Wednesday 16 March 2011

အေအိုင်ဒီအက်စ် ၊ ကင်ဆာနှင့် CXCR4 မော်လီကျူး

မိုးကတဖွဲဖွဲရွာနေ၏။
အနက်ရောင် စူပါကက် မော်တော်ဆိုင်ကယ် တစီးသည် လမ်း ၃ဝ တလျှောက် အနောက်မှ အရှေ့သို့ မောင်းနှင်နေ၏။
ဒေါက်တာ လင်းနိုင်ထွန်းသည် ဆိုင်ကယ်မောင်းနှင်ရင်း အရှေ့အရပ်မှ ပြာလဲ့ညိုမှောင်သော ရှမ်းတောင်တန်းကြီးကို ငေးကြည့်နေမိ၏။
၇၄ လမ်းထိပ်သို့ ရောက်သောအခါ တောင်ဘက်သို့ ချိုးကွေ့လိုက်၏။ မကြာမီ ဒဏ္ဍာရီ လက်ဖက်ရည် ဆိုင်ရှေ့တွင် ရပ်သွား၏။

ဒေါက်တာလင်းနိုင်ထွန်းသည် ဆိုင်ကယ်မှဆင်းကာ ဆိုင်အတွင်း ဝင်သွားရာ ကြိုတင်ရောက်ရှိနေသော ဒေါက်တာဝင်းဝင်းမြ၊ ဒေါက်တာ မိုးမိုးခင်၊ ဒေါက်တာ သီတာမိုးကြည်နှင့် ဒေါက်တာ ဝင်းနီလာတို့က ဆီး ကြိုနှုတ်ဆက်လိုက်၏။

''လာ၊ ကိုလင်း၊ ထိုင်၊ ဘာသောက်မလဲ''

''ဖန်ချိုပဲ မှာလိုက်ကွာ။ ဘာသတင်းထူးသေးလဲ''

''ကိုလင်း နောက်ဆုံးထုတှ်ခငနညခန ဂျာနယ်ဖတ်ပြီးပြီလား''

''မဖတ်ရသေးဘူး၊ ဘာပါလို့ လဲ''

''ထူးဆန်းတဲ့ မော်လီကျူး တခုအကြောင်း ပါတယ်။ ဆရာဦးနှင်း မောင်ဆီက ဂျာနယ်ငှားလာတယ်၊ ဆရာဦးနှင်းမောင်က ငှားရုံတင် မကဘူး ရှင်းလဲပြလိုက်တယ်''

''ဟုတ်လား၊ ကိုယ့်လဲရှင်းပြ လိုက်တော့''

''ကဲ- ဝင်းကပဲ တာဝန်ယူရှင်း ပြလိုက်တော့''

ဒေါက်တာ လင်းနိုင်ထွန်းက မုံရွာသားဖြစ်၏။ ဒေါက်တာဝင်းဝင်း မြကလည်း မုံရွာသူဖြစ်၏။ တနယ်သားချင်းဖြစ်၍ ပိုရင်းနှီးကြ၏။

''ရပါတယ်၊ ရှင်းပြလိုက်ပါ့မယ်။ ဒီမော်လီကျူးက အတော်ထူး ဆန်းတယ်။ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်တာနဲ့ရော၊ ကင်ဆာရောဂါနဲ့ရော၊ ဆက်စပ်မှုရှိနေတယ်။ ဒီမော်လီကျူးကို ပညာရှင်တွေက X-Ray Crystallography နည်းပညာသုံးပြီး လေ့ လာခဲ့တယ်''

''ဘယ်က ပညာရှင်တွေလဲ''

''California က ပညာရှင်တွေကွ၊ မော်လီကျူးနာမည်က CXCR4 တဲ့။ ဒီမော်လီကျူးကို လေ့လာရာကနေ ရောဂါကုဖို့ ဆေးဝါးသစ်တွေရလာ နိုင်တယ်။ လူနာတွေ ကောင်းကျိုးအတွက် အသုံးဝင် လာနိုင်တယ်တဲ့''

''ဟန်ကျတာပေါ့ကွာ''

''ဒီ မော်လီကျူးက ပရိုတိန်း အုပ်စုတစုထဲမှာ ပါတယ်။ အဲဒီ ပရိုတိန်းအုပ်စုကို G-Protein Cou-pled Receptors လို့ ခေါ်တယ်။ အတို ကောက် GPCR လို့ ခေါ်တယ်။ ဒီအုပ်စုက ဆဲလ်ပေါ်မှာ သြဇာသက်ရောက်တယ်၊ သူတို့တာဝန်က ပြင်ပက အချက်ပြ လှုံ့ဆော်မှုတွေ ဆဲလ်အတွင်းထဲကို ပို့ဆောင်ပေးတာပဲကွ၊ ဒီလို သတ္တိရှိတဲ့အတွက် ဆဲလ်တွေရဲ့ လုပ်ငန်းတာဝန် အတော်များများကို လုပ်ဆောင်ပေးနိုင်တယ်။ ဥပမာ- ဆဲလ်ကြီးထွားမှု၊ ဆဲလ်ပွားများမှု၊ ဟိုမုန်းထုတ် လုပ်မှု စတဲ့လုပ်ငန်း တာဝန်တွေပေါ့ကွာ''

''ထူးဆန်းတယ်နော်''

''သဘာဝအလျောက် CXCR4 ဟာ ကိုယ်ခံစွမ်းအားစနစ်ကိုလဲ လှုံ့ဆော်တယ်၊ ဆဲလ်လှုပ်ရှားမှုကိုလဲ လှုံ့ဆော်တယ်၊ ဒါက မူလတာဝန်ပေါ့ကွာ။ ဒါပေမယ့် လှုံ့ဆော်မှုတွေက ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်လာတဲ့အခါ CXCR4 လဲ ဖောက်ပြန် လာတယ်။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို အားပေးတယ်။ ကင်ဆာဆဲလ် ပျံ့နှံ့မှုကိုလဲ အားပေးတယ်''

''ပြင်ပလှုံ့ဆော်မှုက ဖောက်ပြန် သွားတာကိုး''

''ဟုတ်တယ်ကွ၊ CXCR4 အကြောင်းလေ့လာရတာလဲ မလွယ် လှဘူး။ ဒီမော်လီကျူးရဲ့ ဖွဲ့စည်းတည် ဆောက်ပုံကိုသိဖို့ သုံးနှစ်ကြာ ကြိုး စားအားထုတ်ခဲ့ရတယ်။ ဒီမော်လီကျူးက ပုံအမျိုးမျိုး ပြောင်းနေတယ်။ Crystal Form ဖြစ်မှ X-Ray ရိုက်လို့ ရတယ်ဆိုတော့ Crystal Form ဘဝ ရောက်အောင် မနည်းလုပ်ယူရတယ်''

''အတော်ကြိုးစားရတာပဲနော်''

''အေး၊ ဟုတ်တယ်၊ ဒီမော်လီကျူးမှာ တည်ဆောက်ပုံ မူကွဲငါးမျိုးတောင် ရှိတယ်။ ပြီးတော့ မော်လီကျူး နှစ်ခုတွဲတွေ အ နေနဲ့ တည်ရှိတာ တွေ့ရတယ်။ Closely Linke Pairs တွေပေါ့ကွာ''

''အေး၊ ဆက်ပါဦး''

''ဒီသုတေသနကို ဦးဆောင်တာက Professor Raymond Steven တဲ့ကွ၊ သူက Scripps Research Institute က ပညာရှင် တဦးပဲ။ သူကပြောတယ် GPCR အုပ်စု ဟာ Chemokine လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်း အမျိုးအစားတွေပါပဲတဲ့။ ခုလို CXCR4 ရဲ့ ဖွဲ့စည်းတည်ဆောက် ပုံကို သိရတော့ GPCR အုပ်စုရဲ့ အချက်ပြ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားကိုပါ ဖော်ထုတ်နိုင်ပါပြီတဲ့''

''ဒီ တွေ့ရှိချက်က အတော် အသုံးဝင်မယ့်ပုံဘဲ''

''ဝင်တာပေါ့ကွာ။ HIV ပိုးတွေ သွေးဖြူဥဆဲလ်ထဲဝင်တဲ့အခါ CXCR4 ကို သုံးတာလဲ ရှိတယ်။ ဒါကြောင့် HIVပိုးမကူးစက် အောင် လုပ်နိုင်မယ့် ဆေးဝါးတွေ ပေါ်လာနိုင်စရာ ရှိတာပေါ့ကွာ''

''အေးကွာ၊ အလားအလာ ကောင်းပဲကွာ''

''ပြီးတော့ ကင်ဆာကိုလဲ ကုနိုင်ဦးမှာကွ''

''ဝမ်းသာစရာပါပဲကွာ''

''Keith Alcorn ဆိုတာက NAM အဖွဲ့ကကွ၊ NAM ဆိုတာက စေတနာ့ဝန်ထမ်းအဖွဲ့တဖွဲပဲ၊ ဒီအဖွဲ့က HIV ပိုးကူးစက်ခံ နေရတဲ့ ဝေဒနာရှင်ကို စေတနာနဲ့ကုသပေးတယ်။ သူကပြောတယ်၊ HIV ပိုးဟာ ဆဲလ်ထဲဝင်ဖို့ ဝင်ပေါက်မျိုးစုံ သုံးစွဲ တယ်တဲ့။ Receptor ခေါ်တာပေါ့။ ပထမ ပိုင်းမှာ CCR5 ဆိုတဲ့ ဝင်ပေါက်ကို သုံးတယ်။ ပညာရှင်တွေက CCR5 ကို အ တော်လေ့လာခဲ့ကြတယ်''

''သဘောက CCR5 ကို ပိတ် ဆို့နိုင်ဖို့ ကြံစည်ကြတာထင်တယ်''

''ဟုတ်တယ်ကွ၊ CCR5 ကို ပိတ်ထားနိုင်ရင် ဗိုင်းရပ်စ်လဲ မဝင်နိုင် တော့ဘူးပေါ့။ ဒါပေမယ့် ဗိုင်းရပ်စ်ကလဲ ဥာဏ်အများ သား၊ တချို့ ဗိုင်းရပ်စ်တွေဟာ CCR5 သုံးရာကနေ CXCR4 ကို ပြောင်းသုံးဖို့ အလား အလာရှိနေတယ်တဲ့''

''တယ်လဲ ဥာဏ်များတဲ့ဗိုင်း ရပ်စ်ပဲ''

''ဟုတ်တယ်ကွ၊ ဘာဖြစ်လို့ ဒီလိုပြောင်းလဲရာတာလဲ ဆိုတာကိုတော့ ပါရဂူတွေလဲ အခုထိ အဖြေရှာလို့ မရသေးဘူး''

''အတော်နက်နဲတဲ့ ပုစ္ဆာပဲနော်''

''ဆေးကုမ္ပဏီ အတော်များများက CCR-5 Receptor ကို ပိတ်ပင်ထားနိုင်တဲ့ ဆေးဝါးတွေဖော်ထုတ် ခဲ့ပြီးပြီ၊ ဒါကလဲ HIV ကို မျိုးဖြုတ် ချင်လို့ပဲ။ ဒီတော့ CCR-5 ကိုရော၊ CXCR4 ကိုရော နှစ်မျိုးလုံးပိတ်ထား နိုင်မှတန်ကာကျလိမ့်မယ်တဲ့''

''ပါရဂူတွေ ဦးနှောက်ခြောက် ရမယ့်ကိစ္စပဲ''

''တကယ်ကို ခြောက်ရမှာပဲ။ တဘက်က CXCR4 ဟာ ပုံမှန်ကိုယ် ခံစွမ်းအားစနစ်အလုပ်လုပ်တဲ့နေရာမှာ လဲပါနေသေး တယ်။ အရမ်းပိတ်ပစ်လို့ လဲမရဘူး။ ဝါးလုံးရှည်နဲ့ သိမ်းကျုံး ရိုက်လို့မရသေးဘူး။ အသေပိတ် လိုက်ပြန်ရင်လဲ ပုံမှန်လုပ် ငန်းတွေ ထိခိုက်ကုန်မယ်၊ မလုပ်ပြန်ရင်လဲ ပိုးတွေ ဝင်လာမယ်၊ အတော်ခေါင်းခဲစရာ ကိစ္စပါကွာ''

''လှေနံနှစ်ဘက်နင်းသလိုဖြစ် နေပြီ''

''ဒါကြောင့် Keith Alcorn က ပြောတာပေါ့ကွာ၊ CXCR4 ကို ပိတ်ဆို့ရင်ဖြစ်ပေါ်လာမယ့် နောက်ဆက် တွဲပြဿနာတွေ ကိုပါ ထည့်သွင်းစဉ်း စားထားရမယ်တဲ့''

''ထောင့်စေ့အောင် စဉ်းစားရ မယ့် သဘောပေါ့ကွာ''

''အေး၊ ဟုတ်တယ်၊ စဉ်းစားရမယ်''

''တခြား ပါရဂူတွေ ဘာပြောသေးလဲ''

''Cancer Research UK rSm Senior Science Information Officer တယောက်ရှိတယ်။ နာမည်က Josephine Querido တဲ့။ သူက ခု သုတေသနကို ကြိုဆိုပါတယ်တဲ့။ CXCR5 ဟာ ကင်ဆာတမျိုးနဲ့ ပတ်သက်ဆက်နွယ်နေမှန်းသိ ရတာ တကယ်ကို အသုံးဝင် ပါတယ်တဲ့။ ကင်ဆာကုထုံးမှာ အသုံးဝင်မယ့် ဆေးဝါးသစ်တွေလဲ ပေါ်လာနိုင်လိမ့်မယ်တဲ့''

''ထောက်ခံတဲ့ သဘောပဲကွ''

''Querido ကထောက်ခံတာပါပဲ၊ ဆေးဝါးသစ်တွေ မပေါ်ခင် ကာကွယ်ရေးကို သမားရိုးကျ နည်းလမ်းနဲ့ပဲ ဆက်လုပ်ကြရ မယ်ကွ''

''ဒါဆို တလင် တမယား စနစ်ကို ကျင့်သုံးရမယ်၊ လင်နဲ့မယား အပြန်အလှန် သစ္စာရှိရမယ်။ အပျော်အပါး ရှောင်ကြဉ်ရ မယ်။ မလိုအပ်ဘဲ သွေးမသွင်းဘူး၊ မလိုအပ်ဘဲ ဆေးမထိုးရဘူး။ ဆေးမင်ကြောင် မထိုးရဘူး။ မူးယစ်ဆေး မသုံးရဘူး။ တခါသုံး ဆေးထိုးအပ်တွေ သုံးရမယ်။ အပျော်အပါး မရှောင်နိုင်ရင် ကွန်ဒုံးသုံးရမယ်။ ဒါတွေ လိုက်နာသင့်တယ်ကွ''

''ပြည်သူလူထုကို ကျယ်ကျယ် ပြန့်ပြန့် ပညာပေး စည်းရုံးရမယ်''

''ဟုတ်တယ်၊ စည်းရုံးရမယ်၊ တဘက်ကလဲ အပျော်အပါးနဲ့ စီးပွားရှာရတဲ့ နေရာတွေကို ပြတ်ပြတ်သားသား အရေးယူ ပစ်ရမယ်''

''ဟုတ်တာပေါ့ကွာ''

ထိုစဉ် လက်ဖက်ရည်ဆိုင် အတွင်းသို့ ရန်ကုန်မှ ဧည့်သည်တဦးနှင့် ဓာတ်ခွဲမှူး ကိုညိုမြင့်တို့ ဝင်လာ ကြ၏။

''ဆရာလင်း၊ ဒါကဓာတ်ခွဲမှူး ကိုဥာဏ်အုန်းပါ။ မန္တလေးကို အလည်လာတာ''

''တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်အိမ်မှာ တည်းပါ။ ဒီညီမ တွေကလဲ သူငယ်ချင်းတွေပါ၊ သူတို့ကလဲ ဖော်ရွေပါ တယ်''

''ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဘုရားဖူးလာ တာပါ။ ကိုညိုမြင့် မိတ်ဆွေပါ''
''လက်ဖက်ရည် သုံးဆောင်ပါ။ ပြီးရင် ဘုရားကြီးဖူးရအောင်လိုက်ပို့ ပေးမယ်''
''ကျေးဇူးပါပဲဆရာ''

အောင်(ဆေး-၁)

ရည်ညွှန်းချက်
BBC News မှ Molecule Struture Offer Clue to HIV and Cancer Treatment ဆေးပညာဆောင်း ပါးကို မှီငြမ်း ကိုးကားပါသည်။

http://www.zaygwet.com မှ

0 comments: