Tuesday 23 October 2012

ပညာရေး နောက်ကျကျန်မှုအတွက် နိုင်ငံတော်သမ္မတ၀န်ခံ

ပညာရေး နောက်ကျကျန်မှုအတွက် နိုင်ငံတော်သမ္မတက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ သော နေပြည်တော် မီဒီယာတွေ့ဆုံပွဲတွင် ၀န်ခံစကား ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတသည် The Voice ဂျာနယ်မှ မေးမြန်းခဲ့သည့် ပညာရေးဘတ်ဂျတ် သုံးစွဲမည့်အခြေ အနေနှင့် ပတ်သက်ပြီး မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာ၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ကျွန်တော်တို့ရဲ့ ပညာရေးဟာ နောက်ကျကျန်နေတာတော့ အမှန်ပါပဲ။ အဲဒါကလည်း အကြောင်းကြောင်းတွေ အများကြီးရှိပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ ကျွန်တော်တို့ အပြစ်တင်ဖို့မလို ပါဘူး'' ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့အတွက်ကြောင့် ပြီးခဲ့သည့် နှစ်အတွင်းက အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံကာ ပညာရေးမြှင့်တင်ဖို့အတွက် ပြောဆိုခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်များတွင် မြန်မာကလေးများကို ပို့ချင်ကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။ ထို့ပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်ကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန် အဆိုပါတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌကို ပြောဆိုခဲ့ပြီး ထိုအကြံဉာဏ်ကို ကောင်းသည့်အကြံဉာဏ်အဖြစ် လက်ခံခဲ့ကြောင်း သိရသည်။ ''ဒီနေ့အစိုးရမှာ အရင်းအနှီးနဲ့ ပတ်သက်ပြီးတော့ ငွေကြေးလုံလုံ လောက်လောက် မရှိပါဘူး။ ဒါကြောင့် ဘတ်ဂျတ်တောင်မှ လိုငွေနဲ့ သုံးနေရတာဖြစ်ပါတယ်။ နောက်တစ်ခုက နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နောက်တစ်ခါ လူ့စွမ်းအား အရင်းအမြစ်တွေ ကျွန်တော်တို့ဆီမှာ ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး''ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

0 comments: