Saturday 16 October 2010

မောင်တော ကူတို့လှေနစ်၍ မွတ်ဆလင် ၁၉ ဦး သေဆုံးမူ နစကမှ သတင်း အမှောင်ချထား


10/6/2010

မောင်တောမြို့နယ်တွင် စက်တင်္ဘာလက ၂၄ ရက်နေ့က နစကပိုင် ဘင်္ဂလာသို့ ကူတို့ပို့နေသည့် လှေတစ်စီး နစ်မြုပ်သွားရာ မွတ်ဆလင် ဘာသာဝင် လူပေါင်း၁၉ ဦးသေဆုံးသွားခဲ့သည်။ အဆိုပါ သတင်းကို နစက နယ်မြေမှူးမှ အပြင်သို့ မပေါက်ကြားရအောင် တားမြစ်ထားကြောင်း သတင်း ရရှိသည်။

နစကနှင့် နီးစပ်သူ တစ်ဦးက “ သေတာက ၁၉ ဦးဖြစ်ပါတယ်။ အမျိုးသမီး ၇ ဦးနဲ့ ကျန်တာက ကလေးတွေနဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။ မောင်တော တောင်ပိုင်း နစက နယ်မြေ အမှတ် ၇ ကနေ နတ်မြစ်ကို ဖြတ်ကျော်ပီး ဘင်္ဂလာဘက်ခြမ်းကို လှေနဲ့ အကူးမှာ တုံးချောင်းဝမှာ နစ်သွားတာ ဖြစ်ပါတယ်။ အခု ဒီသတင်း ပေါက်ကြားရင် ပြဿနာ ပေါ်ပေါက်နိုင်တဲ့ အတွက် နစက နယ်မြေမှူးက အပြင်ကို မပေါက်ကြားရအောင် တားမြစ်ထားပါတယ်” ဟု ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးများထဲမှ ၂ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲ့ စက်တင်္ဘာလ ၂၈ ရက်နေ့က ဘင်္ဂလာဘက်ခြမ်း နစ်မြစ်ဝတွင် ဆယ်ယူ ရရှိခဲ့သည်။

“ သူတို့က နစက အဖွဲ့ပိုင် ကူတို့လှေနဲ့ ကူးကြတာပါ။ တရားဝင်လိုပဲ ပြောရမလား မသိပါဘူး။ နစက အမှတ် ၇ နယ်မြေမှူး ဗိုလ်မှူး သူရိန်ဇော်က ထုတ်ပေးတဲ့ လက်မှတ်နဲ့ သွားကြတာ ဖြစ်ပါ တယ်။ ဆေးကု လက်မှတ်ဆိုပီး နစက နယ်မြေမှူးက နားလည်မူနဲ့ ထုတ်ပေးထားတဲ့ လက်မှတ်တွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ သေဆုံးသွားမူကို မတရားသဖြင့် လှေဖြင့် ခိုးထွက်ရာမှ ရေနစ် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံ နစက အရာရှိများက အထက်သို့ တင်ပြထားကြောင်း သူက ဆက်ပြောသည်။

“ အခုကတော့ သေဆုံးသွားသူတွေဟာ နစက နယ်မြေမှူး သူရိန်ဇော်ရဲ့ ခွင့်ပြုချက် လက်မှတ်နဲ့ တဘက်နိုင်ငံကို တရားမ၀င် သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာနေပါပြီ။ ဒါကြောင့် စစ်ဆေး မူတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဗိုလ်မှူး သူရိန်ဇော်က ၆ လအတွက် ကျပ်ငွေ သိန်း ၅၀ နဲ့ ဒေသခံ စီးပွားရေး သမားတွေကို ဆေးကု လက်မှတ် ထုတ်ပေးဖို့ ကန်ထရိုက်ပေးထားပါတယ်။ ခု ဒီကိစ္စလည်း ပေါ်လာနေပါပြီ” ဟု သူက ပြောသည်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် နေထိုင်ကြသော မူဆလင်များမှာ စစ်တွေနှင့် ရန်ကုန်သို့ သွားရောက်ပြီး ဆေးဝါးကုသခွင့်မရကြသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ သက်ဆိုင်ရာ နစက နယ်မြေမှူးများ၏ ခွင့်ပြုချက်ဖြင့် သွားလာကြရသည်။ ထိုသို့ သွားလာခွင့် လက်မှတ်ကို နစက နယ်မြေမှူးများက ဒေသအတွင်းမှ စီးပွားရေး သမားများကို ကန်ထရိုက်ပေးထားပြီး သူတို့နှင့် ပူးပေါင်း လုပ်စားနေကြသည်ဟု သိရသည်။

“ ဒီလိုပါ။ ခြောက်လ အတွက် ဗိုလ်မှူး သူရိန်ဇော်က ကျပ် သိန်း ၅၀ ယူပြီး သူရဲ့ ခွင့်ပြုချက် လက်မှတ်ကို ကန်ထရိုက် ရထားသူတွေကို ထုတ်ပေးခွင့် ပေးလိုက်တာပေါ့။ ကန်ထရိုက်ရထားတဲ့ သူတွေက ဘင်္ဂလာကို တရားမ၀င် သွားချင်တဲ့ သူတွေဆီက လက်မှတ် တစ်စောင်ကို ကျပ် ၅၀၀၀၊ ကျပ် ၁၀၀၀၀ တောင်းယူတာပေါ့။ အဲသလို နယ်မြေမှူးက လက်မှတ် ထုတ်ပေးထားတော့ တဘက်နိုင်ငံကို တရားမ၀င် ခိုးကူးပေမယ့် အဖမ်းအဆီး မရှိတော့ဘူးလေ။ အကုန်လုံး အတွက် အဆင်ပြေတော့ မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှာ နယ်မြေမှူးတွေက စီးပွားရေး သမားတွေနဲ့ ပူးပေါင်းပြီး သူတို့ ကိုယ်ကျိုး အတွက် လုပ်စားနေကြတာ ဖြစ်ပါတယ်” သူက ရှင်းပြသည်။

ယခင်က လက်မှတ် ထုတ်ပေးခြင်းမှာ ပြဿနာ မရှိသော်လည်း ယခုအခါ လူအများအပြား ရေနစ် သေဆုံးသွားသဖြင့် နစကမှူး တွင် တာဝန်ရှိလာ၍ သတင်း ပေါက်ကြားပါက အထက် အာဏာပိုင်များ အရေးယူလာနိုင်မည်ကို စိုးရိမ်ရာမှ လက်မှတ် ထုတ်ပေးပြီး ဘင်္ဂလာဒေခ်ျ့သို့ သွားသည့် သတင်းကို မပေါက်ကြားရအောင် အတွက် နစက နယ်မြေ ၇ မှူးက တားမြစ် ပိတ်ပင်ထားခြင်း ဇြစ်ကြောင်း သိရသည်။ (နိရဉ္စရာ)

0 comments: