Thursday 20 September 2012

ကလေးငယ် ဖမ်းခေါ်သူကို ရဲစခန်းတွင် အမှုဖွင့်ထား

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်လျှင် လူပျောက်မှု (၃၀၀) မှ (၄၀၀) ကြားရှိနေပြီး တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်နေ ရန်ကုန်၊စက်တင်ဘာ-၁၆ မြောက်ဥက္ကလာပမြို့နယ်(၅) ရပ်ကွက်တွင် နေထိုင်သော အသက်ခုနစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား စက်တင်ဘာလ ၂ ရက်က လိမ်လည်၍ ဖမ်းဆီးခေါ်ဆောင်သွားသူတစ်ဦးကို မိဘများက ရဲစခန်းတွင် အမှုဖွင့်ထားသည်။ အသက်ခုနစ်နှစ်အရွယ် မဇူလိုင်မိုးကျော်သည် ထိုနေ့မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က တစ်ဦးတည်းဆော့ကစားနေစဉ် အသက် ၂၅ နှစ်အရွယ် ရန်နိုင်(ခ)လှဝင်းက မုန့်ဝယ်ကျွေးမည်ဟုပြောကာ ၎င်း၏ချိုင်းကြားအောက်ညှပ်၍ ဖမ်းခေါ်သွားသည်။ ကလေးက ကျောက်ရေတွင်း ဘူတာအနီးအရောက် သတိဝင်လာပြီး ၎င်းနှင့်အတူလိုက်ရန် ငြင်းဆန်နေရာ အနီးနားရှိလူများက မသင်္ကာ၍ မေးမြန်းစဉ် ထိုသူထွက်ပြေးခဲ့ရာမှ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ “ကလေးက သွားရင်းနဲ့ ချော်လဲတော့ ပြန်မယ်ပြန်မယ် ပြောတာနဲ့ သူက ကလေးကို မျက် နှာနဲ့ နားအုံကို ရိုက်တယ်။ ကလေးကိုရိုက်တာ ကန်စွန်းခင်းက လူတွေကမြင်ပြီး မသင်္ကာတာနဲ့ မေးတော့မှ သူက ကလေးထားပြီး ထွက်ပြေးသွားတာ”ဟု ကလေးမိခင်မ၀င်းမာက ပြောသည်။ မြောက်ဥက္ကလာပ မြို့နယ်အ တွင်း အသက် ၁၃ နှစ်အောက် ကလေးပျောက်မှုတွင် မဇူလိုင်မိုးကျော် အပါအ၀င် ပြီးခဲ့သည့်တစ်လကျော်အတွင်း လေးဦး ပျောက်ဆုံးခဲ့ကာ မဇူလိုင်မိုး ကျော်နှင့် တစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သော်လည်း ကျန်နှစ်ဦးမှာ ယခုအချိန်ထိ ရှာတွေ့ခြင်းမရှိသေးချေ။ ပျောက်ဆုံးနေဆဲ မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့ သစ် (၈) ရပ်ကွက်မှ အသက် လေးနှစ်အရွယ် မမေသူခိုင်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ည ၉ နာရီအချိန်၌ မုန့်ဝယ်ရာမှ ပြန်လာသောသူမအား လမ်းတွင် အမျိုးသားတစ်ဦးက စက်ဘီးအနောက်မှ တင်ခေါ်သွားခဲ့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ “အဲဒီလို အချိန်မှာ ကလေးကို ဘယ်သူမှ မုန့်ဖိုးမပေးဘူး။ မုန့်ဖိုးဘယ်သူပေးမှန်းမသိဘူး။ သူ့ဘာသာသူ မုန့်သွားဝယ်စားတာ။ ကလေးက တော်ရုံတန်ရုံ ဘယ်သူမှ ခေါ်လို့မရဘူး။ ကလေးနဲ့ပတ်သက်ပြီး ဒီလောက်ရှာတာ ဘာသဲလွန်စမှ မရသေးဘူး”ဟု မေသူခိုင်၏မိခင် မကေခိုင်က ပြောကြားသည်။ မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ ၅ လမ်းမှ အသက် ၁၂ နှစ်အရွယ် မအေးမာလာလွင်သည် ၂၀၁၂ ဇူလိုင် ၂၈ ရက်နံနက် ၇ နာရီခန့်က သူမတစ်ဦးတည်း အဘွားဖြစ်သူ သီလရှင် ဒေါ်ဓမ္မစာရီနေထိုင်သော သီလရှင်ကျောင်းသို့သွားပြီး အပြန်တွင်ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ “အဘွားတို့ရှာနေတာ နှံ့နေပြီ။ နယ်တစ်ခွင်မှာကော ဆေးရုံတွေ၊ ဈေးတွေအစုံရှာတယ်။ မတွေ့ဘူး။ ဘုရားပွဲတွေမှာလည်း ရှာမယ်”ဟု အဘွားဖြစ်သူ ဒေါ်ဓမ္မစာရီကပြောသည်။ မေသူခိုင်နှင့် အေးမာလာတို့၏ မိဘများမှာ သက်ဆိုင်ရာရဲစခန်းများသို့ လူပျောက်တိုင်ကြားထားသော်လည်း ပျောက်ဆုံးနေဆဲဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နှစ်လျှင် လူပျောက်မှုအမှုပေါင်း ၃၀၀ မှ ၄၀၀ ကြားရှိ ကာ အများစု ပျောက်ဆုံးသည့် အရွယ်များမှာ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားဖြစ်သည်။ လူပျောက်မှုများသည် များသောအားဖြင့် ပြန်လည်တွေ့ရှိကြပြီး မတွေ့ဘဲ ကျန်ရှိနေသေးသည့် အရေအတွက်မှာ ဆယ်ဂဏန်းမျှရှိ သည်ဟု ဆိုသည်။ “လူတွေကထင်တဲ့ တို့ဆေးဆိုတာ လုံးဝမရှိဘူး။ အစားအသောက်ထဲမှာသာ တစ်ခုခုထည့်ပြီး လုပ်လို့ရမယ်။ တို့ဆေးဆိုတာတော့ မရှိပါဘူး”ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ ပျောက်ဆုံးမှုဖြစ်စဉ်အများစုမှာ အိမ်ဖော်အလုပ်လုပ်ရာမှ ထွက်ပြေး၍သော်လည်းကောင်း၊ ယောက်ျားနောက် လိုက်၍သော်လည်းကောင်း ဖြစ်ပွားမှုအများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ လက်ရှိ လူပျောက်မှုများတွင် သက်ဆိုင်ရာဌာနမှ အကူအညီထက် မိမိတို့ကိုယ်တိုင်ရှာဖွေ၍သော်လည်းကောင်း၊ လူပျောက်ကြေညာခြင်းဖြင့် လည်းကောင်း ရှာဖွေတွေ့ရှိမှုအများ ဆုံးဖြစ်ကြောင်း ပျောက်ဆုံးသူမိသားစုများက ပြောသည်။ တာမွေမြို့နယ်တွင်း နေထိုင်သူအသက် ၁၃ နှစ်အရွယ် မောင်ဝေယံထွဋ်သည်လည်း ၂၀၁၁ ဒီဇင်ဘာလ ၃ ရက်က လူထုလမ်းလျှောက်ပွဲသို့ အတန်းပိုင် ဆရာမနှင့်အတူ လိုက်သွားခဲ့ပြီးနောက် အပြန်တွင် ကျောင်းနှင့်အိမ် လမ်းခရီးတွင် ပျောက်ဆုံးနေရာ ကိုးလခန့်ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ ပြန် မတွေ့သေးပေ။ “ဦးတို့ ရှာတယ်။ စုံနေပြီ။ ဈေးတွေရော၊ သန်လျင်က လူငယ်စခန်းတို့၊ ငှက်အော်စမ်းတို့လည်း သွားခဲ့ပြီးပြီ။ နောက်ပြီး အသက်မပြည့်ဘဲ ကလေးစစ်သား ၄၀ ကျော် နုတ်ထွက်ခွင့်ပေးတုန်းကပါမလားဆိုပြီး သွားကြည့်တယ်။ မတွေ့ဘူး”ဟု အဘိုးဖြစ်သူ ဦးကျော်ဟိုးက ပြောသည်။ ဆက်လက်၍ အဘွားဖြစ်သူကလည်း “သက်ဆိုင်ရာ ရဲစခန်းတွေကိုလည်း အကြောင်းကြား ထားတာ ဘာသတင်းမှ မထူးသေးဘူး။လူကုန်ကူးအဖွဲ့ကိုလည်း အကြောင်းကြားတယ်။ ရှာပေးမယ် ပြောတယ်။ ဘာမှလုပ်ပေးတာတော့မတွေ့သေးဘူး”ဟု ဆိုသည်။ အခြားမြို့များထက် ရန်ကုန်မြို့သည် လူပျောက်မှု အများဆုံးဖြစ်ပွားမှုရှိပြီး တစ်လလျှင် လူ ၈၀ ကျော်၊ ၁၀၀ နီးပါးခန့် ပျောက်ဆုံးလေ့ရှိကြောင်း သတင်းရရှိသည်။ နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြသော အသက် ၁၈ နှစ်အောက် လူပျောက်ကြော်ငြာရှင်များကို 7Day News ဂျာနယ်မှ စုံစမ်းမေးမြန်းရာ၌ လူပျောက်မှု ၁၄ ခုအနက် ၅ မှုမှာ ရှာဖွေမတွေ့သေးဘဲ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments: