Thursday, 14 October 2010

မိဘမဲ့ကလေး ဂေဟာသစ် စစ်တွေတွင် ဖွင့်လှစ်

10/8/2010
ဆရာတော် အရှင် ပညာစာရ တည်ထောင်ခဲ့သော မဟာမုနိ ဗုဒ္ဓ၀ိဟာရ မိဘမဲ့ ကလေးများ ဂေဟာ ပျက်စီးသွားပြီးနောက် ယခုတခါ စစ်တွေမြို့ လူကုံတန် အသိုင်းအ၀ိုင်းမှ မိဘမဲ့ ကလေးဂေဟာ တခုကို ဖွင့်လှစ်ခဲ့သည်ဟု သတင်း ရရှိသည်။

စစ်တွေမှ အမျိုးသမီး တစ်ဦးက “ မနေ့က ဂေဟာကို စတင်ဖွင့်လှစ်ပါတယ်။ စစ်တွေ မင်းဂံ အမှတ် ၁၃ ရပ်ကွက်မှာ ဖြစ်ပါတယ်။ ဖွင့်ပွဲ အခမ်းအနားကို စစ်တွေမြို့က လူသိများတဲ့ သူဌေးတွေ တက်ရောက်ခဲ့ကြပါတယ်” ဟု ပြောသည်။

သူမ၏ အပြောအရ အဆိုပါ ဂေဟာကို စစ်တွေ နာရေးကူညီမူ အသင်း၊ ကြံ့ဖွံ့ ပါတီနှင့် စစ်တွေမှ စစ်အစိုးရနှင့် နီးစပ်သော သူဌေးကြီးများက ဦးဆောင် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျွန်မ အခမ်းအနားကို သွားပါတယ်။ စစ်တွေက နာမည်ကြီး သူဌေးတွေ၊ အထူးသဖြင့် နအဖ စစ်အစိုးရနဲ့ အလွမ်းသင့်ကြတဲ့ ရွှေသဇင် ဦးသန်းရွှေ၊ ဒေါ်မနု ( ရွှေဒေါင်းပျံ)၊ အင်းပေါက်ဝ ကုမ္ပဏီက ဦးမောင်ထွန်းကျော်၊ ဦးအေးသိန်းတို့ လာတာကိုတွေ့ရပါတယ်။ တခြား လူတွေလည်း အများကြီး လာတာကို တွေ့ရပါတယ်” ဟု သူမက ပြောသည်။

အခမ်းအနားဖွင့်ပွဲကို နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားသို့ နအဖ စစ်အစိုးရ၏ ဘုန်းကြီးများ ဖြစ်ကြသော ဓမ္မာသုခကျောင်း ဆရာတော်၊ မဏိရတနာ ဆရာတော်နှင့် ဂန္ဓာရုံ ဆရာတော်များလည်း တက်ရောက်ပြီး အဆိုပါ ဆရာတော်များထံမှ ငါးပါးသီလ ယူခဲ့ကြသည်ဟု သိရသည်။

“အခုလောလောဆယ်တော့ ကလေး တစ်ယောက်မှ မရှိသေးပါဘူး။ မိဘမဲ့ ဆိုရင် မွေးကင်းစ အစ လက်ခံမယ်လို့ ပြောပါတယ်။ ဆရာတော် အရှင် ပညာစာရ ကျောင်းက ဗမာပြည်ကို ခေါ်သွားတဲ့ ကလေးတွေကိုလည်း ပြန်လည် ခေါ်ယူလာပြီး ဒီဂေဟာမှာ ထားမယ်ဆိုပြီးတော့လည်း ပြောပါတယ်။ အခု ကလေးတွေကို စောင့်ရှောက်ဖို့ ၀န်ထမ်းတွေ၊ အလုပ်သမားတွေကို ခေါ်ယူနေပါတယ်” ဟု သူမက ဆက်ပြောသည်။

အခမ်းအနားသို့ အရပ်ဝတ် စစ်ဘက်ဆိုင်ရာ အရာရှိများ၊ ထောက်လှမ်းရေးများ၊ အက်စ်ပီများ ရောက်ရှိခဲ့ ကြောင်းနှင့်ယခု ဂေဟာ ဖွင့်လှစ်မူမှာ နအဖ စစ်အစိုးရ၏ အစီအစဉ် တရပ် ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောသည်။

ဆရာတော် အရှင်ပညာစာရအား ဖမ်းဆီး လူဝတ်လဲသည်သာမက ထောင် ၈ နှစ်နှင့် ၃ လပါ ပြစ်ဒဏ်စီရင်ခဲ့သဖြင့် ရခိုင်ပြည်သူများ အကြား မကျေနပ်မူ တိုးပွားနေရာ အဆိုပါ မကျေနပ်မူကို ချွေးသိပ်လိုသဖြင့် စစ်တွေမှ နအဖ စစ်အစိုးရနှင့် နီးစပ်သူ သူဌေးများကို ယခုကဲ့သို့ မိဘမဲ့ကလေးဂေဟာတစ်ခု ဖွင့်လှစ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ပြည်သူများက အမြင်ရှိနေကြသည်ဟု သိရသည်။

နိရဉ္စရာ

0 comments: