Monday 25 February 2013

ဆေးရုံဆေးခန်းများ၌ အခမဲ့ဆေးကုသခွင့်ရှိသည့် လူမှုဖူလုံရေး အာမခံလုပ်သားများ

လူမှုဖူလုံရေးဝန်ကြီးဌာန၌အာမခံထားသူများအနေဖြင့် အဆိုပါဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးရုံ ၊ ဆေးခန်းများတွင် အခမဲ့သွားရောက်ဆေးကုသနိုင်ကြောင်း သိရှိရသည်။

လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသော ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ဆေးကုသမည်ဆိုပါက လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတ်မှတ်နှုန်းထားအတိုင်း ပြန်လည်ကာ ဆေးကုသစရိတ် ပေးအပ်မည်ဖြစ်ကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဆေးဌာနမှူး ဒေါ်ခင်နွဲ့ဌေးက ဆိုသည်။

“စာချုပ်ချုပ်ထားတဲ့ ဘယ်ဆေးရုံမှာပဲကုကု အလုပ်သမားတွေက ကုလို့ရတယ် စာချုပ်မချုပ်ထားတဲ့ ဆေးရုံ ၊ ဆေးခန်းမှာ ကုရင်တော့ ဆေးကုသစရိတ် ပြန်ပေးမယ်။ ဒါပေမယ့် ရောဂါအလိုက်ပဲ ပေးနိုင်မယ်။ အပြင်မှာ ကုမယ်ဆိုရင် ဥပမာ သားဖွားမီးယပ်ဆိုရင် တစ်သိန်းလောက်ပေါ့” ဟု လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဆေးဌာနမှူး ဒေါ်ခင်နွဲ့ဌေးက ပြောသည်။

ယခုလက်ရှိတွင် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ဆေးရုံ(၃)ခု ၊ ဆေးခန်း (၉၂)တို့ ဖြင့် စာချုပ်ချုပ်ဆိုထားရှိလျက် ရှိသည်ဟု သိရှိရသည်။

လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်းလုပ်ကိုင်ရန် စာချုပ်မချုပ်ရသေးသော်လည်း လျှောက်လွှာ တင်ထားသည့် ဆေးခန်းတစ်ခုအနေဖြင့် ယခုကဲ့သို့ လျှောက်လွှာတင်ရခြင်းမှာ မိမိအကျိုးမမျှော်ကိုးပဲ အလုပ်သမားများ အဆင်ပြေစေရန် ရည်ရွယ်ကြောင်း စမ်းချောင်းမြို့နယ်ရှိ သုခမင်္ဂလာဆေးခန်းမှ မန်နေဂျာ ကိုစည်သူအောင်က ဆိုသည်။

“ကျွန်တော်တို့ အကျိုးအတွက် ပူးပေါင်းလုပ်ကိုင်မှာမဟုတ်ပါဘူး အဓိကက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးဝန်ကြီးဌာနကို လျှောက်လွှာတင်ခဲ့တာပါ ကျွန်တော်တို့ ဆေးခန်းက ည ၉ နာရီ အထိ ဖွင့်တော့အဆင်ပြေတာပေါ့ “ဟု သုခမင်္ဂလာဆေးခန်းမှ မန်နေဂျာ ကိုစည်သူအောင်က ပြောသည်။

လူမှုဖူလုံရေးနှင့် ပုဂ္ဂလိကဆေးရုံး ၊ ဆေးခန်းများ နှင့် ပူးတွဲလုပ်ကိုင်ခြင်းမှာ လူမှုဖူလုံရေးတွင် အာမခံထားသည့် အခြေခံအလုပ်သမားများအတွက် ဆေးကုသရာ၌ ကုန်ကျစရိတ် သက်သာနိုင်သည်ဟု ကြည့်မြင်တိုင်မြို့နယ် တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ငွေကြေးမလုံလောက်တော့ ဆေးကုရတာ အဆင်မပြေဘူး ဒီလိုလုပ်ပေးရင် တော်တော်အဆင်ပြေမယ်” ဟု ဆိုသည်။

လူမူဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလလယ်ပိုင်းက အတူပူးပေါင်းလုပ်ကိုင်မည့် ပုဂ္ဂလိကဆေးရုံဆေးခန်း များအား ဖိတ်ခေါ်ခဲ့ရာ ဆေးရုံပေါင်း (၃) ရုံနှင့် ဆေးခန်းပေါင်း (၄)ခုတို့မှ လျှောက်လွှာတင်ခဲ့သည်။

လူမှုဖူလုံရေးဝန်ကြီးဌာနတွင် အသင်းဝင်ကြေးအနေဖြင့် မိမိလုပ်ငန်းမှ ရရှိသည့် ၀င်ငွေ၏ ရာခိုင်နှုန်းအလိုက် ထည့်ရမည်ဖြစ်ပြီး အလုပ်ရှင်မှ ၂.၅%နှင့် အလုပ်သမား မှ ၁.၅% ထည့်ဝင်ရမည် ဖြစ်ကာ ထည့်ဝင်ကြေးများ ကိုလည်း အဆင့် ၁၅ ဆင့် ထားရှိကြောင်း သိရှိရသည်။

By Myit Ma Kha

0 comments: