Wednesday 27 October 2010

ပေါက်တောမြို့နယ်တွင် လူ ၉ ဦးသေ၊ ကျေးရွာ အများအပြား ရေထဲပါ၊ လူပေါင်း သောင်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်

Narinjara Burmese/ 10/26/2010
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် လူ ၉ ဦးသေဆုံးပြီး ကျေးရွာအများအပြား ဒီရေနှင့် အတူ
မျောပါသွားကာ လူပေါင်းသောင်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သတင်း ရရှိသည်။

ပေါက်တော မြို့ခံ လူကြီး တစ်ဦးက “ သေဆုံးသွားသူတွေက အင်းဂရားချိုင်ကျွန်း ဗျိုင်းသိုက်အုပ်စုက ငရီချိုင်မှာ ၃ ယောက်သေပြီး ရီပိုက်ချိုင်မှာ ၆ ဦး စုစုပေါင်း ၉ ဦးသေဆုံးပါတယ်။ လူတွေ စုစုပေါင်း ၂၀၀၀၀ ကျော်ကတော့ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပါတယ်။ အကူအညီကတော့ ဒီကနေ့ထိတော့ မရရှိသေးပါဘူး” ဟု ပြောသည်။

၎င်းပြင် ပင်လယ် ကမ်းနီး ကျေးရွာ အများအပြား ဒီရေလိုင်းများနှင့် ရေထဲ မျောပါသွားခဲ့သည်ဟု သူက ပြောသည်။

“ ဒီရေက လိုင်းနဲ့ အတူ ၁၂ ပေထိ မြင့်တက်လာပြီးတော့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေ အကုန်လုံး ဆွဲယူသွားတဲ့ အတွက် တချို့ရွာတွေဆိုရင် အိမ်တစ်လုံးမှ မရှိတော့ဘဲ ဖြစ်နေပါတယ်။ အခုလို အိမ်တစ်လုံးမှ မရှိဘဲ ဖြစ်နေကြတဲ့ ရွာတွေကတော့ ပြောရမယ်ဆိုရင် အင်းဂရားချိုင် ကျွန်းက ဗျိုင်းသိုက်၊ ကျောက်မောင်း၊ ပြင်ကြီး၊ ငရီချိုင်၊ ရီပိုက်ချိုင်၊ သဲဒွေနဲ့ ငမဲပြင်ကျေးရွာတွေ ဖြစ်ကြပါတယ်” ဟုပြောသည်။

ယခုအခါ အဆိုပါ ကျေးရွာများမှ ရွာသားများ နေထိုင်စရာ အိမ်များ မရှိတော့သဖြင့် လွင်တီးခေါင်းပြင်တွင် သစ်ရွက် သစ်ခက်များဖြင့် တဲထိုး၍ နေထိုင်နေကြရသည်ဟု သိရသည်။

“ အကူအညီကတော့ လူပေါင်း ၂၀၀၀၀ ကျော်အတွက် လိုအပ်နေပါတယ်။ အဓိက ရေထဲ ပါသွားတဲ့ ကျေးရွာတွေ အပြင် တခြား ပျက်စီးသွားတဲ့ ကျေးရွာတွေလည်း အများအပြား ရှိပါတယ်။ ခန်မှန်းခြေ လူပေါင်း ၄၀၀၀၀ ခန့် ပေါက်တောမြို့နယ်မှာ မုန်တိုင်း ဒဏ်ကို ခံခဲ့ကြရပါတယ်။”

ပေါက်တောမြို့နယ်တွင် အင်ဂရားချိုင်ကျွန်း အပြင် တခြား ထိခိုက်ခဲ့သော နေရာများမှာ မြေငုံကျွန်း ဗျိုင်းတောင် အုပ်စု၊ စောမဲကျီ၊ ကုလားသိမ်၊ ဇီးရွှေမော်၊ ကံပြင်၊ ကွမ်းသီးဖက်၊ ငပြီတက်၊ ပုဏ္ဍားကြီး အုပ်စု၊ ဆင်ပိုက် အုပ်စုများ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်သူ အများအပြား လေဘေးနှင့်ရေဘေးကြောင့် အကြီးအကျယ် ထိခိုက် နေသော်လည်း သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက ထိထိရောက်ရောက် ကူညီပေးမူ တစုံတရာ မရှိကြောင်း သိရသည်။

0 comments: