Friday, 14 June 2013

အရူးတယောက် ပုံပြင်


လူတွေက ကျွန်တော့်ကို ခေါ်ကြတယ်… အရူးတဲ့… ကျွန်တော် ရီချင်တယ်….. အရူးထက်ပိုပြီး ရူးနေတဲ့ လူတွေများတဲ့လောကကြီးမှာ လူအများသတ်မှတ်ထားတဲ့ သာမန် အရူးတစ်ယောက် ဘ၀ကို ကျွန်တော် ကျေနပ်တယ်..၊ လက်ခံတယ်..ဒါကြောင့်
ဟုတ်တယ်….. ကျွန်တော် ရူးနေတယ်…။

ပြောရမယ် ဆိုရင် လူတွေက ဘာကိုကြည့်ပြီး ကျွန်တော့်ကို ရူးတယ်လို့ပြောနေကြတာလဲ…၊ အမှန်တော့ ကျွန်တော်က ကျွန်တော့်ဘ၀ကို ကျွန်တော် ကျေနပ်အောင် နေနေတာပါဗျာ..။ ကျွန်တော် ပျော်ရင် သီချင်း အကျယ်ကြီး အော်ဆိုလိုက်တယ်…၊ စိတ်ညစ်ရင် ငိုတယ်…၊ ဗိုက်ဆာရင် တောင်းစားတယ်..၊ ကိုယ်မရောက်ဘူးတဲ့ နေရာတွေ လျှောက်သွားတယ်..၊ ကြုံတဲ့နေရာမှာ အိပ်တယ်.. ကိုယ်ကြိုက်တာကို ကိုယ် ၀တ်တယ်…. ဒါကို ရူးတယ်လို့ ဆိုချင်ကြတာလား..။ ဒါဆိုရင်တော့ ထားပါတော့ဗျာ…. ခင်ဗျားတို့ ပြောတဲ့အတိုင်းပဲ ကျွန်တော် ရူးနေပါတယ်…။

ကျွန်တော့်ဘ၀က အရင်က အတော့်ကိုသာယာခဲ့ပါတယ်…၊ ကျွန်တော့်ကို သိပ်ချစ်တဲ့ မိန်းမရယ်.၊ သားနဲ့ သမီးလေးနှစ်ယောက်ရယ်..နဲ့…ပျော်ရွှင်ခဲ့တဲ့ ဘ၀လေးကို ပိုင်ဆိုင်ခဲ့တာပေါ့ဗျာ…. မနက်ပိုင်း ကလေးနှစ်ယောက်ကို ရွာကျောင်းကို ၀င်ပို့၊ ပြီးရင် လှေနဲ့ ပိုက်ချ ငါးရှာပြီး အပြန်မှာ သားနဲ့ သမီးကို ပြန်ဝင်ခေါ်၊ ညနေ ဗိုက်ဆာဆာနဲ့ ကျွန်တော့်မိန်းမ ချက်ထားတဲ့ ထမင်းဟင်း တွေကို သားသမီးတွေ နဲ့အတူ လုစားခဲ့ရတဲ့ သာယာလှပ စိတ်ချမ်းသာစရာကောင်းတဲ့ ဘ၀ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ပါတယ်….။ ဒီလို အပူအပင် မရှိတဲ့ ဘ၀လေးမှာ နေထိုင်ရင်း တံငါသည်ဘ၀နဲ့ အသက်မွေးလာ ခဲ့တဲ့ကျွန်တော် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခုလို လူတကာက အရူးလို့ အခေါ်ခံရ လောက်မယ့် ဘ၀မျိုး ရောက်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မိပါလဲဗျာ…။

ရေဒီယိုကနေကြော်ငြာတဲ့ မုန်တိုင်းသတင်းကို ကျွန်တော် ဂရုတစိုက်ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ မိသားစု ဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရမှာမဟုတ်ပါဘူး..၊ ကျွန်တော်အပါအ၀င် တစ်ရွာလုံးကလည်း ဒီသတင်းကို ဘယ်သူမှ ဂရုတစိုက်မရှိခဲ့ကြပါ ဘူး..။ မုန်တိုင်းဆိုတာ ကျွန်တော်တို့ရွာအဖို့တော့ လာလည်နေကျ ဧည့်သည်လိုပါပဲ.. အထူးတလည် ပြင်ဆင်ဧည့်ခံဖို့ မလိုဘူးလို့ပဲ တွေးထားလိုက်ကြ တာကိုး…။
ဒီနေ့ည လေတွေတိုက်တာ ကြမ်းလိုက်တာဗျာ..။ မုန်တိုင်းရဲ့ အရိပ်လက္ခဏာတွေပေါ့လေ..၊ ကြုံနေကြ ကိစ္စဆိုတော့ ကျွန်တော် စိတ်တော့သိပ်မပူပါဘူး..။ ဒါပေမယ့် ခဏကြာတော့ လေတွေ တိုက်တာ အရမ်းကိုကြမ်းလာတယ်..၊ ကျွန်တော့်အိမ်ကမိုးထားတဲ့ ဓနိနဲ့ ထန်းလက်တွေ အကုန်လွင့်စင်ကုန်တယ်..။ မုန်တိုင်းကတော့ ထင်တာထက်ကို ကြမ်းတော့မယ် ထင်တယ်..။ မိုးရေတွေစင်တာကြောင့် ကျွန်တော့် မိန်းမနဲ့ ကလေးတွေကော နိုးလာကြတယ်..။ ကျွန်တော်လည်း အိမ်အပြင်ဘက်ကိုထွက်ပြီးအရိပ်အခြေကြည့်လိုက်တယ်..။ ကျွန်တော့်လိုပဲ အခြေအနေ ထွက်ကြည့်တဲ့ ရွာသား လေးငါးယောက်ကို တွေ့လိုက်ရတယ်..။

ကျွန်တော်တို့ ကြည့်ပြီး သိပ်မကြာပါဘူး..။ ကျွန်တော်တို့ဆီကို ပြေးဝင်လာနေတဲ့ အိမ်တစ်လုံးစာ နီးပါး မြင့်တဲ့ လှိုင်းလုံးကြီးကို ကျွန်တော် မြင်လိုက်ရတယ်..။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးလောက်အောင် ကြီးမားလှတဲ့ လှိုင်းလုံးကြီးကို ကျွန်တော်အပါအ၀င် ရွာသားတွေ ကြောင်ပြီး ကြည့်နေမိကြတယ်…။ ကျွန်တော် အသိစိတ်ဝင်တဲ့အချိန်မှာ လှိုင်းလုံးကြီးဟာ ကျွန်တော် တို့နဲ့ အတော်ကို နီးကပ်နေခဲ့ပါပြီ..။ ကျွန်တော် ဘာမှ စဉ်းစားမနေပဲ အိမ်ထဲကို ပြေးဝင်ပြီး သားနဲ့ သမီးကို ကောက်ချီလိုက်တယ်..။ ကျွန်တော်မိန်းမက ကျွန်တော့်ရဲ့ အင်္ကျီစကို အားကိုးတကြီး ဆုပ်ကိုင်ထားတယ်…။ ကျွန်တော့် မိသားစုကို ကျွန်တော် ဒီလှိုင်းလုံးအောက် အရောက်မခံနိုင်ဘူး..။

ကျွန်တော် သမီး အငယ်လေးကို ပုဆိုးစနဲ့ ကျောပိုးလိုက်တယ်..။ သားကို လက်တစ်ဖက်နဲ့ ကောက်ချီပြီး ထန်းတက် လှေကားနဲ့ ထန်းပင်ပေါ်ကို တက်ခဲ့တယ်..။ ပြီးတော့ ထန်းပင်ထိပ်လောက်မှာ ပုဆိုးနောက်တစ်ကွင်းကို ထန်းပင်နဲ့ ကျွန်တော့်ကိုယ်ကို ပတ်ချည်နှောင် လိုက်တယ်..။ ကျွန်တော့် မိန်းမလည်း ထန်းတက်လှေကားနဲ့ တက်လာပြီး ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထန်းပင်ကို ဖက်ပြီး နေလိုက်တယ်..။ အခုဆို ကျွန်တော်တို့မိသားစုလေးယောက် ဟာ မုန်တိုင်း ဒဏ်ကို အံတုဖို့ အသင့်ဖြစ်နေပြီလေ..။

လှိုင်းရဲ့ ရိုက်ခတ်ဒဏ်က အတော်ကိုပြင်းပါတယ်..။ ခါးမှာ ထန်းပင်နဲ့ ကျွန်တော့်ကို ပတ်ချည်ထားတဲ့ ပုဆိုးစ ပြုတ် သွားခဲ့တယ်..။ ဒါကြောင့် ကျွန်တော် အောက်ကို မပြုတ်ကျအောင် ထန်းပင်ကို ခြေထောက်နှစ်ဖက်နဲ့ ညှပ်ပြီး အားယူလိုက်တယ်..။ ဒီအချိန်မှာပဲ ကျောပိုးထားတဲ့ ကျွန်တော့်သမီးက ပုဆိုးထဲကနေ အောက်ကို လျှောကျ နေပြီလေ…။ ကျွန်တော် သမီးလေး ပြုတ်မကျအောင် လက်တစ်ဖက်နဲ့ လှမ်းဖမ်းချိန်မှာပဲ သားလေးက ကျွန်တော့်လက်ထဲကနေ လွတ်ကျသွားခဲ့တယ်..။ ဒါပေမယ့် ကျွန်တော့်ခြေထောက်နဲ့ သားလေးကို ထန်းပင်နဲ့ ညှပ်ပြီး ပြန်ဆွဲဖမ်းနိုင်ခဲ့တယ်..။ ကျွန်တော့် မိန်းမကတော့ အောက်ပြုတ်မကျအောင် ထန်းပင်ကို အံကြိတ်ပြီး ဖက်ထားဆဲပေါ့..။


လေတွေကလည်း အရမ်းတိုက်နေပြီး.. ထန်းပင်ကလည်း ယိုင်ထိုးနေပါတယ်..။ ကျွန်တော် ရှိသမျှအားအကုန်နဲ့ လက်တစ်ဖက်က သမီးကိုဖက် ကျန်တဲ့တစ်ဖက်က ထန်းပင်ကို ဖက်ထားပါတယ်..။ ခြေထောက်တစ်ဖက်ကလည်း သားလေးကို ထန်းပင်နဲ့ ညှပ်ချိတ်ထားပြီး ကျန်တစ်ဖက်ကတော့ ထန်းပင်ကို ချိတ်တွယ်ထားပါတယ်…။ ကျွန်တော် လက်အံကောခြေအံကော သေနေပါပြီ..။ ဘယ်လိုမှ ကြာကြာ ဆက်တောင့်နိုင်ခံစွမ်း မရှိတော့ပါဘူး..။ နောက်ဆုံး ကျွန်တော် အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတယ်..။ သားလေးကို ချိတ်တွယ်ထားတဲ့ ကျွန်တော့်ခြေထောက်ကို ဆန့်ထုတ်လိုက်ပါတယ်..။ အော်ဟစ်ငိုယို ပြီး ရေထဲမျှောပါသွားတဲ့ သားလေးရဲ့ မြင်ကွင်းကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး..။ ကျွန်တော့် မိန်းမကတော့ ဒီမြင်ကွင်းကို မြင်နေရပေမယ့် ဘာမှ မပြောပဲ အံကြိတ်ပြီး မျှောပါသွားတဲ့ သားလေးကို ငေးကြည့်နေပါတယ်..။ ကံမကုန်ရင် သံသရာတစ်ကွေ့မှာ ပြန်ဆုံကြတာပေါ့ သားလေးရယ်..။

ခဏကြာတော့ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စကားပြောလာပါတယ်..။ သမီးလေးကို ကယ်ပေးပါတဲ့..။ ကျွန်တော် ကတိပေးလိုက်တယ်..။ သမီးလေးရော.. မင်းရော..ငါ အသေမခံတော့ဘူးလို့…။ ကျွန်တော့် စကားမဆုံးသေးပါဘူး..။ ထန်းပင်ကို ဖက်တွယ်ထားတဲ့ သူမရဲ့ လက်တွေ ခြေထောက်တွေ ဖြေလျှော့ပြီး ပြင်းထန်လှတဲ့ ရေလှိုင်းတွေကြား မျှောပါသွားခဲ့ပြန်ပါတယ်..။

အခုတော့ ထန်းပင်ပေါ်မှာ သမီးလေးရယ်.. ကျွန်တော်ရယ်ပဲ ကျန်တော့တယ်လေ..။ မိုးကလည်းရွာ လေကလည်းတိုက်.. အောက်က ရေစီးသံတွေကလည်း တ၀ုန်းဝုန်းနဲ့ တစ်ကယ့်ကို ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ…။ ကျွန်တော့် တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲပြီး ဝေဒနာပေါင်းစုံကို ခံစားနေရပါတယ်..။ ကျွန်တော် ဝေဒနာ ခံစားနေရတဲ့ပုံစံကို ကြည့်ပြီး သမီးလေးက "သမီးကို ကိုကို့လိုမျိုး လွတ်မချပါနဲ့နော်…" တဲ့လေ…။ ကျွန်တော် အော်ငို ပစ်လိုက်တယ်..။ အဖေ ဘယ်လွတ်ချပါ့မလဲ သမီးရယ်..။ သမီးကိုရော အဖေ့သားကိုရော အဖေ ဘယ်လွတ်ချချင်ပါ့မလဲ…။ အခုတော့ အဖေ့မှာ သမီးထက် တန်ဖိုးရှိတာ ဘာမှ မရှိတော့ဘူး..။ အဖေ့ အသက်သာ အသေခံသွားမယ်..။ သမီးကို အဖေ ဘယ်တော့မှ လွတ်ချမှာမဟုတ်ဘူး..။ ဒီစကားတွေကို ကျွန်တော် ပါးစပ်က ထုတ်ပြောမိလား တောင် ကျွန်တော် မမှတ်မိတော့ပါဘူး..။ ကျွန်တော် ရှိသမျှအားတွေနဲ့ သမီးကို လွတ်မကျသွားအောင် ဖက်ထားမိပါတော့တယ်..။

ဘယ်လောက်ကြာကြာ ဖက်ထားမိလဲ မသိဘူး…။ ကျွန်တော် သတိဝင်လို့ သမီးလေးကို ခေါ်ကြည့်တော့..။ သမီးလေး မထူးတော့ဘူး..။ သမီးလေး ဖြူဖတ်ဖြူယော်နဲ့ နှုတ်ခမ်းတွေ ပြာပြီး အသက်မရှုတော့ပါဘူး..။ ကျွန်တော်လက်ရဲ့ ညှစ်အားကြောင့် အသက်ငယ်လှသေးတဲ့ ကျွန်တော့်သမီးလေး အသက်ရှုရပ်ပြီး ကျွန်တော့် လက်ထဲမှာပင် သေဆုံးသွားခဲ့ပါပြီ..။ သွားပါပြီ..။ ကျွန်တော့်မိသားစု..။ ကျွန်တော့် ဘ၀…။ ကျွန်တော့် ကမ္ဘာ..။ ကျွန်တော့်မှာ ဘာမှ မကျန်တော့ပါဘူး..။ လောကကြီးက ကျွန်တော့်အတွက် အလကား ဖြစ်သွားပါပြီ…။ ကျွန်တော် သမီးလေးရဲ့ ပါးကိုနမ်းလိုက်တယ်..။ ပြီးတော့ သမီးလေးကို တင်းတင်းကြပ်ကြပ်ဖက်ပြီး ထန်းပင်ကို ဖက်တွယ်ထားတဲ့ ကျွန်တော့် ခြေလက်တွေကို အနားပေးလိုက်တယ်…။ အဲ့ဒီနောက်မှာ ကျွန်တော် သမီးလေးနဲ့ အတူ ရေလှိုင်းတွေရဲ့ ဖုံးအုပ်ခြင်းကို ခံလိုက်ရပါတယ်..။

ကျွန်တော် သတိရလို့ ကြည့်လိုက်တော့ လှေတစ်စင်းပေါ်မှာ….. သူတို့ ကျွန်တော့်ကို ဆေးရုံကို ပို့ကြတယ်…။ ကျွန်တော် ဆေးရုံမသွားချင်ဘူး..။ ကျွန်တော်က ကျွန်တော့်မိသားစုနဲ့ပဲ နေချင်တာ..။ သူတို့ ကျွန်တော့်ကို ရှာမတွေ့လို့ ကြောက်နေကြလိမ့်မယ်..။ ဟုတ်တယ်..။ ကျွန်တော် သူတို့ကို လိုက်ရှာရလိမ့်မယ်..။

ကျွန်တော် ဆေးရုံကနေ တစ်ပတ်အကြာမှာ ရွာကို ပြန်ထွက်ပြေးလာခဲ့တယ်..။ ပြီးတော့ ရွာမှာ ကျွန်တော့် မိသားစုကို ကျွန်တော် ပြန်ရှာတယ်..။ ကျွန်တော့် မိန်းမ နာမည် ကျွန်တော် အော်ခေါ်တယ်..။ သားလေးကို ကျောင်းမှာ သွားရှာတယ်..။ သမီးလေးကို သီချင်းဆိုပြတယ်..။ ကျွန်တော် သူတို့ကိုတွေ့လို့ ပျော်ရင်ကတယ်..။ သူတို့ကို မတွေ့ရင် ၀မ်းနည်းလို့ ငိုတယ်..။ ဗိုက်ဆာရင် သူများဆီက တောင်းစားပြီး မရရင် သူများ စွန့်ပစ်ထားတာ စားတယ်..။ ကလေးငယ်လေးတွေ ကျောင်းသွားတာ မြင်ရင် ကျွန်တော့် သားနဲ့ သမီးလားလို့ ကျွန်တော် နှုတ်ဆက်တယ်..။ ကျွန်တော့်မှာ အိမ်ကတော့ မရှိပါဘူး..။ ကျွန်တော် နေတာကတော့ ထန်းပင်တစ်ပင်ရဲ့ အောက်မှာပါ..။ ဘယ်တော့မှ မေ့လို့မရတဲ့ ထန်းပင် တစ်ပင်ပေါ့..။

လူတွေက ပြောကြတယ်.. ။ ကျွန်တော်ဟာ အရူးတဲ့…။ ဟုတ်ပါတယ်..။ ကျွန်တော် ရူးနေပါတယ်ဗျာ…။

မူရင်း Link >>> http://aunghtunoo.blogspot.com/2013/06/blog-post.html

0 comments: