Tuesday 28 October 2008

ထမင်းပေါင်းအိုးတလုံးလိုချင်လို့










ကျမ က ပထမတန်းနဲ့ ဒုတိယတန်းမှာ သင်္ချာသင်ပေးတဲ့ဆရာမလေ။ ကျမ စာသင်ပေးနေတဲ့ကျောင်းက SAW ဖွဲ့ကတာဝန်ယူတည်ထောင်ထားတဲ့ကျောင်းပါ။ ကျာင်းမှာကျောင်းတက်နေတဲ့ကလေးတွေက SAW မိဘမဲ့ဂေဟာကကလေးတွေ၊ ဘော်ဒါဆောင်လာနေတဲ့ကလေးတွေ၊ အနီးပတ်ဝန်းကျင်မှာနေတဲ့ မြန်မာ ပြည်ကအလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေရဲ့ကလေးတွေပေါ့။ လူမျိုးစုံစရိုက်စုံ အခြေအနေပေါင်းစုံ ကိုတွေ့ရတယ်။

ကျမ သင်္ချာသင်တဲ့ ဒုတိယတန်းက အမိတာဆိုတဲ့ ကလေးမလေးတယောက်ရှိတယ်။ သူ့မှာကမောင်နှမ ၅ယောက်။ သူအထက်က အကိုကြီးနှစ်ယောက်ရယ်။ သူ့ထက်ငယ်တဲ့ ညီမလေးတယောက် မောင်လေး တယောက်ရယ်ပေါ့။ သူ့မိသားစုအားလုံးပေါင်းက ၇ယောက်ရှိတယ်။ မနက်မိုးလင်းတာနဲ့ အဖေနဲ့အမေ ကချက်ပြုတ်စားသောက်ပြီးအလုပ်ရှိရာကိုခပ်စောစောသွားရတဲ့ပုံပဲ။

ကျမ ကျောင်းကိုစောရောက်ရင် သူတို့မောင်နှမတတွေ သနပ်ခါးအဖွေးသားနဲ့ကျောင်း ကိုလာတာတွေ့ နေကြ။ အမိတာကတော့ မောင်လေးနဲ့ညီမလေးတွေရဲ့လက်ကိုဆွဲလို့ပေါ့။အကြီးနှစ်ယောက်က ငါးတန်း နဲ့ခြောက်တန်းမှာတက်တယ်။သူကကျောင်းနေလိုက်ထွက်လိုက် ကလေးအငယ်တွေထိန်းလိုက်နဲ့ဖြစ်နေ တာ၊ဒီနှစ်မှကျောင်း ပြန်တက်ရတယ်တဲ့ အသက်က ၁၀နှစ်ရှိနေပြီ။ အငယ်လေးနှစ်ယောက်က တတန်း နဲ့သူငယ်တန်းမှာ။

နေ့လည်ကျောင်းဆင်းချိန်ဆိုရင် သူတို့မောင်နှစ်မတတွေ အစာပြေစားဖို့ပါလာတဲ့ ထမင်းချိုင့်ကိုဖွင့်ပြီး ဝေမျှစားကြတယ်။ အငယ်နှစ်ယောက်ကို အမိတာကခွံ့ကြွေးလို့ပေါ့။သူတို့မောင်နှမ ကျောင်းမှာနေ့လည် စာစားတိုင်း အမိတာ ထမင်းသိပ်စားတာမတွေ့ရဘူး။ တလုတ်နှစ်လုတ်လောက်ပဲ သူ့ပါးစပ်ထဲထဲ့တာ တွေ့ရတယ်။အငယ်လေးနှစ်ယောက်ကိုပဲဦးစာပေးပြီးခွံ့တာတွေ့တွေ့နေရတယ်။

သူက တတန်းလုံးမှာ သင်္ချာ အတော်ဆုံးလေ။ ဒီနှစ်စာမေးပွဲဖြေပြီးတော့ သူ့သင်္ချာအမှတ်က တတန်း လုံးမှာ အများဆုံးဖြစ်တယ်။ကျမသင်ပေးတဲ့ သင်္ချာမှာအမှတ်အများဆုံးရတဲ့ကလေးကို ကျမ သတ်သတ် ဆုပေးမယ်လို့ ကတိပေးထားတယ်မဟုတ်လား။ ကျမ ကလည်းပစ္စည်းတခုခုဝယ်ပြီး ဆုအဖြစ်ပေးမယ် စဉ်းစားထားပေမဲ့ ကလေးအတွက်ဘာဝယ်ပေးရမှန်းမသိဘူးဖြစ်နေတယ်။ကိုယ်ဝယ်ပေးလိုက်တဲ့ ပစ္စည်း ကသူနဲ့မကိုက်တာမလိုချင်တာမလိုအပ်တာမကြိုက်တာဖြစ်မှာလည်းစိုးရိမ်တယ်လေ။

အဲဒါနဲ့ အမိတာ ကိုပဲခေါ်မေးလိုက်တယ်။သူလိုချင်တာနဲ့ ကိုယ်တတ်နိုင်တာနဲ့ ညှိလိုက်တဲ့သဘော ပေါ့နော်။
“သမီးကအတန်းထဲမှာ သင်္ချာအမှတ်အများဆုံးရတဲ့အတွက်သမီးကိုဆရာဆုချမယ်။အဲဒါသမီးဘာလိုချင် လဲ”မေးလိုက်တော့...

သူက...
“ဆရာမသမီးထမင်းပေါင်းအိုးတလုံးလိုချင်တယ်ဆရာမ”ဆိုသတဲ့

ကျမ စိတ်ထဲထင်ထားတာနဲ့ကြားလိုက်ရတာ လွဲချက်ကဝေးလွန်းနေတယ်။ ထင်ထားတာက မိန်းခလေး ဆိုတော့ နှုတ်ခမ်းနီလား အ၀တ်အစားလား အလှအပစ္စည်းတခုခုလားပေါ့ ခုတော့ ထမင်းပေါင်းအိုးတဲ့ လေ။

“ထမင်းပေါင်းအိုးကိုသမီးကဘာလုပ်ဖို့လဲ”
ကျမကမေးလိုက်တော့...

“သမီးတို့အိမ်က ထမင်းပေါင်းအိုးသေးတော့ သမီးနေ့တိုင်းထမင်းမ၀ဘူး ဆရာမ...အဲဒါ အိမ်ကအိုးထက် ကြီးတဲ့ထမင်းပေါင်းအိုးတလုံးလောက်လိုချင်တာပါဆရာမ...”တဲ့။

(မော်မော်သန်း)

2 comments:

Dream said...

ထူးချွန်ထက်မြတ်တဲ့ကလေးကို ထမင်းပေါင်းအိုးအပြင်
သူ့ဘ၀လေးကိုပါ ပျိုးထောင်ပေးသင့်တယ်..
ဂုဏ်ယူပါတယ်ဆရာမ.. သာဓုလည်းခေါ်ပါတယ်..
:)

Anonymous said...

ကလေးတစ်ယောက်ရဲ့ စိတ်ကူးလေးက သိပ်ကို ဖြူစင်လှပပြီး အံမခန်းဖွယ် ရှိလှပါပေတယ်ဗျာ၊ Dream ပြောသလို ပြုစုပျိုးထောင်ပေးသင့်တယ်လို့ ကျွန်တော်လည်း ယူဆမိပါတယ်။ လေးစားဂုဏ်ယူလျှက်ပါ ... ။