Monday, 22 August 2011

လူကုန်ကူးခံရတဲ့ မြန်မာတွေရဲ့ ရလဒ်

August 22, 2011 at 11:04 am by Arakan Review
လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ရလဒ်က လုပ်အားခနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံး၊ အချိန်ပေါင်းများစွာ ကုန်ပြီး နယ်စပ်ကို ပြန်ပို့ ခံရခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ပုံစံအမျိုးမျိုးနဲ့ အမြတ်ထုတ် ခံရပြီး စွန့်ပစ်ခြင်း ခံလိုက်ရတာပါ။ မြ၀တီက ဒီကေဘီအေ ကိုး သုံးလုံး ဂိတ်မှာ ဘတ်ငွေ ၂၅၀၀/၃၀၀၀ ပေးနိုင်မှ အပြင်ကို ထွက်လို့ ရပါတယ်။ သွားလိုရာကို သွားခွင့် ရပါတယ်။ မပေးနိုင် မရွေးနိုင်သူတွေကို လူကုန်ကူးသူတွေက ပြန်လည်ပြီး အရောင်းအ၀ယ် လုပ်ကြပါတယ်။

ဒီငွေတွေကို လူကုန်ကူးခံရပြီး နယ်စပ်ကို စွန့်ပစ် ခံထားရတဲ့ မြန်မာ အလုပ်သမားတွေ ဘယ်လို ရှာကြရမလဲ။ ဘယ်က ရနိုင် မလဲ။ ဒီ အဖြစ် အပျက်တွေကို ထိုင်း မြန်မာနဲ့ ကုလသမဂ္ဂ United Nations Inter-Agency Project on Human Trafficking in the Greater Mekong Sub-Region (UNIAP) တို့ မသိ ချင်ယောင် ဆောင်ထား ကြတယ်။ အိမ်လည်း မပြန်နိုင်၊ ထိုင်းကို ပြန်ဝင်ပြီး အလုပ် လုပ်ဖို့ကလဲ ခဲမှန်ထားတဲ့ စာသူငယ် မကတော့ဘူး။ အမွေးပါ အနုတ် ခံခဲ့ ရပြီးပြီ။ နင်းချေ ခံရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ခံစား ခဲ့ရပြီ။ (၂၀၁၁) ခု ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့က ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာခဲ့တဲ့ လူကုန်ကူး ခံရသူတွေကို တနှစ် နေထိုင်ခွင့် ပြုတယ်ဆိုတဲ့ စာရွက်ကို ပြပြီးတော့ ထိုင်း အာဏာပိုင်တွေနဲ့ နွန်ထဘူရီနဲ့ ပထုံဌာနီက ကယ်ဆယ်ရေး စခန်း အရာရှိတွေကို ကျနော်တို့ အရေး ဆိုခဲ့ပေမယ့် သူတို့ကို အမိန့် မပေးသေးလို့ မသိပါလို့သာ တုန့်ပြန် ခဲ့ပါတယ်။ ဒါကြောင့် လူကုန် ကူးခံခဲ့ရတဲ့ မြန်မာ အလုပ်သမားတွေရှဲ့ ဘ၀မှာ ဘာဆို ဘာမှ မျှော်လင့်စရာ အားကိုးစရာ မရှိ။ မှီခို စရာ မရှိ။ အစိုးရကလည်း အားကိုး မရ။ အဖွဲ့ အစည်းတွေကို အကူအညီ တောင်းပါတယ်ဆိုမှ ထောင်ချ ခံရပြီး လုပ်အားခ တွေ တစ်ပြားမှ ပြန်ရ မလာတဲ့အဖြစ်။ ဘ၀တွေ ပျက်ကုန် ကြတယ်။ နစ်နာ ဆုံးရှုံးမှု နောက်ဆက်တွဲတွေက တိုင်းတာ ပြောဆိုဖို့ ဝေါဟာရမရှိ။

ဘာကြောင့်မြန်မာတွေလူကုန်ကူးခံနေကြရတာလဲ
မြန်မာ နိုင်ငံမှာ နေထိုင် ရပ်တည်ရေးတွေ အတွက် ၀မ်းဝ လောက်တဲ့ အလုပ်အကိုင် အခွင့် အလမ်းတွေ နည်းပါး တာကြောင့် ဖြစ်တယ်။ ဒါကြောင့် ငယ်ရွယ်ပြီး ကျန်းမာ သန်စွမ်းတဲ့ မြန်မာတွေ သန်းချီ ပြီးတော့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ် နိုင်ငံတွေကို နည်း အမျိုးမျိုးနဲ့ ထွက်ခွာ လာခဲ့ ကြပါတယ်။ ကျား/ မ အရွယ်စုံ ပါတယ်။ မြန်မာ အလုပ်သမား နိုင်ငံတိုင်း လိုမှာ ရှိနေပြီး ဖြစ်ပါတယ်။

မြန်မာ ပြည်က ဘွဲ့ရတွေ ထိုင်း နိုင်ငံမှာ အလုပ်ကြမ်း လုပ်နေ ကြပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အလုပ် ပေါင်းစုံမှာ လာပြီး အလုပ် မလုပ်ကြရင် မြန်မာ ပြည်က မိသားစု ထမင်းမ၀ ပညာ မသင်ရတဲ့ အနေအထား အထိ ဖြစ်နေ ကြပြီး ဖြစ်ပါတယ်။ အချို့ ရွာတွေမှာ ဆိုရင် လူအိုနဲ့ ကလေးငယ်တွေသာ ရှိကြပြီး အသက် (၁၀) နှစ်ကျော် အရွယ် လောက်ကနေ အသက် (၆၀) လောက် အရွယ်အထိ လာရောက် အလုပ် လုပ်နေကြဆဲ ဖြစ်ပါတယ်။

