Tuesday 9 November 2010

ဓာတ်ငွေ့ပိုက်လိုင်းမီးလောင်၊ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ဇာနည်မာန် Monday, 08 November 2010 17:46
ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၃ နာရီခန့်က ဓာတ်ငွေ့ ပိုက်လိုင်း မီးလောင်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“အမှတ် ၄ လမ်းမဘေး ပစ္စည်း ထိန်းသိမ်းရေးတပ် အ၀င်ဝဘေးမှာ ဖြစ်တာ။ ကိုက် ၆၀ လောက် နားမှာ အိပ်နေတဲ့ မိသားစုကို အစတွေ မှန်တာ ကလေး တယောက်က ပွဲချင်းပြီးပဲ။ ၃ ယောက်က ဒဏ်ရာတွေ ပြင်းတယ်။ ဆေးရုံမှာ အတွင်း လူနာအနေနဲ့ ပို့ထားရတယ်။ ပိုက်ကတော့ ညတွင်းချင်းပဲ ပြင်ပြီးသွားပြီ” ဟု ရွှေပြည်သာ မြို့ခံတဦးက ပြောသည်။

ရွှေပြည်သာ မြို့နယ် မယက ရုံးမှ တာဝန်ရှိသူတဦးက ပေါက်ကွဲမှု ဖြစ်သည်မှာ ဟုတ်မှန်ကြောင်း၊ ဖြစ်ပွားပုံ အသေးစိတ်ကို စုံစမ်း စစ်ဆေး နေကြောင်း၊ ဒဏ်ရာရသူများကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ထားကြောင်း အတည်ပြုပြောဆိုသည်။

ရန်ကုန်ဆေးရုံကြီးမှ ဖုန်းဖြေဆိုသူက ပြောခွင့်မရှိကြောင်းသာ ဖြေကြားခဲ့သည်။

အဆိုပါပိုက်လိုင်းမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် ရွာမ နှင့် လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ဓာတ်ငွေ့ ပေးပို့သည့် ပိုက်လိုင်းဖြစ်သည်။

(ဧရာဝတီ)

0 comments: