်။ အမျိုးသမီးနှစ်ယောက် စီစဉ်ပေးသော အဆောင်ထဲတွင် တညလုံးလမ်းလျှောက် လိုက်ထိုင် လိုက်လှဲလိုက်နှင့် အိပ်မရခဲ့။

အတွေးများက အတိတ်ဆီ …
ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနှင့် ကိုရင်ဘ၀ပုံရိပ်များ၊ ကျေးဇူးရှင် ဆရာတော်ဘုရားရဲ့ သြ၀ါဒ၊ ပုတီးစိပ်နှင့် အမေအို…
မျက်ရည်များ ဝေ့သီလာသည်။
မနက်ဖြန်… မနက်ဖြန်ဆိုရင်…

စစ်မုန်းသွေး (SAW)
(ဤ၀တ္ထုတိုသည် ဖြစ်ရပ်မှန်ကို အခြေခံ၍ လူနာမည်များပြောင်းကာ ခံစားရေးဖွဲ့ထားပါသည်)

8 comments:

Anonymous said...

ဖတ်ရတာ တော်တော်စိတ်မကောင်းဘူး၊ ၇င်နင့်စရာအဖြစ်ဘဲဗျာ၊ ကာမယမက်တဲ့ လောကမှာ မီးထက်ဆိုးပါလားနော်

မဆုမွန် said...

....................... .................................................................................................................

ဟန်လင်းထွန်း said...

ခံစားသွားပါတယ်။ ကိုစစ်မုန်းအီးမေးလေးများရှိရင် မျှပေးပါလား။

Unknown said...

စိတ်မကောင်းစရာပဲ၊ အချစ်ကအသက်ကိုနှုတ်ယူသွားတာလား၊ အသိက အသက်ကှိုတ်ယူသွားတာလားဆိုတဲ့ အသိတစ်ခုရသွားတယ်၊ ကြိုတင်ကာကွယ်မှုဖြင့် သက်ရှည်ချမ်းသာနေနိုင်ပါစေ-ဆုတောင်းတယ်၊

chimmon said...

အဲ့တာ သိသိရက်နဲ အပါခေါ်တယ်လို့ မြင်တယ်..ဆေးမူးနဲ အရင်ကတည်းက ရင်းနှီးနေတယ် နောက်ပြီး အိမ်ထောင်ဦးကတည်းက ဆေးခန်းကို အမြဲပြနေရတယ် ဆိုတဲ့ အချက်တွေကို ဖတ်
ကိုယ့်ကိုယ်ကိုယ်သိသိနဲ ဘုရားသားတော်တစ်ပါးကို ယုတ်ညံ့တဲ့ အတွေးနဲ့ ယုတ်မာတဲ့ အမူပြုတယ်လို့ မြင်တယ် တော်တော်ကို ယုတ်မာတဲ့ မိန်းမတစ်ယောက်လို မြင်တယ် စာကို ဖတ်ပြီးပြီးချင်း အော်ဂလီဆန်လိုက်တာ ရောဂါပိုးရှိသူကို လက်တွဲကူရမယ်ဆိုတာ သိပေမယ့် အဲ့အမျိုးသမီးရဲ သံဃာတစ်ပါးကို ရုပ်လဲ မမြင်ဘူးပဲနဲ အသံနဲမြူဆွယ် ဖျားယောင်း တဲ့အမူ ယုတ်မာပက်စက် ဇကောလောက်မှ ဇောက်မနက်တဲ့ ငရဲလားမယ့် အပြုအမူတွေအတွက် ယုံနိုင်စရာမရှိအောင်ကို အံ့အားသင့်မိတယ် တော်တော်လေးကို ယုတ်မာတဲ့ အမူဖြစ်တယ် အဲ့လို အချို ရောဂါပိုးရှိသူတွေဟာ ကိုယ့်တစ်ယောက်တည်းတင်မဟုတ်ပဲ ရသမျ အပါခေါ်သွားမယ်ဆိုတဲ့ ယုတ်ညံ့တဲ့ အတွေးမျိုးနဲ့ ရမ်းကားယုတ်မာသွားတာမျိဲုးတွေ ဖတ်ဖူးတယ် မြန်မာလူမျိုးဖြစ်ပြီး သံဃာတစ်ပါးကို အခုလို လုပ်တာမျိုးတော့ ဒါ ပထမဆုံးသိတာပဲ

ယောနသံစင်ရော် said...

သိရဲ့သားနဲ့ လုပ်တာဆိုရင်တော့ အပေါ်က Chim ပြောတဲ့ အတိုင်းပဲ အတော့်ကိုယုတ်ညံ့တဲ့ အတွေးအခေါ်ပါပဲ......။

HAPPY CLOUD said...

စိတ်မကောင်းဖြစ်ရတယ်ဗျာ....တကယ်ပါပဲ...
ဖိုးမောင်(happycloud)

တရုတ်ကြီး said...

ဘုရားသားတော် သံဃာကိုတောင် မရှောင် ယုတ်မာလိုက်တဲ့ မိန်းမပါလား။
သူ့ရောဂါကို ကရုဏာသက်ပေမယ့် သံဃာတော်တစ်ပါးကို လူထွက်အောင် သွေးဆောင်ဖျားယောင်းလိုက်တာ ခွင့်မလွှတ်နိုင်စရာပဲ။ သာသနာ့ဘောင်မှာ ပျော်နေတဲ့ သံဃာကိုတောင် မရှောင်ဘူး။