Thursday 14 October 2010

မြန်မာအလုပ်သမား (၂) ဦး အဖမ်းခံရ

မြတ်ခိုင်ဦး / ၁၃ အောက်တိုဘာ ၂၀၁၀
ဗွီဒီယိုအပြာခွေနှင့် ကာတွန်းကားခွေများ ရောင်းချမှုဖြင့် မြန်မာအလုပ်သမား (၂) ဦးအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆူကွန်ဗစ် လမ်းမပေါ်ရှိ ညဈေးဧရိယာတွင် ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ (၂) ဦးမှာ မြန်မာနိုင်ငံ ကျောက်မဲမြို့ဇာတိ အသက် (၂၉) နှစ်အရွယ် ဆန်နီနှင့် မြစ်ကြီးနားဇာတိ အသက် (၂၄) နှစ်အရွယ် ဘီဂျေးတို့ ဖြစ်ကြောင်း ၎င်းတို့ဆိုင်အနီး ပတ်ဝန်းကျင်တွင် အင်္ကျီရောင်းသည့် ကိုသန်းထူးက ပြောသည်။

ထိုသူ (၂) ဦးနှင့်အတူ ဗွီဒီယိုခွေရောင်းချသည့် ထိုင်းအမျိုးသမီး အလုပ်သမား (၁) ဦးလည်း အဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသန်းထူးက “ကျနော်တို့ ညနေကတည်းက ရဲဝင်မယ်ကြားလို့ ကျနော်ကတော့ ဆိုင်ပိတ်ထားလိုက်တယ်။ သူ့ကိုတောင် သတိပေးလိုက်သေးတယ်။ ကျနော် လမ်းလျှောက်သွားနေတုန်းမှာ ဆန်နီအဖမ်းခံရတာ” ဟု ဆိုသည်။

အဖမ်းခံသူများသည် အလုပ်သမားများဖြစ်ပြီး ထိုသို့အဖမ်းခံရလျှင် ငွေပေး၍ပြဿနာကို ယခင်က ချက်ချင်းဖြေရှင်း၍ ရသော်လည်း ယခုဝင်ရောက်ဖမ်းဆီးသော ရဲများမှာ ထိုသို့လုပ်မရဘဲ အဖမ်းခံရသူများအား ယနေ့နံနက်၌ အာမခံလျှောက်ထားပြီး နေ့ခင်းတွင် တရားရုံးတင်ပြီဟု သိရကြောင်း ကိုသန်းထူးက ပြောသည်။

ဆန်နီ အလုပ်သမားအဖြစ် ရောင်းချနေသည့် ဆိုင်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်း၍ ယခင်ကာလများက အဆိုပါပြဿနာမျိုးပေါ်လျှင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သော်လည်း ယခုအခါတွင် ထိုသို့မလွယ်ကူတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဘန်ကောက်မြို့လယ် အများသူငါ မြင်ကွင်း၌ အပြာဗွီဒီယိုခွေများ ပေါ်ပေါ်တင်တင် ရောင်းချနေမှုနှင့်ပတ်သက်၍ သတင်းဆောင်းပါး ရေးသားတင်ပြခဲ့သည်။

ထိုအကျိုးဆက်အဖြစ် Ben 10 ဆိုသော ကာတွန်းကား ကူးခွေများနှင့် အဆိုပါအပြာခွေများ ရောင်းချနေခြင်းကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကိုသန်းထူးက ရှင်းပြသည်။

အဖမ်းခံရသူ (၂) ဦးအား တရားရုံးမှနေ၍ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ယနေ့ လွှဲပြောင်းအရေးယူမည်ဟု သိရသည်။ ဘန်ကောက်၊ ဆူကွန်ဗစ် (၁၉) လမ်းတွင် နေထိုင်သူ ဆန်နီသည် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ဖရခနွန် (၈) လမ်းတွင်နေထိုင်သူ ဘီဂျေးသည် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူဖြစ်သည်။

0 comments: