Monday 25 February 2013

ယာယီနိုင်ငံကူးလက်မှတ် အတုလုပ်သည့် မြန်မာရဲဝန်ထမ်းဟောင်းတဦး ဖမ်းဆီးခံရ


မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ယာယီနိုင်ငံကူးလက်မှတ်အတု လုပ်ပေးနေတဲ့ မြန်မာရဲဝန်ထမ်းဟောင်းတဦးကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
မဲဆောက်မြို့နယ် လဝက ညွှန်ကြားရေးမှူး ရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က “အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အတု လုပ်ပေးနေတဲ့အဖွဲ့က ဦးအောင်ကိုလတ် (ရန်ကုန်က ရဲဝန်ထမ်းဟောင်း) ကို ဒီကနေ့ပဲ သူငှားရမ်းနေထိုင်ရာ မဲဆောက်မြို့ ထာ့ဆိုင်လွတ်ရပ်ကွက် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားလမ်းကြားထဲက တိုက်ခန်းမှာ သွားရောက်ဖမ်းမိခဲ့တယ်” လို့ ထိုင်းသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြဝတီကနေ မဲဆောက်မြို့အဝင် ထိုင်းလဝက ဂိတ်မှာ မဖြိုးဖြိုးဝင်း (အသက် ၁၆) နှစ်ရဲ့ ယာယီနိုင်ငံကူးလက်မှတ် MWD 075821 မှာ မဲဆောက် လဝကတံဆိပ်တုံး အတုကို စစ်ဆေးမိရာက ခြေရာခံ လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီကိစ္စမှာ ဦးအောင်ကိုလတ်ရဲ့ ဇနီးဖြစ်သူ မအေး (အသက် ၅၀) နှစ်က အဓိက တရားခံဖြစ်ပြီး သူမနဲ့တကွ နိုင်ငံကူးလက်မှတ်အတုလုပ်တဲ့ ဂိုဏ်းတခုလုံးကို ဖမ်းဆီးရမိဖို့ ဆက်ကြိုးစားသွားမယ်လို့ ဒုဗိုလ်မှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က ထိုင်းသတင်းထောက်တွေကို ပြောပါတယ်။
By DVB

0 comments: