Thursday, 14 October 2010

ကလေးစစ်သားပြန်ရရေး ILO ကို မိသားစု တိုင်ကြား

RFA 2010-10-04
ပဲခူးတိုင်း ဝေါမြို့မှာနေတဲ့ မိဘတွေက ကလေးစစ်သားအဖြစ် စုဆောင်းခံလိုက်ရတဲ့ သားကို ပြန်ခေါ်နိုင်ဖို့ ရန်ကုန်အိုင်အယ်လ်အို ရုံးခွဲကို ဒီနေ့ အောက်တိုဘာ ၄ ရက်မှာစာရေးပြီး အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။

ဝေါမြို့ အေးချမ်းသာယာရပ်ကွက်မှာ နေထိုင်တဲ့ အဖ ဦးအောင်နိုင်နဲ့ အမိ ဒေါ်ညိုညိုလွင်တို့ရဲ့သား ၁၀ တန်း ကျောင်းသား မောင်အောင်ဇင်ထက်ဟာ အသက် ၁၅ နှစ်အရွယ် မနှစ်က နေအိမ်ကနေ ပျောက်သွားခဲ့ပါတယ်။ တနှစ်ကျော်ကြာအပြီး၊ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က သားဖြစ်သူထံကနေ စာရတဲ့အခါမှာတော့ သူဟာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဖောင်ကြီး မင်းကုန်း စစ်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ စစ်သင်တန်း တက်ရောက်နေတယ်ဆိုတာ သိရတယ်လို့ ဖခင်ဖြစ်သူ ကိုအောင်နိုင်က RFA ကို ပြောပါတယ်။

နေအိမ်က ပျောက်သွားတဲ့ မောင်အောင်ဇင်ထက်ဟာ လက်ဖက်ရည်ဆိုင်တဆိုင်မှာ အလုပ်လုပ်ပြီးနောက် ပိုက်ဆံရရင် ပြီးရောဆိုပြီး ထမင်းဆိုင်တခုမှာ လုပ်နေရင်းနဲ့ သူ့ရှေ့က အသုပ်သည် မိန်းမတယောက်က သူနဲ့ လိုက်သွားရင် လစာအများကြီးရမယ်ဆိုပြီး ထည့်လိုက်လို့ စစ်တပ်ထဲကို ရောက်သွားတဲ့အကြောင်း ဖခင်က ပြောပါတယ်။

မောင်အောင်ဇော်ထက်ကို မန္တလေး စစ်သားစုဆောင်းရေးမှာ မှတ်ပုံတင်အတု လုပ်ပြီး မောင်မင်းနိုင်ဦး ဆိုတဲ့ နာမည်နဲ့အသက် ၁၈ နှစ် ပြည့်ပြီးကြောင်း လိမ်လည်ထားသလို ပညာအရည်အချင်းပါ လိမ်လည်ခံရပြီး စစ်တပ်ထဲ ရောက်နေတာလို့လည်း ဖခင်ဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သားဖြစ်သူရှိတဲ့ လှည်းကူးက စစ်လေ့ကျင့်ရေးကျောင်းမှာ တွေ့ဆုံခဲ့ပြီး၊ သားဖြစ်သူကလည်း ကျောင်းပြန်တက်ချင်သလို မိဘတွေကလည်း အသက်မပြည့်သေးတဲ့အတွက် အိုင်အယ်လ်အိုကို အကူအညီတောင်းပြီး ပြန်ခေါ်ဖို့ ကြိုးစားနေတာပါ။

အခု မောင်အောင်ဇင်ထက်ဟာ ကိုယ်ပိုင်အမှတ် (တ/၄၄၀၀၈၆) နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ဖောင်ကြီးမင်းကုန်း လေ့ကျင့်ရေးကျောင်းမှာ ရှိနေပါတယ်။ ဖခင်ဖြစ်သူ ဦးအောင်နိုင် နဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0 comments: