Sunday 9 November 2008

မွတ်ဆဖားရဲ့ခဲတံကျိုးရခြင်း



တွေ့ခဲ့၊ ကြုံခဲ့၊ ဆုံခဲ့ရတဲ့လူအတော်များများက ချီးမွမ်းတာအကောင်းပြောတာ၊ကြင်နာယုယတာ၊ ဂရုစိုက် ခံချင်တာ အဲဒါတွေအပေါ်မှာ သာယာတတ်ကြတာချည်းပါပဲ။လူတွေတင်ဘယ်ဟုတ်မလဲ အိမ်မှာမွေး ထားတဲ့ ခွေးလေး၊ကြောင်လေးတွေတောင် လက်နဲ့ဖြစ်ဖြစ်ခြေနဲ့ဖြစ်ဖြစ် ပွတ်သပ်ပေးတာကို မျက်လုံး လေးမှေးစင်းပြီး ဇိမ်ခံတတ်ကြ၊ ကြည်နူးတတ်ကြတယ်မဟုတ်လား။ အဲဒီလိုလုပ်ပေးတတ်တဲ့ သူ၊သူတို့ အတွက်အစာပုံမှန်ကြွေးတတ် တဲ့သူတွေဆိုရင် ခွေးလေး၊ကြောင်လေး တွေကခင်တတ်ကြတယ် အဲဒီလူ ကိုမြင်တာနဲ့ အနားကိုကပ်ပြီး ပွတ်သီးပွတ်သပ်လုပ်တော့တာပဲလေ။ ဒါကတော့ တဦးမေတ္တာတဦးမှာ ပေါ့နော့။ အဲဒီလိုပဲ“အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်တာ”တို့ “ဆန်ရင်းနာနာဖွပ်”တို့ “မြေအိုး တလုံး ကောင်းကောင်းရဖို့အတွက်နာနာရိုက်ပေးရတယ်”တို့ စကားပုံလိုလို ငေါ့ပြီးပြောတဲ့ စကားလိုလိုနဲ့ စကားတွေလည်းရှိနေပြန်ရော။

ဒီစကားတွေနဲ့ပျိုးနေတယ်ဆိုတော့ရေရေလည်လည်တီးတော့မယ်လို့မထင်လိုက်နဲ့အုံး။

ကျမ စာပြနေတဲ့သူငယ်တန်းမှာ မွတ်ဆလင်ကလေး တော်တော်များများရှိတယ်။ သူတို့နာမည်တွေက ခေါ်ရကလဲ မလွယ်တော့ နာမည်နဲ့လူနဲ့တွဲမှတ်ဖို့က သိပ်မလွယ်ဘူး။ သူတို့ထဲက မှတ်မှတ်သားသားဖြစ် စေတဲ့ ကလေးမလေး တယောက်ရဲ့နာမည်ကိုတော့ ခုထိမှတ်မှတ်ထင်ထင် ဖြစ်နေတုန်း သူ့နာမည် က“မွတ်ဆဖား”တဲ့။ တရက်တရက် အတန်းထဲမှာ စာသင်းရင်းနဲ့ သူတို့လေးတွေရဲ့ အခက်အခဲတွေကို လည်းဖြေရှင်းပေးရ၊လိမ္မာရေးခြားရှိအောင်လည်းသွန်သင်ပေးရနဲ့ပေါ့။

ခဲတံကျိုးလို့၊ ပေတံကျိုးလို့၊ မုန့်လုစားလို့၊ အိမ်သာမသွားရဲလို့၊ အနိုင်ကျင့်လို့ ဒါတွေကို ချော့တဲ့နည်းသုံး တဲ့အခါသုံး ခြောက်တဲ့နည်းသုံးသင့်ရင်သုံး ဖြေရှင်းခဲ့ရတယ်။မွတ်ဆဖားရဲ့ အခက်အခဲကလည်း ခဲတံ ကျိုးတဲ့ကိစ္စပါပဲ။ သူခဲတံကျိုးတာက ချွန်ထားတဲ့ခဲတံထိပ်ဖျားကျိုးတာမဟုတ်ဘူး။ ခဲတံကအသစ်ကြီးရှိ သေးတယ် အလယ်တည့်တည့်က ထက်ပိုင်းကျိုးတာ။ သူ့ခဲတံ အဲဒီလိုဖြစ်သွားရင် ဆရာမ သမီးခဲတံ ကျိုးသွားပြီလို့တော့မျက်နှာငယ်လေးနဲ့ပြောရှာတယ်။

အစကတော့ အခန့်မသင့်လို့ဖြစ်တာပဲဆိုပြီး ခဲတံအသစ်တချောင်းထုတ်ပေးလိုက်တယ်။ တအောင့် လောက်ကြာတော့ ဆရာမ ခဲတံကျိုးတယ်ဆိုပြီ ထပ်လာပြန်ရော။ ကျိုးသွားတဲ့ ခဲတံကိုစစ်ကြည့်လိုက် တော့ သွားတွေနဲ့ကိုက်ထားတဲ့ အရာတွေကိုတွေ့တော့ ဒါတမင်လုပ်ချိုးတာပဲ နောက်မလုပ်ဖို့ နည်းနည်း ဟောက်လိုက်တယ်။ ပြီးတော့ ခဲတံအသစ်တချောင်း ထပ်ပေးလိုက်တယ်။ အဲဒါလည်းထပ်ပြီးချိုးလိုက် ပြန်တယ်။တနေ့လုံး မွတ်ဆဖား နဲ့ခဲတံကျိုးတဲ့ကိစ္စ ပတ်ချာကိုလည်နေရောပဲ။ ကျိုးတဲ့ခဲတံတွေကလည်း ချိုးနည်းပုံသဏ္ဍာန်မျိုးစုံ သွားနဲ့ကိုက်တယ်၊ ခုံစောင်း နဲ့ရိုက်ချိုးတယ်၊ ခြေထောက်နဲ့နင်းချိုးတယ်၊ သံပေ တံစောင်းနဲ့ခုတ်ချိုးတယ်… အို…စုံလို့…စုံလို့။ မွတ်ဆဖားကတော့ ခဲတံကိုဘာကြောင့်ချိုးပစ်တယ်ဆို တာဘယ်လိုနည်းနဲ့မှမေးလို့မရ၊ချော့မေးလည်းမရ၊ခြောက်လည်းမရ၊ရိုက်မယ်ပြောလည်းမရ။

ကျောင်းပိတ်တဲ့တရက်တော့ မွတ်ဆဖားရဲ့မိဘတွေနဲ့တွေ့ပြီး ကလေးအခြေအနေကို ပြောပြရတယ်။ မွတ်ဆဖား အမေကတော့ သူ့သမီးဘာဖြစ်လို့အဲဒီလိုလုပ်လဲဆိုတာ မေးပေးပါ့မယ်ပေါ့ နောင်အဲဒီလို မလုပ်အောင်လဲ ဆုံးမပေးပါ့မယ် ဆရာမရယ်ပေါ့ အရမ်းလည်းအားနာနေပုံရတယ်။ ကျမကလည်း ခဲတံ တွေကို ချိုးချိုးပစ်ရလောက်အောင် ကလေးရဲ့စိတ်ခံစားချက် ကလေးရဲ့ပတ်ဝန်းကျင်တနေရာရာက ဘယ်လိုအဆင်မပြေမှုမျိုးဖြစ်နေတာ လဲဆိုတာကိုသာ သိချင်တာပါ ကလေးကိုမေးရင်မရိုက်မိ ဖို့ပြော ပြီးပြန်ခဲ့တယ်။

မွတ်ဆဖားတို့အိမ်နဲ့ ကျောင်းနဲ့ကသိပ်မဝေးပါဘူး။ကျောင်းကနေလှမ်းမြင်နေရတဲ့ ကုက္ကိုပင်စုနေရာပါ။ အဲဒီနေရာမှာ မြန်မာပြည်ကအလုပ်လာလုပ်တဲ့သူတွေ တရားမ၀င်နေထိုင်တဲ့ နေရာတနေရာပါ။ မွတ်ဆ လင်ဘာသာဝင် တွေအများစုနေကြတယ်။ဒီနေရာမှာ ကုက္ကိုပင်တွေစုပေါက်နေတာနဲ့ ကုက္ကိုစုလို့နာမည် ပေးထားပုံရတယ်။

ကျောင်းဖွင့်တဲ့ တနင်္လာနေ့မှာ မွတ်ဆဖားကို သူ့အမေကိုယ်တိုင်ကျောင်းလိုက်ပို့တယ်။ ကလေး ကိုအ တန်းထဲလိုက်ပို့ပြီး ကျမနဲ့လာတွေ့ပါတယ်။ သူပြောပြတာက….“ဆရာမရေ…ညက မွတ်ဆဖားကိုမေး ကြည့်တယ် ဘာဖြစ်လို့အတန်းထဲမှာ ခဲတံတွေချိုးချိုးပစ် တာလဲဆိုတော့ ဆရာမကသူ့ကိုဂရုစိုက် အောင်တဲ့…
သမီးက ခဲတံတွေချိုးပစ်တော့ ဆရာမ ဆူမှာရိုက်မှာပေါ့… ပြောတော့ သူဘာပြန်ပြောသလဲ သိလား ဆရာမ… သူကလေ ဆရာမ ဆူတာ၊ရိုက်တာလဲ သူ့ကိုဂရုစိုက်တာပဲတဲ့ သမီးခဲတံတွေ ချိုးပစ်တော့ ဆရာမက သမီးအနားကိုလာတယ်လေ သမီးကိုစကားပြောတယ်လေ သမီးကဆရာမအနားမှာ ရှိတာ ကိုကြိုက်တာအမေရဲ့”တဲ့…။

မွတ်ဆဖားအမေရဲ့စကားကြားလိုက်ရတော့ ကျမအသိဥာဏ်ထဲမှာ သိသလိုလိုနဲ့ တရားမဖြစ် သေးတဲ့ အသိတ ရားတခုဖြစ်တည်သွားတယ်။ သြော် သူငယ်တန်းအရွယ်ဆိုတာ မိဘတွေရဲ့ ရင်ခွင်အရိပ် အောက်ထဲက ကျောင်းတက်ချိန်မှာ ခဏခွဲခွာပြီး ဆရာ၊ဆရာမတွေရဲ့အရိပ်အောက်မှာ တနေ့လုံးခိုလှုံ ရတယ် အဲဒီအတွေ့အကြုံဟာ သူငယ်တန်းကလေးတွေ တွေ့ကြုံရတဲ့ ပထမဆုံးအတွေ့အကြုံပါလား။ ကျောင်းမှာနေရတဲ့အချိန် လစ်ဟာနေတဲ့ မိဘလိုနွေးထွေးကြင် နာမှုကို သူတို့လေးတွေ နည်းမျိုးစုံနဲ့လို ချင်ကြမှာပဲလေ။

နောက်တရက်ကျောင်းမှာ မွတ်ဆဖားက သနပ်ခါးတွေဖွေးလို့၊ပန်းလေးတပွင့်ကိုလည်း လက်ကကိုင် လာပြီး ကျမ ဆီလျှောက်လာနေတယ်။ အနားရောက်တော့ ဆရာမအတွက်ဆိုပြီး ပန်းကို ပေးတယ်…
“ကျေးဇူးပဲသမီးရယ် ပန်းပွင့်လေးက မွှေးနေတာပဲနော်” ဆိုပြီးခေါင်းမှာချက်ချင်းပန်လိုက်တယ်။ သူက ကျမကိုပြုံးပြပြီးကစားကွင်းထဲဆော့နေတဲ့ကလေးအဖေါ်တွေဆီကိုပြေးထွက်သွားတယ်။

(S.A.W)

2 comments:

Anonymous said...

အော် မွတ်ဆဖားလေး ခဲတံချိုးတဲအဖြစ်လေးကို ကျွန်တော် သဘောကျမိပြီး ဂရုဏာ စိတ်လေးနဲ့ ပြုံးမိပါတယ်။ ကလေးလေးတွက သူတို့အသိဥာဏ်လေးတွေနဲ့ ဂရိုက်စိုက်မှုကို ရှာဖွေတတ်တယ်နော်။ သိပ်ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးပဲ၊ ကြည့်နှုးမိပါတယ်ဗျာ။ ကျွန်တော်လည်း ကလေးတွေရဲ့ ဖြူစင်တဲ့ အတွေးနဲ့အမူအယာလေးတွေကို ချစ်ပါတယ်။ အခု မွတ်ဆဖားလေးရဲ့ အပြုအမူလေးတွေလိုပေါ့ဗျာ။

SAW အတွက် ဂုဏ်ယူလေးစားလျှက်

ယောနသံစင်ရော် said...

ဖတ်ပြီးတော့ မွတ်ဆဖားလေးကို သနားမိလို့ မျက်ရည်တောင်လည်မိပါတယ်။