ကျေးရွာတွေနဲ့ နယ်စပ်တွေမှာ လူကုန် ကူးသူတွေက ဘန်ကောက်နဲ့ မြို့ကြီးတွေက စက်ရုံ အလုပ်ရုံတွေမှာ လုပ်ရမယ်။ ငါး သေတ္တာရုံ ပန်းကန်ရုံမှာ လုပ်ရမယ်။ (၃) လ အလုပ်ဆင်းရင် လမ်းစရိတ် ကျေပြီး နေထိုင်ခွင့် (ဘတ်) လုပ်ပေးမယ်။ အစ ရှိသဖြင့် ဖျားယောင်း သွေးဆောင် ခေါ်ယူပြီး ပြန်လမ်း အထူး နည်းပါးတဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင်မှာရှိတဲ့ အချောင် လှေဆိပ် ပင်လယ် ငါးဖမ်း လှေပေါ်ကို ရောင်းချ လိုက်ကြ ပါတယ်။ အချို့ အလုပ်သမားတွေဟာ မိမိသွားလိုတဲ့ ဘန်ကောက်လို မဟာချိုင်လို နေရာကို သွားဖို့အတွက် လူ ပွဲစားတွေကို စရိတ် အကျေ ပေးချေပြီး ဖြစ်ပေမယ့် စောစောက ပြောတဲ့ အချောင် လှေဆိပ်က ငါးဖမ်း လှေပေါ်ကို ရောင်းချ လိုက်ခြင်းဟာ အဆိုးဆုံး ယုတ်မာ ပက်စက်မှု ဖြစ်တယ်။

ကြီးမားကျယ်ပြန့်တဲ့လူကုန်ကူးဂိုဏ်းကွန်ယက်
ဒီလို အခင်း အကျင်းတွေကြောင့် လူကုန်ကူးတဲ့ ဂိုဏ်းတွေဟာ ကျေးရွာ မြို့ပြနဲ့ နယ်စပ် အပါအ၀င် စက်ရုံ အလုပ်ရုံ အထိ ဆက်စပ် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ အလုပ် လုပ်လိုကြတဲ့ ရခိုင်ဒေသ၊ ဧရာဝတီတိုင်း ဒေသနဲ့ ချင်း ပြည်နယ်နဲ့ အခြား မြို့ရွာတွေက အလုပ် သမားတွေကို ရွာက ပွဲစားတွေက ရန်ကုန် ကတစ်ဆင့် မြ၀တီနဲ့ ကော့သောင်း မြို့တို့ကို ပို့ဆောင် ပေးကြ ပါတယ်။ တရုတ်ပြည်ဘက်ကို သွားကြမယ့် မန္တလေးတိုင်း စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်နဲ့ ရှမ်း ပြည်နယ်က အလုပ် သမားတွေကို တော့ တောင်ကြီး၊ လာရှိုးနဲ့ တာချီလိတ်တို့က ပွဲစားတွေက စုဆောင်း ပို့ဆောင် ကြပါတယ်။

နယ်စပ်မှာ အခြေစိုက်တဲ့ လူကုန်ကူး ဂိုဏ်းချုပ်ကြီးတွေ အထူး ကြီးပွား ချမ်းသာ ကြပါတယ်။ ဆက်စပ် ပတ်သက်သူ ဟူသမျှ အဆင် ပြေကြတာကြောင့် အထူး စည်းလုံး ညီညွတ် ကြပါတယ်။ တပြိုင်တည်းမှာပဲ ပတ်သက် ဆက်နွယ် နေကြတဲ့ အာဏာပိုင်တွေလည်း မြိုးမြိုး မျက်မျက် ၀ါးကြ ရပါတယ်။ လိုတ ရကြပါတယ်။

မြန်မာအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး
လူကုန် ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂ အထောက်အပံ့နဲ့ လူ ကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ဆိုပြီး ရဲ တပ်ဖွဲ့က အရာရှိ အချို့ ဖွဲ့စည်း ထားတာ ရှိပါတယ်။ ရန်ကုန် မန္တလေး ရထားတွေနဲ့ ကားဂိတ်တွေမှာ တောရွာက ဆင်းရဲပြီး အလုပ် အကိုင် မရှိသူတချို့ မြို့ပေါ်မှာ အိမ်ဖေါ် အလုပ် လုပ်ဖို့ လာသူ အချို့တွေကို လူ ကုန်ကူးတယ် ဆိုပြီး ဖမ်းဆီးပါတယ်။
ထိုင်းကို လာပြီး အလုပ် လုပ်မယ့် အလုပ် သမားတွေကို အဝေးပြေး ကားလမ်းမှာ ဂိတ်ချပြီး ဖမ်းဆီးတယ်။ ဒါကြောင့် ကျေးရွာထဲက နယ်စပ် ဖြတ်ကျော် အလုပ် လုပ်လို ကြတဲ့ လူတွေက လူ ကုန်ကူးသူတွေ လက်ထဲကို ကျပ်ငွေ ငါးသိန်းထက် မနည်း ပေးပြီး ထိုင်း နိုင်ငံကို ပို့ဆောင် ခိုင်းရပါတယ်။

မြန်မာတွေ တရုတ် နိုင်ငံနဲ့ ထိုင်း နိုင်ငံတွေထဲမှာ သောင်း သိန်းချီပြီး လူကုန် ကူးခံနေရပြီး ဖြစ်သလို ဆက်လက် ပြီးတော့လည်း လူကုန်ကူး ခံနေရဆဲ ဖြစ်ပါတယ်။ မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ အနေနဲ့ သတင်း အချက်အလက် စုဆောင်းတာက အစ အရေးယူ ဆောင်ရွက်ချက်တွေ အထူး အားနည်းကြောင်း တွေ့ရှိ ရပါတယ်။ အလားတူ လူကုန်ကူး ခံရသူတွေကို အလျင်အမြန် ကယ်တင် ကာကွယ် ပေးပြီး ၎င်းတို့ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကိုင် ခွင့်ရအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ မြ၀တီမြို့ ကမ်းနားမှာ ရှိတဲ့ ကိုး သုံးလုံး ဂိတ်လို နေရာတွေမှာ ထိုင်းနိုင်ငံက ဖမ်းဆီး ပြန်ပို့ ခံရသမျှ လူတွေကို တစ်ယောက်ကို ဘတ် (၂၅၀၀/ ၃၀၀၀) နဲ့ ရွေးနေရတယ်။ နေ့စဉ် ထိုင်းမြန်မာ နယ်စပ်ကို တရားမ၀င် ဖမ်းဆီး ပြန်ပို့ခံရသူ (၄၀၀) ထက် မနည်း ရှိပါတယ်။ ဒီ လူရောင်းဝယ် ဈေးကွက် ဖြစ်နေတာ နှစ် (၂၀) ထက်မနည်း ရှိပြီး ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားတွေ၊ မိမိကိုယ် သတ်သေချင်တဲ့ နေရာလို့တောင် ပြောကြပါတယ်။ ငိုချင်းရှည် ချရလွန်းလို့ သောင်းရင်းမြစ်ရေ ထက်ဝက်လောက်ဟာ မြန်မာ မျက်ရည်တွေ ဖြစ်တယ်လို့ လူကုန်ကူး ခံရပြီး ဖမ်းဆီး ပြန်ပို့ခံခဲ့ရတဲ့ မနီ ဆိုတဲ့ မြန်မာ အိမ်ဖေါ် အလုပ်သမ တဦးက ပြောဖူးပါတယ်။

ဒီကေဘီအေ ကိုးသုံးလုံး ဂိတ်ထဲမှာ ပေါ်ပေါ် ထင်ထင် ရောင်းဝယ် ဖေါက်ကားနေတဲ့ ဒီ လူရောင်းဝယ် ဈေးကွက်ကြီးကို ဦးစွာ အရေးယူ ဖယ်ရှင်းဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ ဖမ်းဆီး ပြန်ပို့ ခံရတဲ့ မြန်မာတွေဟာ နေရပ်ရင်းကို မပြန် လိုကြပါဘူး။

ထိုင်းမှာပဲ အလုပ် လုပ်ကိုင် လိုကြပါသေးတယ်။ မြန်မာတွေက အိမ်ပြန်ရင် အလုပ် လုပ်စရာ မရှိလို့ ပြောကြပါတယ်။ လူကုန်ကူး ခံရလို့ ဒုက္ခ ရောက်ခဲ့ရတာ မြ၀တီရောက်မှ ပြန် မရွေးနိုင်လို့ ထပ်ပြီး ရောင်းစား ခံရတယ်ဆိုတာ ရာဇ၀င် ရိုင်းလွန်း လှပါတယ်။

ထိုင်းအစိုးလူကုန်ကူးမှုတိုက်ဖျက်ရေး
ထိုင်း နိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး ရဲတပ်ဖွဲ့ ဆိုတာရှိပါတယ်။ နိုင်ငံတကာ အထောက်အပံ့ကို အပြည့်အ၀ ရရှိပြီး လွတ်လွတ် လပ်လပ် လည်ပတ်နေတဲ့ အေဂျင်စီ လုပ်ငန်း ဖြစ်ပါတယ်။ လူ အင်အား၊ ငွေ အင်အား နည်းပညာ အသုံး အဆောင် အင်အား အထူး ပြည့်စုံ ပါတယ်။ ထိုင်းနိုင်ငံနဲ့ ထိုင်းလူမျိုး အတွက် မဖြစ်မနေ လုပ်ရမယ့် အမှုကိစ္စများကို လုပ်ကိုင် ပါတယ်။ မြန်မာ တွေကို ကျွန်ပြု နေရပြီး ထိုင်းလူမျိုးတွေ အတွက် ထိုင်း ထုတ်ကုန်တွေ အတွက် အကျိုး ဖြစ်ထွန်း နေတာကြောင့် မမြင်ချင်ယောင် ဆောင်ပါတယ်။ ၎င်းတို့ အမှု လိုအပ်ချိန်မျိုးမှာ အထောက်အထား ခိုင်ခိုင် မာမာနဲ့ တိုင်ကြားနိုင်ရုံမက၊ ဖမ်းဆီးရေး မြေပုံနဲ့ ဖမ်းဆီးရေး လုပ်ငန်းစဉ်တွေမှာ ရှေ့က ကျည်ကာ အဖြစ် လိုက်နိုင်မှ လိုက်လံ ဖမ်းဆီးပါတယ်။ ထိုင်း လူမျိုးနဲ့ ထိုင်းနိုင်ငံ အတွက်တော့ တကယ့် မျိုးချစ် ပြည်ချစ်တပ်ဖွဲ့ တစ်ဖွဲ့ကြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ရဲ့ ပြည်ပ ပို့ကုန်တွေ အထဲ အဓိကကျတဲ့ ပင်လယ် အစားအစာ ထုတ်လုပ်မှု လုပ်ငန်းမှာ မြန်မာ ရေလုပ်သားတွေ သောင်းသိန်း ချီပြီး လူကုန်ကူး ခံနေရဆဲ ဖြစ်ပါတယ်။ ငါးဖမ်းလှေက ထွက်ပြေး လွတ်မြောက် လာတဲ့ မြန်မာ ရေလုပ်သား မိသားစုတို့ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်မှ လှေတစ်စီး၊ ဒါမှမဟုတ် ပိတ်လှောင်ထားတဲ့ အခန်း တခန်းလောက်ကိုပဲ ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေက ၀တ်ကျေ တန်းကျေ ဖမ်းဆီး အရေးယူပါတယ်။ အသေးစိတ်တွေကို ပြောရရင် ဆုံးမှာ မဟုတ်ဘူး။ ထိုင်းလူကုန်ကူးမှု ဥပဒေဟာ လူကုန်ကူး ခံထားရတဲ့ မြန်မာတွေကို ကယ်တင် နိုင်ဖို့အတွက် အထူး အားနည်း ပါတယ်။ မြန်မာ အစိုးရ အနေနဲ့လည်း နိုင်ငံဖြတ်ကျော် လုပ်ကိုင်ဖို့ ခက်ခဲ နေဟန် ရှိပါတယ်။ မလုပ်နိုင်တာလည်း ဖြစ်နိုင် ပါတယ်။

ဒါပေမယ့် မြန်မာ အစိုးရအနေနဲ့ UNIAP တို့နဲ့ ပူးပေါင်းပြီး ထိထိ ရောက်ရောက် လုပ်မယ် ဆိုရင် ရနိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ ခိုင်မာတဲ့ အချက်အလက်တွေ နည်းလမ်းတွေ လမ်းကြောင်းတွေကို သိရှိ ထားပေမယ့် တရားဝင် လုပ်ကိုင်ခွင့် မရှိတာကြောင့် လုပ်ကိုင် ရတာ အထူး ခက်ခဲ ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဘန်ကောက်၊ လန်ဆောင် နယ်မြေ ထပ်ခမ်း ရဲစခန်းက ရဲတွေက (ဘတ်) လုပ်ထားတဲ့ မြန်မာ အလုပ် သမား (၃) ယောက်ကို ဖမ်းပြီးတော့ ပိုက်ဆံ တောင်းတယ်။ အလုပ်သမားတွေက မပေးနိုင်တော့ ရဲစခန်းမှာရှိတဲ့ ဘာသာပြန် လုပ်နေတဲ့ မြန်မာ ပြည်ဖွား ကုလား (၂) ယောက်ကို ရောင်းခိုင်း လိုက်တယ်။ ကျနော်တို့နဲ့ အဲဒီ အလုပ်သမားတွေရဲ့ မိသားစုတွေက မဟာချိုင်မှာ ငါးဖမ်း လှေပေါ် ရောင်းစားခါနီး ကံကောင်းလို့ ကယ်တင် နိုင်လိုက်တယ်။ လူကုန် ကူးသူ တွေကိုပါ လက်ပူး လက်ကြပ် ဖမ်းမိပါတယ်။ ဒါပေမယ့် လူကုန် ကူးသူတွေကို အဲဒီ ရဲစခန်းက ပြန်လွှတ် ပေးလိုက်ပါတယ်။ လူကုန်ကူးသူတွေကို လူကုန်ကူးခံရသူတွေက တရား စွဲဆို ချင်ပေမယ့် ထိုင်းလူကုန်ကူးမှု ဥပဒေက အလွန် စိတ်ပျက်ဖွယ်ရာ ရှိနေပြန်တယ်။ အလားတူ စိတ်ပျက်ဖွယ်ရာ ဖြစ်ရပ်တွေ အများကြီး ကြုံဖူး ပါတယ်။

ကုလသမဂ္ဂ UNIAP နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် အင်ဂျီအိုများ
မြန်မာ နိုင်ငံအစိုးရ ဖွဲ့စည်းထားတဲ့ ပြည်သူ့ ရဲတပ်ဖွဲ့တို့ အတွက် အသွားအလာ စရိတ်စကတွေကို ထောက်ပံ့ ပေးတယ်။ ထိုင်း နိုင်ငံမှာတော့ ထိုင်း အစိုးရမှာ သီးခြား ဖွဲ့စည်းထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့ ထိုင်းလူမျိုးတွေဖွဲ့ စည်းထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အမည်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို လုံးလောက်တဲ့ ငွေကြေးတွေ ပြည့်ပြည့်၀၀ ထောက်ပံ့ ပေးထားပါတယ်။ နိုင်ငံတကာ သတင်း ဌာနတွေမှာ တက်လာတဲ့ လူကုန်ကူးမှု သတင်းတွေကို အထူးပြုပြီး မှတ်တမ်းတင်ပါတယ်။

UNIAP ဟာ လူကုန်ကူး ခံရသူတွေ အပါအ၀င် မြန်မာ အလုပ်သမား အဖွဲ့တွေက အကြောင်းကြား အကူအညီ တောင်းခံ လာခဲ့ရင် သူတို့ ထောက်ပံ့ ကူညီထားတဲ့ အဖွဲ့အစည်းတွေကို အထောက်အထားတွေနဲ့ ဒါလေး လုပ်ပေးပါ ဆိုပြီးတော့ သတင်းပေးပြီး လုပ်ခိုင်းပါတယ်။ သူတို့ ပေးထားတဲ့ အင်ဂျီအိုတွေ ထိထိ ရောက်ရောက် လုပ်/မလုပ်တော့ ၎င်းတို့သာ သိပါမယ်။

လူကုန်ကူး ခံရတဲ့ သူတွေကို ထိန်းသိမ်းထားတဲ့ အမည်ခံ ကယ်ဆယ်ရေး စခန်း (အကျဉ်းထောင် တမျိုး) တို့မှာ ဒေါ်လာစား ဘာသာပြန် မြန်မာလူမျိုး ကိုကိုမမတွေကလည်း ဒုက္ခ ရောက်တဲ့ လူကုန်ကူး ခံရသူတွေကို စေတနာ ထားရှိမှု မရှိဘဲ ထိုင်းအစိုးရ အလိုကျ လူကုန်ကူး ခံရသူတွေကို ပြုမူ ဆက်ဆံ ပါတယ်။ ကိုယ်ချင်းစာ စိတ် အထူး နည်းပါး ကြတယ်။ မသိ နားမလည်တဲ့ မြန်မာ အလုပ်သမတွေကို လိုအပ်တာကို ကူညီဖို့ စိတ်ဓါတ် မရှိကြဘူးလို့ ပြန်လည် လွတ်မြောက် လာတဲ့ လူကုန်ကူး ခံရသူတွေက ပြောပြပါတယ်။

သုံးပွင့်ဆိုင် လူကုန်ကူးမှုတိုက်ဖျက်ရေးအနေအထားများ
လူကုန် ကူးမှုတွေကို ထိုင်းနဲ့ မြန်မာ အစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေက ထိထိရောက်ရောက် အကာအကွယ် မပေးနိုင်ပါ။ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကလည်း အထက်က ဖေါ်ပြခဲ့တဲ့ အတိုင်း လူကုန်ကူး ခံရသူက မြန်မာတွေ ဖြစ်ပြီး အကျိုး ဖြစ်ထွန်း နေတာက ထိုင်း ဖြစ်ပါတယ်။ UNIAP ကတော့ သတင်းဌာနတွေမှာ တက်လာ သမျှကို မှတ်တမ်း တင်တဲ့ သံသရာမှာ တ၀ဲ လည်လည်သာ ဖြစ်တယ်။ ထိုင်း မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေကို ပုံမှန် စည်းဝေးတွေ လုပ်စေတယ်။ ကုလသမဂ္ဂရဲ့ ကတိ က၀တ် ကိုယ်၌ကလည်း သက်ဆိုင်ရာ နိုင်ငံ အစိုးရ အောက်က သာလျှင် လုပ်ကိုင်ရတာ ဖြစ်တယ်။

ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သည့် ကြိုးကြာ ရေ ရှာမရသကဲ့သို့
စာရေးသူဟာ ထိုင်း နိုင်ငံမှာ နေထိုင်ပြီး လုပ်ခ လစာမရှိပဲ ကိုယ့်ထမင်း ကိုယ်စားပြီး အလုပ်သမား ကိစ္စရပ်တွေကို လုပ်ကိုင် လာခဲ့သူ ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်ရင်း လူကုန်ကူး ခံရသူတွေကို ကူညီဖို့အထိ ဖြစ်လာခဲ့ရတယ်။ အတော် အန္တရာယ်များတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ထိုင်း အင်ဂျီအိုတွေ ထုတ်ဝေကြတဲ့ လက်ကမ်း စာစောင်တွေမှာ စာရေးသူရဲ့ ဖုန်း နံပါတ် ပါတတ်ပါတယ်။ ဒါ့အပြင် မြန်မာအချို့တွေ ကူးယူ ဖြန့်ချိကြတဲ့ မြန်မာ စီဒီခွေတွေ အပါအ၀င် ဘန်ကောက်လမ်း ညွှန်စာအုပ်တွေမှာ ထည့်သွင်း ထားတာကြောင့် မြန်မာ အလုပ်သမား အတော်များများ ကျနော့် ဖုန်းနံပါတ်ကို မှတ်ထား ကြဟန် တူပါတယ်။ နယ်စပ်ဒေသက အစိုးရနဲ့ လူကုန် ကူးသူတွေတောင် မှတ်ယူ ထားကြောင်းလည်း သိရှိရပြန်ပါတယ်။ သိပေမယ့် မလုပ်နိုင်သလို ကျနော်တို့ မသိတာနဲ့ မလုပ် နိုင်တာတွေလည်း အများကြီးပါ။

မြန်မာ အလုပ်သမားတွေ၊ လူကုန်ကူး ခံရမှုတွေနဲ့ လူ့အခွင့်အရေး အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှု ကိစ္စရပ် အတော်များများ တို့ကို UNIAP ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ အင်ဂျီအို အဖွဲ့အချို့တွေကို အချက် အလက် များစွာ တင်ပြ ဖူးပါတယ်။ အမှုပေါင်း များစွာ တိုင်ကြား ဖူးပါတယ်။ ဒါပေမယ့် ထိုင်းအလုပ်သမားဥပဒေ ပြဌာန်းချက်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေတွေဟာ လူကုန်ကူး ခံရသူတွေအတွက် အကာအကွယ် အထူး နည်းပါး ပါတယ်။ ကြိုတင် ကာကွယ်မှု အတွက်လည်း အထူး အားနည်းပါတယ်။ အလုပ်သမားတွေ လုပ်ခဲ့သမျှ လုပ်အားခတွေ အလုပ်သမားတွေ ပိုင်ဆိုင်တဲ့ ရွှေ လက်ဝတ် လက်စားနဲ့ ငွေကြေး အပါအ၀င် လက်ကိုင် ဖုန်းတွေကို ပြန်လည် ရရှိဖို့အတွက် ဘယ်သူကမှ ဂရုတစိုက် လုပ်ပေးတာမျိုး မရှိပါ။ အဲဒါတွေကို အမှု ပြီးစီးချိန်မှာ ပြန်မပေးဘဲ မသိချင်ယောင် ဆောင်နေ တတ်ကြပါတယ်။ ကျနော်တို့က ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို ဒီကိစ္စကို တင်ပြပေမယ့် အကြောင်း မထူးပါဘူး။ ကျနော်တို့ကို အားကိုးနေကြတဲ့ မျက်စိသူငယ်နဲ့ ဖြစ်နေရှာတဲ့ လူကုန်ကူး ခံရတဲ့ မြန်မာ အလုပ်သမားတွေကို ကျနော်တို့ ဘာပြောလို့ ပြောရမှန်း မသိတော့ဘူး။ ကျနော်တို့ အလွန် စိတ်ထိခိုက် ကြရပါတယ်။

တစ်ခါတစ်ရံ မြန်မာ အစိုးရက စေလွှတ်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ အကြီးအကဲတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ တွေ့ဆုံခွင့် ရတုန်း လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ဆိုးဝါးတဲ့ အနေအထားတွေကို တင်ပြ ဖြစ်ပါတယ်။ လူကုန် ကူးခံရ သူတွေ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ ကျနော်တို့ ၀င်ရောက် ဖမ်းဆီင်္းတဲ့အချိန်မှာ လတ်တလော လွတ်မြောက်သလို ဖြစ်ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးက အထူး နစ်နာပါတယ်။ ကယ်ဆယ်ရေး စခန်းတွေထဲမှာ ထောင်သားလို နေထိုင်ရပြီး မြန်မာတွေ စားလို့ အဆင်မပြေတဲ့ သကြားနိုင်းချင်းနဲ့အစားအစာတွေကို လပေါင်းများစွာ စားသောက်ရ ပါတယ်။ ၀င်ငွေ တပြား တချပ်မှ မရဘဲ လပေါင်း များစွာ စိတ်ဆင်းရဲစွာ နေရပါတယ်။

နွန်ထဘူရီ အမျိုးသမီး ကယ်ဆယ်ရေး စခန်းမှာ ထိန်းသိမ်း ခံရတဲ့ မြန်မာ အလုပ်သမတွေ အနေအထားကို အနည်းငယ် ပြောပြ
ချင်ပါတယ်။ စိတ်အား ငယ်ငယ်နဲ့ အစား ဆင်းရဲ အနေ ဆင်းရဲ နေရချိန်မှာ စခန်းထဲမှာ အတူနေရသူတွေက ထိုင်းနဲ့ လာအို အမျိုးသမီးငယ်တွေ ဖြစ်တယ်။ သူတို့တွေက ကာရာအိုကေဆိုင်နဲ့ ပြည့်တန်ဆာရုံတွေက ဖမ်းဆီး လာသူတွေ ဖြစ်တယ်။ စခန်းက တာဝန်ရှိသူတွေက တရား ထိုင်းခိုင်းချိန်မှာ မြန်မာအလုပ်သမတွေက ငြိမ်ငြိမ်သက်သက် တရား ထိုင်နေပေမယ့် အဲဒီ အမျိုးသမီးတွေက မျက်နှာကို မှန်ချပ်ငယ်နဲ့ ကြည့်နေကြတယ်။ မိတ်ကပ် လိမ်းနေကြတယ်။ အဆိုးဆုံးက အပျော်မယ် ဘ၀က လာကြသူတွေ ဖြစ်တာကြောင့် အိပ်ခါနီးမှာ အမျိုးသမီး အချင်းချင်း မဖွယ်မရာ ပြုမူကြတာ မမြင်ချင်အဆုံး ဖြစ်နေရတာက အတော့်ကို ရှက်ကြ ရတယ်လို့ ပြန်လွတ်လာတဲ့ မြန်မာ အလုပ်သမတွေက ပြောပြပါတယ်။

ပထုံဌာနီ ကယ်ဆယ်ရေး စခန်းထဲကို ရောက်ခဲ့ရတဲ့ မြန်မာ အလုပ်သမားတွေ ဆိုလည်း လုပ်ငန်းခွင်တွေမှာ ကျန်နေခဲ့တဲ့လုပ် အားခ ရချင်ကြပါတယ်။ ဆုံးရှုံး ခဲ့တာလေးကိုလည်း လိုချင်ကြပါတယ်။ ခြုံပြောရရင် ဒီကယ်ဆယ်ရေး စခန်းတွေကို မြန်မာ နိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က အကြီးဆုံး ရဲမှူးကြီးတွေ ရောက်ပါတယ်။ အလုပ်သမားတွေနဲ့ ကျနော်တို့တွေလည်း ထိုင်း မြန်မာ အစိုးရ နှစ်ရပ်လုံးကို တင်ပြပါတယ်။ အလုပ်သမားတွေရဲ့ ချွေးနှဲ စာလေးတွေကို ပြန်ရဖို့ တောင်းဆို ဖူးပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ အစိုးရတွေဟာ ဒီ လူကုန်ကူး ခံရသူတွေကို ကိုယ်ချင်း စာပြီးတော့ ဖြေရှင်း ပေးတာမရှိပါဘူး။ ဒီအစိုးရ နှစ်ရပ်ရဲ့ အန္တိမ ရည်မှန်းချက်က လူကုန်ကူး ခံထားရပြီး ကယ်ဆယ်ရေး စခန်းထဲနဲ့ အကျဉ်းထောင်ထဲမှာ ထိန်းသိမ်း ခံထားရတဲ့ အလုပ်သမားတွေ နယ်စပ်ကို မြန်မြန် ပြန်ရောက် ရေးပဲ ဖြစ်ပါတယ်။ လုံးချေပြီး မြန်မြန် စွန့်ပစ် သလို ပုံစံမျိုးဆိုရင် ပို မှန်မယ် ထင်ပါတယ်။ ဒီ ကယ်ဆယ်ရေး စခန်းတွေဟာ လူအမြင်နဲ့ လူအကြားမှာတော့ ပြန်လည် ထူထောင်ရေး၊ ထိန်းသိမ်း စောင့်ရှောက်ရေး၊ အတတ်ပညာ သင်ကြားရေး ဆိုပြီး အသံကောင်း ဟစ်ထားတာပါ။

ဒီကယ်ဆယ်ရေး စခန်းထဲက ထွက်ပြေးလို့ ခြံစည်းရိုး အပြင်မှာ အဓမ္မ ပြုကျင့်ခံရသူတွေ အဓမ္မ ပြုကျင့်ပြီး သတ်ပစ်တာတွေ ရှိတယ်လို့ သိရ ပါတယ်။ တချို့ အမျိုးသမီးများ စိတ်ကျဉ်းကျပ်လွန်းလို့ ရေစင်ကနေ ခုန်းချပြီး မိမိကိုယ်ကို အဆုံးစီရင်လိုက်တာ ရှိတယ် လို့လည်း ပြောပြ ကြပါတယ်။ ဘယ်လောက် အထိ ပြန်လည် ထူထောင် ပေးလဲဆိုတော့ မြန်မာ အိမ်ဖေါ် အမျိုးသမီးငယ် တယောက် ထိုင်း အိမ်ရှင် စော်ကားလို့ ကိုယ်ဝန် ရှိလာခဲ့တယ်။ ကိုယ်ဝန် ရှိလာတော့ ပုလိပ်ကို အဖမ်း ခိုင်းပြီး နွန်ထဘူရီ အမျိုးသမီး ကယ်ဆယ်ရေး စခန်းထဲကို ရောက်လာတယ်။ ကလေး မွေးတယ်။ ကလေးငယ်ကို မိခင်နဲ့ခွဲပြီး အခြားကလေး ကျောင်းကို ပို့ထားတယ်။ ကလေး ပြန်ရောက် လာတဲ့အခါ လူမြင်ရင် ကြောက်နေတယ်။ သူ့အမေ ဘယ်သူဆိုတာ အသေအချာ မသိ ဖြစ်နေတယ်။ ဘယ်သူ့ကို အမေလို့ ခေါ်ရမှန်း မသိ ဖြစ်နေပါတယ်။ ဘယ်လောက် အထိ လူ့အခွင့်အရေး ချိုးဖေါက် ခံနေရသလဲ ဆိုရင် ကျနော်တို့ သွားတွေ့စဉ်မှာ ကျနော်တို့ ဖုန်းနဲ့သူတို့ရဲ့ မိသားစုဆီကို ဖုန်းဆက်ခွင့် လုံးဝမပြု ခြင်းဖြစ်တယ်။ ခုထိ ဒီ အဖြစ်အပျက်တွေ နွန်ထဘူရီ အမျိုးသမီး ကယ်ဆယ် စောင့်ရှောက်ရေး စခန်းထဲမှာ ရှိဆဲဖြစ်ပါတယ်။

ဖမ်းဆီး ခံရပြီးခါစမှာ ထိုင်းအစိုးရ လူကုန်ကူးမှု အဖွဲ့က ပြောခဲ့တဲ့ ကတိစကား အလုပ်သမား ၀န်ကြီးဌာနက လာရောက် စစ်ဆေးခဲ့တဲ့ လုပ်အားခတွေ အပြင် မိမိတို့ ဖမ်းဆီး ခံရစဉ်က ကျန်နေခဲ့တဲ့ ပိုင်ဆိုင်မှုတွေ ဟူသမျှ အကုန်ဆုံးရှုံး ရပါတော့တယ်။ လူကုန်ကူးမှုကို ဖမ်းပြီးဆိုရင် လာလိုက်ကြတဲ့ အဖွဲ့ပေါင်းစုံ သတင်းဌာန ပေါင်းစုံ နောက်ဆုံး ကျတော့ ဘယ်သူကမှ အရေးတယူ ပြီးဆုံးအောင် လုပ်ပေးတာ မရှိကြတော့ ပါဘူး။

အဆိုးဆုံး ကတော့ (၂၀၁၁) ခု ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့က ထိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက တရားဝင် ထုတ်ပြန် ကြေညာခဲ့တဲ့ လူကုန်ကူး ခံရသူတွေကို တနှစ် နေထိုင်ခွင့် ပြုတယ်ဆိုတဲ့ စာရွက်ကို ပြပြီးတော့ သူတို့ကို နေထိုင် အလုပ်လုပ်ကိုင်ခွင့် ပေးဖို့ ကျနော်က အသနား ခံပါတယ်။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေနဲ့ နွန်ထဘူရီ ပထုံဌာနီက ကယ်ဆယ်ရေး စခန်း အရာရှိတွေက သူတို့ကို အထက်က တရားဝင် အမိန့် မပေးသေးလို့ မသိပါ လို့သာ တုန့်ပြန် ခဲ့ပါတယ်။

လူကုန်ကူး ခံခဲ့ရသူတွေက ကျနော်တို့ကို အပြစ် တင်ကြတယ် အပြစ် မြင်ကြတယ်
မြန်မာ အလုပ်သမတွေ အဓမ္မ ပြုကျင့် ခံရမှုတွေနဲ့ လူကုန်ကူး ခံရတဲ့ ပြဿနာတွေကို ကိုင်တွယ်တဲ့အခါ စာရေးသူဟာ အတွေ့ အကြုံတွေအရ အထူး သတိ ထားပါတယ်။ ဘယ်လောက်ထိ အချိန်ကြာပြီး ဘယ်လောက်အထိ နစ်နာ ဆုံးရှုံးမှု ကြီးမားတယ် ဆိုတာကို သေသေချာချာ ရှင်းပြပါတယ်။ ဒါပေမယ့် မြန်မာ အလုပ်သမားတွေဟာ လူကုန်ကူး ခံနေရချိန်မှာ ကယ်ပါ ကူပါ။ ဒီငရဲခန်းက လွတ်ရင် ကျေနပ်ပါပြီလို့ ဆိုကြပါတယ်။ အကူညီပေးပါလို့ တောင်းကြပါတယ်။ အပြင်မှာ ရှိနေတဲ့ မိသားစုတွေ ကလည်း ထိုနည်းတူ အကူအညီ တောင်းခံ တတ်ကြပါတယ်။

ဒါပေမယ့် တကယ့်တကယ် အမှုရင်ဆိုင်လို့ အချိန် ကြာလာတဲ့အခါမှာ ၀င်ငွေ မရှိ မျှော်လင့်ချက်တွေ ကင်းမဲ့လာတဲ့ အခါ ကျနော်တို့ကို အပြစ်တင် အပြစ်မြင်လာ တတ်ကြပါတယ်။ အတူတူ ပူးပေါင်း ဆောင်ရွက်တဲ့ ထိုင်း အစိုးရ အာဏာပိုင်တွေကို အကျိုးအကြောင်း ပြောတော့လည်း မရတော့ဘူး။ အင်ဂျီအိုတွေကို တိုင်ပင်တော့လည်း နောက်ထပ ပရိုဇေ အတွက် ဓါတ်ပုံ ကောင်းကောင်း ရလိုက်ကြပြီး ဖြစ်တယ်။ နိုင်ငံတကာ ဒိုနာတွေကို လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ပါတယ် ဆိုပြီး ကြွားဝါစရာ အထောက်အထားတွေ ရရှိသွားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အချုပ်ထောင်နဲ့ ကယ်ရေးစခန်းထဲက မြန်မာ အလုပ်သမားတွေကို မသိချင်ယောင်ပဲ ဆောင်နေ တတ်ကြ ပါတော့တယ်။ UNIAP ကတော့ ထုံးစံအတိုင်း စိတ် မကောင်းပါဘူး လို့တော့ ပြောပါတယ်။

ကျနော်တို့ လုပ်ရပ်က လူကုန်ကူး ခံရသူနေတွကို ထိုင်း အာဏာပိုင်တွေ လက်ထဲကို ထည့်လိုက်ရပြီးတဲ့နောက်မှာ ကျနော်တို့ အလုပ်သမားတွေနဲ့ တွေ့ခွင့် မရတော့ဘူး။ စောင့်ရှောက်ခွင့် မရတော့ဘူး။ အကူအညီ ပေးခွင့် မရတော့ဘူး။ အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ထိုင်း အစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို မေးတော့လည်း ကယ်ဆယ်ရေး စခန်းကို မေးရမလို၊ ဟိုလိုလို ဒီလိုလိုနဲ့ ဝေ့လည် ကြောင်ပတ် ဖြေတတ်ပါတယ်။ ကျနော်တို့ အရူး လုပ်ခံရသလို ဖြစ်နေတယ်။ ကျနော်တို့ လုပ်ရပ်က လူကုန်ကူး ခံရပြီး ဒုက္ခ ရောက်နေသူတွေကို ထောင်ထဲ ထည့်ပြီး နယ်စပ် ပို့လိုက်တာနဲ့ပဲ အဆုံး သတ်ပါတယ်။ လူကုန်ကူး ခံရသူတို့ ဆုံရပ် ဘူတာဖြစ်တဲ့ မြ၀တီ ကိုးသုံးလုံး ဂိတ်ထဲက လူကုန် ကူးသူတွေရဲ့ လက်ထဲကိုပဲ ပြန်လည် ရောက်ရှိ ခဲ့ရပါတော့တယ်။

မြန်မာ အစိုးရကလည်း ကျနော်တို့လို အဖွဲ့ကို မသိချင်။ ထိုင်း အစိုးရကလည်း တရားဝင် အသိမှတ် မပြု။ လခစား အင်ဂျီအို တွေကလည်း တပည့်မွေး ကောက်စား ချင်တယ်။ အကူအညီ တောင်းခံခဲ့တဲ့ လူကုန်ကူး ခံရသူတွေကလည်း ကျနော်တို့ကြောင့် အလကား အချိန်ကုန် ခဲ့ရတယ်လို့ ထင်မြင် သွားတတ် ကြပါတယ်။ အပြစ်တင်ပြီး ဆဲဆို တာတွေကိုလည်း ကျနော်တို့ ၀၀လင်လင် ခံကြရပါတယ်။ လူကုန်ကူးမှု ဂိုဏ်းသား တွေကလည်း ကျနော်တို့ကို တွေ့ရာ သင်္ချိုင်း ဓါးမဆိုင်း အကြီးစား ရန်သူ စာရင်း မှတ်လိုက် ပါတော့တယ်။

မှတ်ချက်။ ။ (၂၀၁၁) ခု ဧပြီလ (၁၉) ရက်နေက ထိုင်း အစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နဲ့ စာရေးသူတို့ ထိုင်း နိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ BAT ဘန်ကောက်မြို့ ဒင်းဒဲန်မှာ မြန်မာ အလုပ်သမား (၄၃) ဦးကို ဖမ်းဆီး ကယ်တင် နိုင်ခဲ့ပါတယ်။ ကျန်လူတွေ ကိုတော့ မြ၀တီ မဲဆောက် နယ်စပ်ကို ဇွန်လက ပို့ဆောင် ခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရ သက်သေအဖြစ် (၁၅) ဦးကို နွန်ထဘူရီ ကယ်ဆယ်ရေး ခန်းမှာ ထိန်းသိမ်း ထားခဲ့ပါတယ်။ ထိုအထဲမှ (၇) ဦးကို သြဂုတ်လ (၁၆) ရက်နေ့မှာ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့ မယ်ဆိုင် တာချီလိတ် နယ်စပ်မှ ပြန်လည် ပို့ဆောင် ပေးခဲ့တယ်။ ကျန် (၈) ဦးကတော့ ဘန်ကောက် IDC ထဲမှာ အနီရောက်ကဒ် ကိုင်ဆောင် ပြီးတော့ မြန်မာနိုင်ငံကို ပြန်ပို့မယ့် ရက်ကို စောင့်နေ ကြရဆဲ ဖြစ်ပါတယ်။

ကျော်သောင်း

0 comments: