(၁)
တိုက်ဆိုင်မှုလို့ပဲ ပြောရမလား။
ဒီ နိုဝင်ဘာလထဲမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနှင့်သက်ဆိုင်တဲ့ကိစ္စ အတော်များများကို ကျမတို့ ကူညီဖြေရှင်းပေးခဲ့ရတယ်။ တကယ်ဆိုရင် ဒီလမှာ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ရှိတယ်ဆိုတာ မေ့နေကြတာလား၊ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတာကိုတော့ ကျူးလွန်သူ ကာယကံရှင်တွေသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။
အဲ့ဒီနေ့က ကျမလည်းရုံးမှာ အစည်းအဝေးပြီးစ ထမင်းစားမယ့်အချိန်၊ ကျမတို့ လုပ်ဖော်ကိုင်ဖက် ညီအမ တယောက် ဖုန်းခေါ်လာတယ်။
“အမရေ … အမျိုးသမီးတယောက် ဒုက္ခရောက်လို့ အကူအညီပေးပါ” ဆိုလို့ ကျမလည်း “ဘာကေ့စ်ဖြစ်တာလဲ၊ ဘယ်နားမှာလဲ” မေးမြန်းနေတုန်း သူငယ်ချင်းရဲ့အပြောကြောင့် … “အကြောင်းစုံကို နောက်မှရှင်းပြမယ် … အခု မဲဆောက်ပန်းခြံကို အမြန်လိုက်လာခဲ့ပါ” ဆိုပြီး ခေါ်လိုက်တာကြောင့် ကျမ ရုံးကိုအကြောင်းကြားခဲ့ပြီး ခပ်သုတ်သုတ် ထွက်လိုက်သွားတယ်။
ပန်းခြံကိုရောက်တဲ့အချိန် ဆယ်ကျော်သက်အရွယ်ထင်ရတဲ့ ကလေးမလေးတယောက်ကို အဝတ်အစား ခတ်နွမ်းနွမ်းလေးနဲ့ ကြောက်လန့်နေတဲ့ပုံကလေးနှင့် တွေ့ရတယ်။ ကျမလည်း လမ်းမကြီးဘေးမှာဆိုတော့ ဘာမှမမေးတော့ဘဲ ကျမတို့ဖွင့်လှစ်ထားတဲ့ ဆေ့ဖ်ဟောက်စ် (Safe House) အမျိုးသမီးဂေဟာရှိရာကို ကျမတို့ သူငယ်ချင်းနှစ်ယောက် ကလေးမလေးကို ခေါ်ဆောင်လာခဲ့ကြတယ်။
ပိန်ပိန်ပါးပါး ချိနဲ့နဲ့ လမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေရှာတဲ့ ကောင်မလေးကို ရောက်မဆိုက်ဘဲ မေးခွန်းတွေ မမေးချင်ပေမယ့် အလုပ်သဘောအရ သိချင်တဲ့ အချက်အလက်တွေကို မေးခဲ့ရပါတယ်။
(၂)
သူက ဒီလို စပြောပါတယ်။
သမီးနာမည်က သဇင်ပါ။ အသက်က ၁၄ နှစ်ရှိပါပြီ၊ သမီးမှာ မိဘတွေ မရှိတော့ပါဘူး။ ငယ်စဉ်ကတည်းက အဖေနဲ့အမေက သမီးကို မွေးစားမိဘတွေ လက်ထဲပေးခဲ့တာ။ မွေးစား မိဘတွေကလည်း သမီးကို သိပ်မချစ်ကြဘူး ထင်ပါရဲ့။ အမြဲတမ်းပဲ သမီးကို အကြောင်းမရှိ အကြောင်းရှာ ရိုက်နှက်တယ်၊ သမီးဘယ်လောက်ပဲ ကောင်းအောင်နေနေ အပြစ်ရှာပြီး ဆူကြတယ်။
သမီးကတော့ သူတို့မွေးစားတာ သမီးကိုခိုင်းဖို့တင်မကဘဲ နှိပ်စက်ဖို့ပါ ဖြစ်ပုံရတယ်လို့ တောင်တွေးနေမိတဲ့ အထိပါပဲ။ ဒါပေမယ့် မွေးစားအဖွားကတော့ သမီးကို သူ့မြေးအရင်းလို ချစ်ရှာတယ်၊ မွေးစားအဖေကတော့ သမီးကို မချစ်ဆုံးနဲ့ တူပါတယ်။
ဘယ်လောက်ပဲ မောင်လေးတွေနဲ့ ညီမလေးတွေကို ထိန်းကျောင်းပေးပေး သမီးအပြစ် မကင်းတာ များတယ်။ တခါတလေသမီးကို ရိုက်နေရင် အဖွားက “နင်တို့ဟယ် … သူ့ကိုနှိပ်စက်ရင် ငါသေမှ နှိပ်စက်ကြပါ၊ ကလေးမှာ ဘာအပြစ်မှမရှိပါဘူး” လို့ ငိုရင်းသမီးကိုဖက်ပြီး ဝင်လည်းဆွဲ ပြောလည်းပြော လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း အဖွားရှိတုန်းလေ။ အဖွားမရှိတော့ သမီး ဘယ်လိုမှ နေလို့မရတော့ဘူး၊ ကျောင်းထားပေးတာကိုတော့ သမီး ကျေးဇူးမမေ့ပါဘူး။
ထမင်းဆိုတာလည်း အဝ မစားရပါဘူး။ အမြဲတမ်း ဆူပူကြိမ်းမောင်းတာ ခံရင်းနဲ့ပဲ စားခဲ့ရတာ များပါတယ်။ ဒါတွေကြောင့်ပဲ အဖွားလည်းမရှိတော့တဲ့နောက် သမီးဘယ်လိုမှ နေမပျော်တာနဲ့ အိမ်နီးချင်း အဒေါ်ကြီးရဲ့ အကူအညီနဲ့ အခုလို ထွက်လာခဲ့မိတာပါ။
အစကတော့ တကယ်ပဲ အလုပ်ရမယ်ထင်ခဲ့တာလေ၊ နောက်တော့မှ သမီးတို့ ရောင်းစားခံလိုက်ရတာလို့ သိရတယ်။
သမီးကိုခေါ်သွားတဲ့ အိမ်မှာလည်း သမီးလိုအရွယ် ကောင်မလေးတွေ အများကြီးရှိတယ်၊ သူတို့က အစကတော့ သမီးကို သနားကြည့် ကြည့်ကြတယ်၊ သမီးလည်း ဘုမသိ ဘမသိနဲ့ အမတို့ ဘာလုပ်တာလဲဆိုတော့ ညီမလေး အခု အားမွေးထား ညကျရင် အလုပ်ဆင်းရတော့မယ်လို့ ပြောတယ်၊ ဘာအလုပ်လဲဆိုတာကိုတော့ သူတို့ကလည်း မပြောသလို သမီးလည်း မမေးမိခဲ့ပါဘူး။ အဲ့လိုမမေးမိတဲ့အတွက် သမီးဘဝ အရှင်လတ်လတ် ငရဲခန်းပို့ခံရတာပါပဲ ဆရာမရယ်”
(၃)
သမီးလည်း အစက စားသောက်ဆိုင်တခုခုရဲ့ စားပွဲထိုးလားလို့ ထင်ယောင်မှားတော့ ဖြစ်မိသား။ ဒါပေမယ့် အယောက် ၃၀ နီးပါးရှိတဲ့ မိန်းကလေးတွေကို အိမ်တအိမ်မှာ စုပြီးထားတာ ဆိုတော့ စိတ်ထဲ တမျိုးကြီးတော့ ခံစားရတယ်။ မိန်းကလေးအများစုကလည်း ရုပ်ချောချောလေးတွေပဲ။ အသက်နည်းနည်းကြီးတယ်လို့ထင်တဲ့ အမျိုးသမီးတွေတောင် ကြည့်လို့ ကောင်းနေတယ်။
ညဘက်ကျတော့ သမီးကို အသက်ကြီးကြီး လူတယောက်နဲ့ အခန်းတခုတည်းမှာ ဝတ်ကောင်းစားလှဝတ်ပြီး ထည့်ပေးလိုက်တယ်။ ပထမဆုံးနေ့ဆိုတော့ ဘာလို့ အဲ့လို နေခိုင်းတာပါလိမ့်ဆိုတာ စဉ်းစားလို့မရဘူး၊ အဲ့ဒီလူကြီးက အရက်ခိုးတွေဝေနေတာ၊ မျက်နှာတခုလုံး ရမ္မက်ခိုးတွေထနေတာ မြင်လိုက်တော့မှ ငါ့ဘဝတော့ ပျက်ပါပြီဆိုတာ သိလိုက်ရတော့တယ်။
သမီးလည်း ကြောက်လွန်းလို့ ရှိခိုးတောင်းပန်ပြီး ပြောပေမယ့် မရတော့ပါဘူး။
ညည်းကို ငွေတွေ အများကြီးပေးပြီး လာနေရတာ ပြန်လို့မရတော့ဘူးလို့ ပြောတယ်။
သမီးလည်း မလုပ်ပါနဲ့ဦးရယ် … သမီးကအခုမှ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်လို့ ရှိခိုး ငိုယိုပြီး တောင်းပန်ပေမယ့် သမီးဘဝ ပျက်ခဲ့ရတယ်။ အားကိုရာမဲ့အဖြစ်ရဆုံး ည၊ ရင်ထဲမှာ ကြိတ်မှိတ်ငိုကြွေးရဆုံး ညတွေကို ဖြတ်သန်းရင်း လိင်အဖျော်ဖြေခံဘဝကို ရောက်မှန်းမသိ ရောက်ခဲ့ရတယ်။
သမီးဘဝပျက်ခဲ့ရပြီဆိုတော့ ကျွေးတာစား ပေးတာယူရင်း ခိုင်းသမျှ လုပ်ပေးနေရပေမယ့် တညကို သမီးတို့ ဘယ်လောက်ငွေကြေးရတယ်ဆိုတာ မသိပါဘူး။ မုန့်ဖိုးလည်း မပေးဘူး၊ အဝတ်အစားကောင်းတွေ၊ အသုံးအဆောင်တွေတော့ ဝယ်ပေးပါတယ်။
မရိုသေစကားပြောရရင်တော့ သမီးကို တချို့လူတွေက ရိုးရိုးဆက်ဆံတာမဟုတ်ဘဲ လွန်လွန်ကျူးကျူးကို ဆက်ဆံကြတဲ့အတွက်ကြောင့် သမီး ရေရှည်မခံနိုင်တော့ဘူး၊ အခုသမီးကို နေမကောင်းလို့ နည်းနည်းပါးပါး လျှော့ခိုင်းတယ်၊ ဒီလို နေသိပ်မကောင်းဖြစ်လာတာကိုကပဲ သမီးရဲ့ကံလို့ ပြောရမလားမသိတော့ဘူး၊ သမီး ဘာဆက်လုပ်သင့်သလဲ စဉ်းစားချိန်လေး ရလာလို့လေ။
သမီးဘယ်လိုမှ မနေချင်တော့တာကြောင့် ဒီအိမ်ကနေထွက်ပြေးဖို့ ကြိုးစားမိခဲ့တယ်။ တနေ့ အခွင့်ကြုံတုန်း သမီးထွက်ပြေးလိုက်တာ ပန်းခြံလို့ထင်ရတဲ့ နေရာရောက်သွားတယ်၊ ပုန်းနေပေမယ့် ကံမကောင်းတော့ သူဌေးရဲ့တပည့်တွေက ပြန်မိသွားပြီး သမီးကိုရိုက်ပါလေရော။
ကလေးမလေးက သူ့ဇာတ်ကြောင်းတွေကို ရင်ထဲကအတိုင်း တခုပြီးတခု ပြောပြနေတာပါ။
ကျမရော၊ ကျမ သူငယ်ချင်းရောကတော့ အသက်တောင် မရှူမိတော့သလိုပဲ။
(၄)
သမီးကို အိမ်နီးချင်း အဒေါ်ကြီးက နောက်ထပ်အဖော်တယောက်နဲ့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ဆောင်လာခဲ့တာ မဲဆောက်ကားဂိတ်လို့ထင်ရတဲ့ အနားမှာ သမီးနဲ့အတူ အရွယ်တူ ကောင်မလေးတယောက်ကိုပါ လူကြီးတယောက်လက်ထဲကို အပ်လိုက်တာ၊ အဲ့ဒီလူကြီးက သမီးတို့ကို ခေါ်လာပေးတဲ့ အဒေါ်ကြီးကို သမီးတို့မမြင်ဘူးတဲ့ ငွေတွေ အများကြီးပေးလိုက်တာ၊ အဲ့ဒါတွေကို သမီး အမှတ်ရနေသေးတယ်။
သမီး အခုလို ဘဝပျက်ရမယ်ဆိုတာသိခဲ့ရင် မွေးစားအဖေ ဘယ်လောက်ရိုက်ရိုက် ကြိတ်မှိတ်ပြီး ခံနေခဲ့မှာပါ။ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရမယ်မှန်းသိခဲ့ရင် အိမ်နီးချင်း အဒေါ်ကြီး ဘယ်လောက် အဆွယ်ကောင်းကောင်း လိုက်ခဲ့ဖြစ်မှာ မဟုတ်ပါဘူး။
အိမ်နီးချင်း အဒေါ်ကြီးကို အစက သမီးကိုသနားနေတာလို့ပဲ ထင်နေခဲ့တာပေါ့။ နောက်ဆုံးမှ သမီးဘဝ ရေနစ်တာကို ဝါးကူလို့ထိုးလိုက်သူပါလားဆိုတာ သိလိုက်ရတော့တယ်။ အဲ့လိုသိလိုက်ရတဲ့အချိန်မှာတော့ သမီး သိပ်ကိုနောက်ကျသွားပြီ ဆရာမရယ်။
ကလေးမရဲ့အဖြစ်တွေကို နားထောင်နေရင်း စိတ်ထဲလည်း မကောင်းဖြစ်မိတယ်။ ဘာကြောင့်များ အရွယ်မရောက်သေးတဲ့ ကလေးတွေကို အလိုဆန္ဒမရှိဘဲ အခုလို အလုပ် လုပ်စေရတာလဲ၊ ဘယ်လိုလူတွေကများ သားသမီးချင်း ကိုယ်ချင်းမစာ အခုလို လုပ်ခဲ့ကြတာလဲ၊ ဘာကြောင့် အမျိုးကောင်းသမီးလေးတွေ လွယ်လွယ်ကူကူနှင့် ဘဝပျက်ခဲ့ရတာလဲ စတဲ့ … စတဲ့ မေးခွန်းတွေကိုတော့ ကျမ ရင်ထဲမှာ ကိုယ့်ဘာသာပဲ မေးနေမိတယ်။
တချက် တချက် ကျမရဲ့မေးခွန်းတွေ ဟိုရောက် ဒီရောက်ဖြစ်သွားတာ သူငယ်ချင်းက ရိတ်မိပြီး “အမ ပင်ပန်းနေရင် ကျမ ဆက်မေးရမလား” ဆိုတော့ “ရပါတယ် … ညီမ၊ ဒီနေ့အဖို့ မေးခွန်းတွေ ထပ်မမေးသင့်တော့ဘူးထင်တယ်” လို့ ပြောပြီး စကားဖြတ်လိုက်ကြတယ်။ ပြီးတော့ ကျမတို့သူငယ်ချင်းတွေ ဒီကလေးမလေးကို ဆေးခန်းပြဖို့ တိုင်ပင်ဖြစ်ကြပါတယ်။
(၅)
နောက်တနေ့ မယ်တော်ဆေးခန်းကို ကလေးမလေးအတွက် ဆေးစစ်ပေးဖို့ ရောက်ခဲ့ရပြန်တယ်။ ဘယ်နှစ်ကြိမ်မှန်းမသိ ရောက်ပြီးရင်းရောက်ဖြစ်နေတာကြောင့် တာဝန်ကျ ဆရာမလေးတွေနှင့်တောင် ရင်းနှီးနေပါပြီ။ ကလေးမလေးအကြောင်းကို တိုရင်းလိုရှင်း ပြောပြလိုက်တယ်။
တာဝန်ကျဆရာ ဆရာမကလည်း ကလေးမလေးကို သွေးစစ်ဖို့ လိုအပ်တဲ့ဆေးဝါး ကုသမှုတွေ လုပ်ပေးပါတော့တယ်။
ဆေးခန်းအဖြေထွက်ဆိုချက်ကို သိလိုက်ရတော့ ကျမ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ကလေးမလေးမှာ AIDS ရောဂါ ကူးစက်ခံနေရပြီလေ၊ သူမရဲ့ မိန်းမကိုယ် တဝိုက်မှာလည်း အနာတွေပေါက်နေလို့ ဆေးကုသခဲ့ရတယ်။
ကျမလည်း တခါတလေ ရုံးဆင်းချိန် “သမီးနေကောင်းလား၊ ဘာစားချင်လဲ” စသဖြင့် သွားမေးတဲ့နေ့တွေဆိုရင် ပျာပျာသလဲ အခန်းထဲက အပြေးတပိုင်းထွက်လာတဲ့ မျက်နှာလေးကို မြင်ရတာ သူမဘဝအတွက် လုံခြုံတဲ့ အရိပ်အာဝါသတခုကို ရှာတွေ့သွားလို့ စိတ်ချသွားတဲ့ ပုံမျိုးလေး၊ တော်သေးရဲ့လို့ပဲ အောက်မေ့ရတော့မှာပါ။
“သမီးနေကောင်းသွားရင် ဘာလုပ်မလဲ မြန်မာပြည်ကို ပြန်ချင်သလား” ဆိုတော့ “သမီး မပြန်ရဲဘူး ဆရာမ၊ ဒီအဖြစ်တွေကို အဖေတို့သိရင်လည်း သမီးကို သတ်ကြလိမ့်မယ်၊ ဒီမှာသမီး ကျောင်းနေခွင့်ရရင်တော့ နေချင်တယ်” လို့ ပြောရှာတယ်။
အခုတော့ သဇင်လေးကို အေ့စ်ဝေဒနာသည်တွေနေထိုင်တဲ့ ဂေဟာလေးကို ပို့ပေးလိုက်ပါပြီ။
ကျောင်းနေမယ်ဆိုလည်း သူမရဲ့ဘဝလေး အေးချမ်းပျော်ရွှင်စွာနဲ့ နေနိုင်ပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ကျမကတော့ သဇင်လေးရဲ့အနာဂတ်လေး တစုံတရာ လုံခြုံသွားသလို သဇင်လိုပဲ နောက်ထပ်ကျန်နေခဲ့တဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝတွေလည်း လုံခြုံမှုတွေရှိစေဖို့အတွက် တတ်စွမ်းသမျှ ကြိုးစားပြီး ကူညီလုပ်ကိုင်ပေးနေဦးမှာပါ။
(၆)
မနေ့ညက ကျမ အိပ်မပျော်ဖြစ်ခဲ့တယ်။ အိမ်သားတွေကတောင် အလုပ်ပင်ပန်းလို့လား မျက်နှာလည်းမကောင်းဘူးလို့ မေးကြပေမယ့် မေးခွန်းတွေကို ကျမ ပြန်မဖြေမိဘဲ နှုတ်ဆိတ်နေမိတယ်။
မနက်ဖြန်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့လေ။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့၊ ဖဲကြိုးဖြူနေ့ မဟုတ်လား။
ဘယ်လိုပဲ ကျမတို့တတ်စွမ်းသမျှ လုပ်ကိုင်ပေးနေကြတယ်ဆိုဆို အမျိုးသမီးလေးတွေရဲ့ ဘဝတွေ မပျက်စီးသင့်ဘဲ စက္ကန့်နှင့်အမျှ ပျက်စီးနေကြရဆဲ ဖြစ်နေရတာတွေ။ တနေ့တခြား တောင် ပိုပိုပြီး ဆိုးသည်ထက် ဆိုးနေကြရရှာတာတွေ တွေးကြည့်နေမိရင်း သက်ပြင်းတွေ အကြိမ်ကြိမ် ချမိနေတော့တယ်။
ဒီနှစ်တော့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ ကျမတို့ စကားဝိုင်းတွေ ပြုလုပ်ကြရမယ်ဆိုရင် အဲ့ဒီစကားဝိုင်းတွေမှာ ကျမတို့ ဘယ်လို မက်ဆေ့ခ်ျတွေ ပေးကြမလဲ။
ဘယ်လို ကူညီဖြေရှင်းမှုတွေလုပ်ပေးရင် အမျိုးကောင်းသားသမီးလေးတွေ ဒီထက်ပိုလို့ အနာဂတ်တွေ လုံခြုံလှပစေနိုင်မလဲ ကျမတို့ သေသေချာချာပဲ အဖြေရှာဖွေကြရပါလိမ့်မယ်။ ဒါတွေဟာ ကျမတို့ အမျိုးသမီးထုအတွက်သာမက လူသားထုတရပ်လုံးအတွက် စိန်ခေါ်မှု တရပ်ပဲလို့ ကျမ ပြောချင်ပါတယ်။
ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေ အများကြီး လုပ်ဆောင်ကြရပါလိမ့်မယ်။
ကမ္ဘာကြီး ငြိမ်းချမ်းဖို့၊ ကျမတို့အမျိုးသမီးထုတွေ ငြိမ်းချမ်းဖို့၊ ကမ္ဘာ့လူသားတွေ ငြိမ်းချမ်းဖို့ ကျမတို့တွေ ဒီထက်ပိုလို့ အလုပ်တွေအများကြီး အစွမ်းရှိသမျှ လုပ်ဆောင်ကြရပါလိမ့်မယ်။
ဖဲကြိုးဖြူလေးတွေတပ်ဆင်ပြီး တာဝန်သိမှု၊ တာဝန်ယူမှုတွေနှင့် ဝိုင်းဝန်းကူညီ ဖြေရှင်းကြပါစို့။
အင်ကြင်းမေ
၂၅ - ၁၁-၀၉ (ည - ၁၁း၄၅ မိနစ်)
သရုပ်ဖော် - အောင်ထက်
http://oothandar.blogspot.com/ ကူးယူတင်ဆက်သည်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment