ဂျော်ဒန်နိုင်ငံ အမ္မန်မြို့ တောင်ဘက်၊ ဟာစန်စက်မှုဇုန်ရှိ Century Miracle Jordan (CMJ) အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားများမှာ လုပ်ခလစာတိုးမြှင့်ပေးရန် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေစဉ် အလုပ်သမားကြီးကြပ်ရေးမှူး(တရုတ်လူမျိုး)နှင့် ဂျော်ဒန်နိုင်ငံသား (အာလဗို)များမှ မတ်လ ၂ ရက်နေ့တွင် မြန်မာမိန်းကလေးအဆောင်တွင်းသို့ အတင်းအဓမ္မ၀င်ရောက်ကာ အတင်းအကြပ် ဆွဲခေါ်ထိုးကြိတ်ရိုက်နှစ်ခဲ့ကြောင်း သတင်းရရှိသည်။ " ကျနော်တို့က အခြေခံလစာ ၁၅၅ ရေဒေါ်လာရတယ်တယ်၊ တစ်လကို ဒေါ်လာ ၁၀၀ ကျော်စီကုန်နေတော့ ဘာမှမပိုတော့ဘူး၊ ဒါကြောင့် လစာတိုးပေးဖို့ကိုတောင်းဆိုတယ်၊ သူတို့တွေကလည်း ဒေါ်လာ ၁၅၅ ရလို့ ကျေနပ်ရင်အလုပ်ဆင်း ၊ မကျေနပ်ရင်မဆင်းနဲ့လို့ပြောတယ်၊ ကျနော်တို့ကလည်း အပြင်ကိုမထွက်ဘဲ ကိုယ့်အခန်းထဲမှာပဲ ကိုယ်နေကြတယ်၊ ဆူပူမှုလည်း မလုပ်ဘူး၊ ဒါကိုသူတို့လာပြီး မိန့်ခလေးတွေကိုဆွဲလား၊ ယမ်းလားလုပ်တော့ ကျနော်တို့က တားလည်းတားပါတယ်၊ နောက်ဆုံး မိန့်ခလေး ၄ ဦး အရိုက်ခံထိသွားတယ်။ " ဟု အဆိုပါ စက်ရုံမှ ကိုထွန်းထွန်းစိုးက ပြောသည်။ အကြမ်းဖက်ခံရသူများမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးဖြစ်ပြီး အဆိုပါ အမျိုးသမီးလေးဦးမှ မ၀င်းဝင်းမော်၊ မသီတာစန်း၊ ကေခိုင်ရွှေ၊ မစန်းစန်းထိုက် တို့ဖြစ်ကြောင်း သိရသည်။ " မနက် ၆ နာရီမှာ အိပ်ရာကထတော့ အပြင်မှာ မန်နေဂျာ၊ စူပါတွေ ရောက်နေတယ်လို့ အသံကြားတော့ ထွက်ကြည့်ကြတယ်၊ သူတို့တွေက မိန်းကလေးဆောင်ကို အတင်းဝင်ကြတာ၊ ကျမတို့က အမျိုးသမီး အဆောင်တွေကို ယောင်္ကျားတွေ မတက်ရဘူးလို့ပြောတယ်၊ အချို့မိန်းကလေးတွေကလည်း အိပ်နေတဲ့အချိန်လေ၊ ကျမတို့ကို စိုးရိမ်လို့ ကိုယ်နိုင်ငံသားတွေက အော်ကြတယ်၊ ကျမတို့ မြန်မာ အမျိုးသားတွေနဲ့ သူတို့နဲ့ ရန်ဖြစ်မှာစိုးလို့ သူတို့တွေကို မတက်ဖို့တားတော့ လာပြီးထိုးပါတယ်၊ ညီမဆိုရင် မျက်လုံးထိသွားတယ်၊ နောက်တစ်ယောက်ဆိုရင် နုတ်ခမ်းကွဲတယ်၊ သွားလည်း ပဲ့သွားတာ့ပေါ့၊ ကျမတို့လေးယောက် အရိုက်ခံရတယ်။ " ဟု အရိုက်ခံရသူ မ၀င်းဝင်းမော်မှ ပြောသည်။ အဆိုပါအကြမ်းဖက်သောနေ့တွင် တရုတ်နှင့် အာရပီ ၇၀ ရောက်ရှိလာပြီး မြန်မာအမျိုးသမီးများအား အလုပ်ဆင်းရန်အတွက် အဓမ္မခေါ်ဆောင်ရန်ကြိုးစားရာမှ ယခုကဲ့သို့ စော်ကားခံရခြင်းဖြစ်ကြောင်း လက်ရှိတွင် မြန်မာအလုပ်သမားများ၏ ဘဏ်အကောင့်များကို ပိတ်လိုက်ခြင်းကြောင့် ဘဏ်ထဲရှိငွေများလည်း ထုတ်ယူသုံးစွဲ မရဖြစ်နေကြောင်း မ၀င်းဝင်းမော်က ဆက်ပြောသည်။ " တရုတ်လူမျိုးနှင့် မြန်မာတွေက အလုပ်ကိုတန်းတူလုပ်ရတယ်၊ တရုတ်တွေ လစာရတာက ၇၅၀ အထက်မှာရှိတယ်၊ မြန်မာတစ်ယောက်ရဲ့လစာ အချိန်ပိုတွေ၊ ရက်မှန်ကြေးတွေပေါင်းမှ ဒေါ်လာ ၂၀၀ ကျော်ပဲရတယ်၊ ပြီးခဲ့တဲ့နှစ်တွေက တရုတ်တွေ ဆန္ဒပြတော့ ဒေါ်လာ ၁၀၀ ထပ်တိုးပေးတယ်၊ တရုတ်တွေကို စက်ရုံက ထမင်းအကျွေးတဲ့အပြင် အပို (၅၀) ထပ်ပေးထားသေးတယ်၊ ကျမတို့ ဆန္ဒပြတာက ဒေါ်လာ ၂၀၀ ပြည့်အောင် နောက်ထပ် ၄၅ ဒေါ်လာပဲတိုးတောင်းတာ၊ စက်ရုံက တာဝန်ရှိတဲ့လူတွေပြောတာက မြန်မာတွေမှာ လက်ရှိသူတို့လက်ထဲမှာ ပိုက်ဆံရှိနေတော့ အလုပ်မဆင်းဘဲနေနိုင်ကြတာပါ၊ အများဆုံးကြာရင် တပတ်၊ နှစ်ပတ်ပါ၊ ငတ်လာရင်တော့ အလုပ်ပြန်ဆင်းကြမှာပါဆိုပြီးပြောတယ်၊ လက်ရှိမှာ ဘယ်သူမှ အကူအညီမလာဘူးဖြစ်နေတယ်၊ ကိုယ့်ဖက်က ဘယ်သူမှ ရပ်တည်ပေးမယ့်သူမရှိဘူး၊ အမျိုးသမီးက တစ်ထောင်ကျော်ရှိနေတယ်၊ အမျိုးသားက ၁၀၀ ကျော်ရှိတယ်၊ နောက်ဆုံး ပြဿနာဖြစ်လို့ ပြန်ရမယ်ဆိုရင်တောင် လမ်းစရိတ်ပေးမယ့် အနေအထားမျိုးမရှိဘူး၊ ကိုယ့်လမ်းစရိတ်နှင့်ကိုယ် ပြန်ရမယ့် ပုံစံမျိုးလုပ်နေတယ်။ " ဟု အဆောင်မှူး မြမြင့်ဇူက ပြောသည်။ " ကျမတို့လာတာက ပါ့စ်ပို့စ်နဲ့လာတာပါ၊ ဒါပေမယ့် ဒီရောက်တော့ပါ့စ်ပို့စ်က တရားမ၀င်ဖြစ်နေတယ်၊ အေးဂျင်း တွေလုပ်ပြီး ပို့လိုက်တဲ့ ပါ့စ်ပို့စ်က ဂျော်ဒန်နိုင်ငံ ပါ့စပို့မဟုတ်ဘူး၊ ထိုင်း၊ မလေး ပါ့စ်ပို့စ်ဖြစ်နေတယ်၊ လက်ရှိမှာ နေရတာလည်း နေထိုင်ခွင့်တွေ လုပ်ထားရတယ်၊ မြန်မာအလုပ်သမားတွေနှင့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့စာချုပ်ကို လာစစ်တဲ့အခါ အလုပ်သမားတွေလက်ထဲမှာ ရှိတယ်လို့ပြောခိုင်းထားတယ်၊ စာချုပ်က ဘယ်အလုပ်သမား လက်ထဲမှာမှ မရှိဘူး၊ သူတို့အကုန်သိမ်းထားတယ်၊ အမှန်ကိုပြောတဲ့ အလုပ်သမားက နောက်နေ့ ပြန်ဖို့အထုတ်ပြင်တော့ပြောတော့ ဆိုပြီးပြောတယ်၊ ပါ့စပို့ကတော့ အလုပ်သမားလက်ထဲမှာရှိတယ်" ဟု မြမြင့်ဇူက ဆက်ပြောသည်။

By The Arakan Times
0 comments:
Post a Comment