Monday 25 March 2013

ပတ်စ်ပို့ရဖို့ ၁၀ ရက်သာကြာမည်

မတ် ၁၉ ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများကို ၁၀ ရက်အတွင်း နိုင်ငံကူးလက်မှတ်များ ထုတ်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ ရဲမှူးကျော်ဇေယျက ပြောသည်။ နိုင်ငံကူး လက်မှတ် လျှောက်ထားသူများ အနေဖြင့် ယခုအခါ ကုန်ကျစရိတ်မှာ ကျပ် ၂၃၂၀၀ သာ ကုန်ကျမည်ဖြစ်ကြောင်း၊ ယခင်ကဲ့သို့ ပုံစံ ၁၇၊ ၁၉ အထောက်အထားများ တင်ပြစရာ မလိုတော့ကြောင်း သိရသည်။ ရဲမှူးကျော်ဇေယျက “ပြည်သူတွေ အဆင်ပြေဖို့အတွက် အခုလို ဖြေလျှော့ပေးလိုက်တာပါ။ မတ် ၁၉ ရက် စလျှောက်တဲ့ သူတွေက ၁၀ ရက်ကြာရင် နိုင်ငံကူးလက်မှတ် ပေးမယ်။ မတ် ၁၉ ရက်ရှေ့က လျှောက်တဲ့သူတွေ ကျတော့ ၂၁ ရက် အကြာမှပဲ ရမှာပါ” ဟု ပြောသည်။ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ် ပြုလုပ်မှုများကို ပြည်သူများ အဆင်ပြေစေရန်အတွက် အဆင့်ဆင့် လျှော့ချလိုက်ခြင်းသည် ကြားခံ ပြုလုပ်သူများလည်း ပပျောက်သွားမည် ဖြစ်ကြောင်း နိုင်ငံကူး လက်မှတ် ပြုလုပ်သူတစ်ဦးက “ပွဲစားတွေ ရုံးရှေ့မှာ အရင်လို မတွေ့ရတော့ဘူး။ နိုင်ငံကူးလက်မှတ်ရုံး အဝင်ဝမှာလဲ ပုံစံ ၁၇၊ ၁၉ မလိုအပ်ဘူးဆိုတဲ့ ကြေညာချက်တွေ ဖော်ပြထားတဲ့အတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ မသိနားမလည်သေးတဲ့သူတွေ အရမ်းအကျိုးရှိစေတဲ့ ကိစ္စတွေပါ။ အခုလို နိုင်ငံကူးလက်မှတ်ကို ၁၀ ရက်အကြာမှာ ထုတ်ပေးမယ်။ ပုံစံ ၁၇၊ ၁၉ ပညာရေးကင်းရှင်းကြောင်းနဲ့ D Form တွေလဲ မလိုအပ်တော့တဲ့အတွက် အရမ်းကောင်းသွားပါပြီ” ဟု ပြောသည်။ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ယခုကဲ့သို့ ဖြေလျှော့ပေးမှုများကြောင့် နိုင်ငံကူးလက်မှတ် လုပ်သူ အရေအတွက် ယခုရက်ပိုင်းအတွင်း ပိုမိုများပြားလာကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် ယခင်သုံးလ ကြာမြင့်ရာမှ တစ်လ၊ တစ်လမှ ၂၁ ရက်၊ ၂၁ရက်မှ ယခု ၁၀ ရက်စသည်ဖြင့် အဆင့်ဆင့် လျှော့ချခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

By Khit Lu Nge

0 comments: