Wednesday 9 January 2013

လူကုန်ကူးမှု တိုက်ဖျက်ရန် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ဆက်ဆံရေးရုံး လေးရုံး ထပ်ဖွင့်မည်

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများ လျော့နည်းသွားစေရန် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံရှိ နမ်ဆမ်၊ မဲဆောက်နှင့် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်၊ မြဝတီတို့တွင် နယ်စပ်ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ “ထိုင်းနိုင်ငံကို သွားတဲ့ လူကုန်ကူးမှုတွေကို နယ်စပ်မှာတင် ရပ်သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်တယ်” ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး(ငြိမ်း)၊ ရဲမှူးကြီး ရာလျန်မုန်းက ပြောသည်။ မြန်မာနိုင်ငံတွင် မြစ်ကြီးနားမှ ကော့သောင်းအထိ နယ်စပ်ဒေသ တစ်လျှောက်တွင် နယ်စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် နယ်စပ်ဆက်ဆံရေး ရုံးများကို ထိုင်းနိုင်ငံတွင် ရနောင်း၊ မယ်ဆိုင်၊ မြန်မာနိုင်ငံတွင် ကော့သောင်း၊ တာချီလိတ်တို့တွင် ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့ပေါင်း ၂၇ ဖွဲ့ ရှိပြီဖြစ်ပြီး သြစတြေးလျနိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် ရဲအရာရှိ ၄၀၀ ကျော်အား လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတွင် ကျွမ်းကျင်မှုရှိစေရန် စနစ်တကျ လေ့ကျင့်သင်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။ “ထိုင်းမှာဆိုရင် ယောက်ျားလေးတွေလဲ ငါးဖမ်းဖို့အတွက် အရောင်းစားခံရတယ်” ဟု ရဲမှူးကြီး ရာလျန်မုန်းက ဆက်လက် ပြောကြားသည်။ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ပညာရေး ကော်မတီ ခေါင်းဆောင် ဒေါ်ခင်သက်မော်က “ပညာမတတ်တော့ သူများပြောတာကိုယုံပြီး လူကုန်ကူး ခံကြရတယ်။ မြန်မာအမျိုးသမီးတွေ လူကုန်ကူး မခံရအောင် မိန်းကလေးတွေကို ပညာတတ်စေချင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလဲ ရစေချင်ပါတယ်။ ဒီနှစ်ချက်က အဓိကပါပဲ” ဟု အကြံပြုပြောသည်။ ထို့ပြင် မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ခြင်း၊ မိထွေး၊ ပထွေးနှင့် နေရခြင်းကြောင့်လည်းကောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့် လည်းကောင်း လူကုန်ကူး ခံရခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ဆောင်နေသူ များက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ By Khit Lu Nge

0 comments: