Wednesday 27 October 2010

KIA မွေးနေ့၌ ဌာနချုပ်ဈေးကြီး မီးလောင်

Monday, 25 October 2010 15:53 သျှမ်းသံတော်ဆင့်
ယနေ့သည် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) စတင်တည်ထောင်သည့်နှစ် ၅၀ ပြည့်မြောက် မွေးနေ့ဖြစ်ပြီး ယနေ့ ည ၁ နာရီခွဲခန့်က တရုတ်နယ်စပ်အနီး ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာမြို့ဈေးကြီး
မီးစွဲလောင်ခဲ့သည်။လူသုံးကုန်ပစ္စည်းများ၊ အထည်အလိပ်များ ရောင်းချသည့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၁၀၀ ခန့် မီးဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀၀၀ အထက်ရှိမည်ဖြစ်ကြောင်း လိုင်ဇာဒေသခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

[KIO ဌာနချုပ် လိုင်ဇာ ဈေးကြီးမီးလောင်နေပုံ၊ (ဓါတ်ပုံ - ကချင်သတင်းဌာန)]

KIO ဌာနချုပ် လိုင်ဇာ ဈေးကြီးမီးလောင်နေပုံ၊ (ဓါတ်ပုံ - ကချင်သတင်းဌာန)

“ဈေးတန်းရပ်မှာနေတဲ့ တရုတ်လင်မယားရဲ့အိမ်ကနေ မီးစလောင်တာ။ မနက် ၁ နာရီကနေ မနက် ၄ နာရီအထိ။ ၁ ယောက် သေ ၁ ယောက် ဒဏ်ရာ ရတယ်တဲ့။ ဈေးတန်းရပ်ကွက်က အိမ် ၆ လုံးနဲ့ ဈေးအနီး က ကေအိုင်အေ ဆက်သွယ်ရေးရုံးတရုံး မီးထဲပါသွားတယ်။ ဈေးဆိုင်ခန်းကတော့ ၁၀၆ ခန်းပါသွားတယ်” ဟု ဈေးတန်းရပ်ကွက်သားတစ်ဦးကလည်း ပြောပြသည်။

လိုင်ဇာမြို့၌ နှစ် ၅၀ ပြည့် အခမ်းအနားကျင်းပရန် ကေအိုင်အိုအဖွဲ့က ပြင်ဆင်လျှက်ရှိရာ မမျှော်လင့်ဘဲ မီးလောင်မှုဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

“တစ်မြို့လုံး အုံးအုံးကျွတ်ကျွတ်ဖြစ်သွားတာပေါ့ မီးသတ်ကား ၂ စီးရှိတယ် တစ်စီးကပျက်နေတော့ တစ်စီးနဲ့ပဲ မီးငြိမ်းနေရ တာ။ လိုင်ဇာ ဈေးတစ်ခုလုံးပြာကျသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဈေးအနီးရှိ လူနေတန်းလျား ၆၇ ဆောင်ကိုလည်း ကူးစက်မလောင်စေရန် ကေအိုင်အိုအာဏာပိုင်တို့ ဖျက်ဆီးပစ်ခဲ့ရ ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအတိအကျကို စုံစမ်းစာရင်းကောက်ယူနေဆဲဖြစ်ပြီး ဆုံးရှုံးမှုအတွက် ကေအိုင်အိုမှ ကျပ်သန်း ၅၀ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကေအိုင်အိုအရာရှိတစ်ဦးက ပြောသည်။

အချို့နေရာများတွင် ယနေ့နံနက်ပိုင်းအထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပြီး မီးဘေးသင့် ပြည်သူ ၁၀၀ ၀န်းကျင် ကိုလည်း လိုင်ဇာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ဟော်တယ်တချို့၌ နေရာချထားပေးကြောင်းသိရသည်။

0 comments: