Tuesday 3 December 2013

“အမောတွေပြေစေခဲ့သော နေရာလေးတခု” (သားပျောက်ရှာ မိခင်တဦးရဲ့ ခံစားချက်)

ထိုင်း မြန်မာနယ်စပ်မြို့ ၂ ခု ဖြစ်တဲ့ မြဝတီမြို့နဲ့ မဲဆောက်မြို့ဟာ မြန်မာပြည်နယ်စပ်မှာ လူကုန်ကူးမှုအများဆုံးဖြစ်တဲ့ နေရာတွေထဲက နယ်စပ်ဝင်ပေါက် ထွက်ပေါက်တခု ဖြစ်ပါတယ်။ မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာဆိုရင်လဲ မြန်မာပြည်သားတွေ အများစုနေထိုင် နေကြပြီး၊ အဲဒီသူတွေထဲမှာ တရားမဝင် ဝင်ရောက်နေထိုင်နေကြတဲ့ သူက ပိုမိုများပြားပါတယ်။ အခုလို ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအခြေချမှုတွေ များပြားခဲ့ရတာကတော့ မြန်မာပြည်ရဲ့ စားဝတ်နေရေးကျပ်တည်းတာတွေ၊ ဒေသတွင်းက ပြည်တွင်းစစ်ဘေးကြောင့် ထွက်ပြေးလာသူတွေ စတဲ့ ဘေးဒုက္ခမျိုးမျိုးကြောင့် ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကြားမှာ စာဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ တရားမဝင်နေထိုင်မှု စတဲ့ အခက်အခဲ အကျပ်အတည်းများစွာကို ရင်ဆိုင်ကြရပြီး၊ အဲဒီ အခက်အခဲတွေရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ပြည့်တန်ဆာကိစ္စ၊ မူးယစ်ဆေးဝါးပြဿနာ၊ ကူးစက်ရောဂါ၊ လူကုန်ကူးမှု၊ ကလေးကူးသန်းရောင်းဝယ်မှု၊ သန္ဓေသားဖျက်ချမှုနဲ့ သွေးရင်းသားရင်းကိုပင် စွန့်ပစ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာခဲ့ရတယ်။

မဲဆောက်မြို့မှာ ဒေါက်တာစင်သီယာမောင် တည်ထောင်ထားတဲ့ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း)၊ ထိုင်းအစိုးရရဲ့ အထွေထွေဆေးရုံကြီး စတဲ့ ဆေးရုံတွေက သားဖွားဆောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ မိဘမဲ့ဖြစ်သွားရတဲ့ ကလေးတွေ မကြာခဏဆိုသလို ရှိနေတတ်ပြီး၊ အဲဒီ ကလေးလေးတွေဟာ
မြန်မာအများစု ဖြစ်ပါတယ်။ အဲဒီလို ဖြစ်စဉ်မျိုးရှိခဲ့ရင် လက်ခံထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေက မိဘမဲ့ဂေဟာရှိတဲ့ SAW အဖွဲ့ကို လာရောက်ဆက်သွယ် အပ်နှံတာမျိုး လုပ်ကြပါတယ်။ SAW အဖွဲ့က လက်ခံစောင့်ရှောက်ထားတဲ့ ကလေးတွေထဲမှာ မိဘ စွန့်ပစ်သွားတာ၊ ဆုံးသွားတာ မျိုးရှိသလို၊ မိဘမှာ ကူးစက်ရောဂါရှိလို့ လာအပ်ထားတာမျိုးတွေရှိတဲ့ အပြင်၊ မြန်မာပြည်ထဲက အကြောင်းတခုခုနဲ့ မိဘမဲ့ ဖြစ်ပြီး လာရောက်အပ်နှံသွားတာမျိုးတွေလဲ ရှိပါတယ်။ ဂေဟာကို ရောက်လာတဲ့ ကလေးအားလုံးကို စာချုပ်စာတမ်းနဲ့ သဘောတူလက်မှတ် ရေးထိုးပြီးမှ လက်ခံပေးပါတယ်။

အဲဒီလို အကြောင်းကြောင်းကြောင့် ဂေဟာကိုရောက်လာတဲ့ ကလေးတွေထဲက တယောက်ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဂေဟာမှာ လာရောက်အပ်နှံထားခံရတဲ့ မောင်ရာဇာ ဟာ အကြောင်းတခုခုကြောင့် ကွဲကွာပျောက်ဆုံးနေတဲ့ သူ့ရဲ့မိခင်အရင်းနဲ့ အခုချိန်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြတယ်။ မိခင်တယောက်အနေနဲ့ သားသမီးတွေနဲ့ ကွဲကွာခဲ့ရတာတွေ၊ စားဖို့သောက်ဖို့ ရုန်းကန်ရင်တဖက်နဲ့ အချိန်ပြည့်နားစွင့် ရှာဖွေစုံစမ်းခဲ့ရတာတွေနဲ့ အခုလို့ ပြန်ဆုံတွေ့ခဲ့ရပုံတွေကို “အမောတွေပြေစေခဲ့သော နေရာလေးတခု” လို့ နာမည်ပေးထားပြီး ဆရာမ မိုနာလီဇာက တွေ့ဆုံမေးမြန်းခန်းလေးတခု လုပ်ဖြစ်ခဲ့ပါတယ်။

(မေး) အစ်မ အနေနဲ့ အမောတွေပြေတယ်လို့ ပြောနိုင်တဲ့အရာက ဘာတွေဖြစ်မလဲ?

(ဖြေ) သောက အပူမီးတွေထဲမှာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိတဲ့ သားသမီးတွေကို လိုက်ရှာရင်း ပူနေရတဲ့သားပျောက် မိခင်တွေရဲ့ အပူမီးကို လူသားတိုင်းမှန်းဆနိုင်လိမ့်မည် ထင်ပါတယ်ညီမ။ ဒီနေ့ ဒီနေရာလေးဟာ ကျမဘဝရဲ့ သောကအပူမီးတွေကို ဖြေဖျောက်ပေးခဲ့တဲ့ နေရာလေးပေါ့။ ဒီနေရာလေး Social Action for Women (SAW) လို့ခေါ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို အဓိကထားကူညီပေးနေတဲ့ အဖွဲ့အစည်းအောက်မှာရှိတဲ့ မိဘမဲ့ကလေးဂေဟာ (Safe House) မှာ သားပျောက်ရှာ မိခင်တယောက်ရဲ့ သောက အပူမီးတွေကို ပြေပျောက်စေခဲ့တာပေါ့။

(မေး) အစ်မ မိသားစုတွေဘာကြောင့် တကွဲတပြား ဖြစ်သွားရတာလဲ?

(ဖြေ) ကျမမှာ သားသမီးခြောက်ယောက် ရှိပါတယ်။ မိဘတို့ရဲ့ ဝတ္တရားတွေ ကျေပွန်ဖို့ အလုပ်မျိုးစုံလုပ်ပြီး သားသမီးတွေကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။ မမျှော်လင့်ဘဲ အလုပ်လုပ်ရင်း ကျမထောင်ကျခဲ့ပါတယ်။ ကလေးတွေက သူတို့အဖေနဲ့ကျန်ခဲ့တော့ ကျွန်မနည်းနည်းတော့ စိတ်အေးရတာပေါ့။ ထောင်ကျပြီး နောက်တနှစ်မှာပဲ ကလေးတွေရဲ့ ဖခင်ဆုံးသွားကြောင်း သတင်းကို ထောင်ဝင်စာလာတွေ့သူများထံမှ ကျမ သိခဲ့ရတယ်။ ဒီသတင်းဆိုးကြီး ကြားကြားချင်း ကျမ အမျိုးသားအတွက် ပူဆွေးနေဖို့ အချိန်မပေးနိုင်ခဲ့ပါဘူး။ ကျမသား၊ သမီးတွေ ဘယ်သူနဲ့နေလို့ ဘယ်လိုထိုင် ဘယ်လိုစားသောက်နေကြနေလဲ ကျန်းမာရေးမှကောင်းရဲ့လားဆိုတဲ့ အချက်ပေးခေါင်းလောင်းက ကျမရဲ့ ဦးနှေက်ဆီသို့ ချက်ချင်းဦးတည် ဝင်ရောက်လာခဲ့တယ်လေ။ ထောင်ဝင်စာလာတွေ့သူတွေထံမှာ စုံစမ်းမေးမြန်းကြည့်တော့လည်း ဘာမှရေရာတာ မရှိဘူး နောက်ဆုံး ကျမ ရလိုက်တဲ့သတင်းကတော့ ကျမ ကလေးတချို့ကို မြဝတီမှာ သွားလာနေတာတွေ့တယ်လို့ ပြောသူကပြော တချို့ကိုတော့ မိဘမဲ့ကျောင်းမှာတွေ့တယ်လို့ ပြောသူကပြောနဲ့ ဘာမှ ရေရာသေချာတာ မရှိခဲ့ပါဘူး။ ကျမ စိတ်အေးစွာနဲ့ မျက်လုံးမှိတ်ခဲ့ရတဲ့ ည တညမှ မရှိခဲ့ရပါဘူး။

(မေး) အစ်မ ဘယ်တုန်းက ထောင်ကထွက်လာတာလဲ?

(ဖြေ) ကျမ ထောင်ကထွက်လာ တာ တပတ်လောက်ပဲ ရှိသေးတယ် အင်းစိန်ထောင်မှာ ထောင်ကျနေတာပါ။ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ ပြန်လွတ်လာတဲ့အချိန်မှာ ကျမလက်ထဲမှာ ပိုက်ဆံလည်းတပြားမှ မရှိပါဘူး။ ဒါပေမဲ့ ကျမရဲ့သား/သမီးတွေကို ရှာလို့ရပြီဆိုတဲ့စိတ်က ဘယ်အခက်အခဲကိုမဆို ကျော်လွှားဖို့ တွန်းအားတွေ ပေးနေခဲ့တယ်လေ။ ပထမဦးဆုံးကျမရဲ့သားပျောက်ရှာပုံတော်ကိုကျမရဲ့အသိမိတ်ဆွေ တချို့ဆီကစတင်ခဲ့တယ်။ သူတို့တွေကတဆင့် ကျမရဲ့ ကလေးများကို မြဝတီတံတားအောက်က ရေလယ်ကျွန်းမှာတွေ့တယ်ပြောလို့ ကျမ ကျွန်းဆီကိုချက်ချင်း လိုက်သွား ကြည်တယ်။ ဟိုရောက်တော့ ကျောင်းဆရာတယောက်က ခေါ်သွားပြီး ကျောင်းထားပေးတယ်လို့သိရပြီး အငယ်ကောင်လေးကိုတော့ မိဘမဲ့ကျောင်းမှာတွေ့တယ်လို့ ပြောသူကပြော ရေရေရာရာမရှိတော့ ပိုပြီးစိတ်ပူရတယ်။

(မေး) အစ်မရဲ့ ကလေးတွေကို ရှာတွေ့ဖိုအတွက် ဘယ်လိုများကြိုးစားခဲ့ပါသလဲ ချက်ချင်းရှာနိုင်ခဲ့ပါသလား

(ဖြေ) ကျမ နေ့စဉ်ရက်ဆက် မြဝတီ၊ မဲဆောက်နဲ့ ရေလယ်ကျွန်းကို သားပျောက်ရှာပုံတော်ဖွင်ခဲ့ပြီး ရက်အတော်ကြာမှာတော့ ကျမ သမီးသုံးယောက်ကို အာကာပေကျောင်းမှာ ကျောင်းတက်နေတယ် ဆိုတာကို သိရှိခဲ့ရတယ်။ သိသိချင်းအသိတွေရဲ့အကူအညီနဲ့ကလေးတွေရှိတဲ့ နေရာကို ကျမ ရောက်ခဲ့တယ်။ ကျမ သမီးလေးတွေကို ပြန်တွေ့ရပေမယ့်လည်း ကျမ အပူမီးတွေကတော့ လျော့မသွားနိုင်သေးပါဘူး။ ကျမသားလေးကို ရှာရဦးမယ်လေ။ သမီးလေးတွေက ကျမကို မမှတ်မိကြဘူး သားလေးကကော ကျမကို မှတ်မိပါအုံးမလား။ ကျမ ထောင်ကျတဲ့အချိန်က ကလေးတွေက တော်တော်ငယ်သေးတယ်လေ။ ဒါကြောင့် ကလေးတွေက ကျမကိုတွေ့တော့ ကြောင်တောင်တောင်လေးတွေနဲ့ ကြည့်နေကြတယ်။ ကျမလည်း သူတို့မောင်လေးသတင်း ဘာကြားထားသေးလဲ မေးကြည့်တော့ သူတို့မောင်လေး မဲဆောက်က (SAW) အဖွဲ့အစည်းမှာ လုံခြုံစွာနဲ့ ပညာသင်နေကြောင်းကို သိခဲ့ရတယ်။

(မေး) အစ်မရဲ့ ကလေးတွေဟာ ဖခင်ဆုံးပြီး မိခင်အကျဉ်းကျနေစဉ်မှာ ဘယ်လိုရုန်းကန်ခဲ့ရသလဲ ဆိုတာ မေးဖြစ်သလားရှင့်

(ဖြေ) ကျမမေးခဲ့တာပေါ့ရှင် ကျမလည်း အဖေမရှိတဲ့နောက် ဘယ်သူနဲ့နေပြီး ဘယ်လိုကနေဘယ်လို မဲဆောက်ရောက်လာသလဲ မောင်လေးနဲ့ကော ဘယ်လိုတွေ့တာလဲလို့ မေးဖြစ်ခဲ့တယ်။ သမီးကြီးက အဖေသေပြီးနောက်မှာ သမီးတို့မောင်နှမတွေ ဇရပ်မှာပဲသွားနေကြတယ်။ အကိုကြီးနဲ့ အမကြီးက အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားကြတယ်။ သမီးတို့ ညီအမသုံးယောက်ကိုတော့ မြဝတီက အဒေါ်ကြီးတယောက် ကမွေးစားလိုက်တယ်။ မောင်လေးကိုတော့ မဲဆောက်က အဒေါ်ကြီးတယောက်က မွေးစားဖို့ခေါ်သွားတယ်။ အဲဒီကတည်းက မောင်လေးနဲ့ အဆက်အသွယ်ပြတ်သွားတာ။ သမီးတို့ ညီအမသုံးယောက်လည်း မွေးစားတဲ့ အဒေါ်ကြီးနဲ့ မနေချင်တာနဲ့ ရေလယ်ကျွန်းကိုပြန်လာရင်း ဟိုရှောက်သွား ဒီရှောက်သွားနဲ့ အင်္ဂလိပ် အဖိုးကြီးနှစ်ယောက်နဲ့တွေ့တယ် သူတို့တွေက ကျောင်းတက်ချင်လားလို့မေးတော့ တက်ချင်တယ်ဆိုတာနဲ့ မဲဆောက်က အာကာပေကျောင်းကို ပို့ပေးခဲ့ပြီး ပညာသင်ကြားခွင်ရခဲ့တယ်။ ဒီကျောင်းကို ရောက်နေစဉ်အတွင်းမှာ မောင်လေးဘယ်မှာ ရောက်နေလည်းဆိုတာ သမီးတို့ မသိခဲ့ရဘူး။ တနေ့ မမျှော်လင့်ဘဲ မယ်တော်ဆေးခန်းမှာလုပ်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ SAW က ကလေးတွေနဲ့ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ဗီနိုင်းပိုစတာကြီးတခုမှာ မောင်လေးပုံကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျောင်းကဆရာတွေကို ပြောပြလိုက်တယ် ဆရာတွေရဲ့ဆက်သွယ်ပေးမှုနဲ့ မောင်းလေးကို SAW ရဲ့ မိဘမဲ့ ဂေဟာမှာနေပြီး ထိုင်းကျောင်းတက်နေတယ်လို့ သိလိုက်ရတယ်။ ဒီလိုနဲ့ပဲ သမီးတို့မောင်နှမတွေ မောင်လေးနဲ့ ပြန်တွေ့ခွင့်ရခဲ့တယ် အမေကို ပြောပြတယ်လေ။

ကျမလည်း သမီးကြီးပြောတာ နာထောင်ပြီးပြီးချင်း SAW အဖွဲ့အစည်းရှိတဲ့ မဲဆောက်မြို့ထဲကို သမီးတွေနဲ့ လာခဲ့ကြတယ်။ SAW ရဲ့ မိဘမဲ့ဂေဟာရောက်တော့ ထိုင်းကျောင်းသားဝတ်စုံလေးနဲ့ ထိုင်းကျောင်းကပြန်လာတဲ့ သားလေးကို တွေ့လိုက်ရတဲ့အချိန်မှာ ထောင်ထဲမှာရှိစဉ်ကတည်းက လွယ်ထားရတဲ့ အပူလုံးကြီးက ဘယ်ဆီဘယ်ဝယ်ကို လွင့်စင်သွားမှန်း မသိလိုက်တော့ပါဘူးရှင်။

မောင်ရာဇာနဲ့ သူ့ရဲ့ မိခင်တို့ပြန်လည်တွေဆုံမှုအတွက် တကယ့်ကို ဝမ်းသာပီတိဖြစ်ရသလိုပဲ ရှင်ကွဲ ကွဲခဲ့ရတဲ့ စိသားစုတခုရဲ့ တကယ့်ဇာတ်လမ်းတပုဒ်ကို အခုလိုကြားလိုက်ရလို့ ဖြစ်ပေါ်လာတဲ့ ရင်ထဲကခံစားချက်ကို တိတ်တိတ်လေး တချက်ရှိုက် သက်ပြင်းရှည်တခုနဲ့ပဲ ရောချလိုက်တယ်။ မြန်မာပြည်မှာ မိဘမဲ့ကလေးတွေ၊ သားပျောက်မိခင်တွေ စတဲ့ စတဲ့ သောကအပူမီးတွေဟာ ဘယ်သောအခါများမှ စဲလေလိမ့်မလဲ။

(မိုနာလီဇာ ရဲ့ မေးမြန်းချက်)

0 comments: