Sunday 24 October 2010

ရခိုင်တွင် တိုက်ခတ်နေသည့် ဂီရိမုန်တိုင်း အင်အားပြင်းထန်

ခင်ဦးသာ Irrawddy/ Friday, October 22,2010 Share/Save/Bookmark ဘင်္ဂလားပင်လယ်အော်၌ စတင် ဖြစ်ထွန်းခဲ့သော ဂီရိ (GIRI) အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ယနေ့တွင် ရခိုင်ကမ်းရိုးတန်း တလျှောက် ၀င်ရောက်တိုက်ခတ်နေပြီးအင်အားအလွန် ပြင်းထန်ကြောင်း သိရသည်။

GIRI-MyanmarGategory အဆင့် ၂ ရှိ (ဂီရိ) မုန်တိုင်းသည် တနာရီလျှင် ၈၀ မိုင်နှင့်အထက်ထိ တိုက်ခတ်လာနိုင်ပြီး အင်အားပြင်းသော မုန်တိုင်းတခု ဖြစ်လာနိုင်ကြောင်း မိုးလေ၀သ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သတိပေးထားသည်။ မုန်တိုင်းအား အနီရောင် အဆင့်ထိ သတ်မှတ်ထားသည်။

မိုးလေ၀သ လေ့လာရေး အဖွဲ့အား ဦးဆောင်နေသူ မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာန၏ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်က “မုန်တိုင်းက နေ့လယ် ၂ နာရီလောက်မှာ ပိုမိုအားကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် နာဂစ်လိုတော့ မပြင်းလောက်ဘူး။ တနာရီကို ၇၅ မိုင် ၀န်းကျင်လောက်လာနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် အဆိုပါ ဂီရိမုန်တိုင်းကြီးသည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေနှင့် ကျောက်ဖြူမြို့များမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်းပါရှိသည်။ ယနေ့နံနက် ပြည်တွင်း ရေဒီယိုများနှင့် ရုပ်သံလိုင်းများတွင်လည်း အားပြင်းသည့် မုန်တိုင်းသတင်းကို ကြေညာသွားသည်ဟု သိရသည်။

လေတိုက်မှုကြောင့် အဆောက်အအုံ၊ သစ်ပင်များ၊ လျှပ်စစ်ဓာတ်တိုင်၊ မီးကြိုးများ ပျက်စီးမှုများနိုင်ကြောင်း၊ ဒီရေလှိုင်းများ ကြီးလာနိုင်၍ ပင်လယ်ပြင်ကို လုံးဝ မထွက်သင့်ကြောင်း ဦးထွန်းလွင်က သတိပေးပြောဆိုသည်။ သို့သော် လူနေမြို့ပေါ်သို့ ပင်လယ်ရေ မတက်လာနိုင်ကြောင်းလည်း ၎င်းက ဆက်ရှင်းပြသည်။

အမေရိကန်နိုင်ငံ မုန်တိုင်းသတိပေးရေး ဌာနမှ ထုတ်ပြန်ချက်၌ ယနေ့ညနေပိုင်းတွင် ယင်းဂီရိမုန်တိုင်းသည် စစ်တွေ ကမ်းရိုးတန်းမှ ၀င်ရောက်၍ တနာရီလျှင် ၉၁ မိုင် (၁၄၈ ကီလိုမီတာ) အထိ အင်အားပြင်းလာနိုင်ကြောင်း ခန့်မှန်းထားသည်။

ဂီရိ မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းမှ မန္တလေးသို့ ဦးတည်နေပြီး မြေပြင်၌ တနာရီလျှင် ၉၁ မိုင်နှုန်းဖြင့် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း ၎င်းဌာနက ထုတ်ပြန်ထားသည်။

ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ရခိုင်ပင်လယ် ကမ်းရိုးတန်း တလျှောက်သို့ ယနေ့ နံနက်ပိုင်းမှ စတင်ဝင်ရောက် တိုက်ခတ်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၄ နာရီလောက်မှာ လေတွေစတိုက်ပါတယ်။ တနာရီ မိုင် ၅၀ လောက်ရှိတယ်။ တညလုံးတော့ သတိပေးနေတာတွေ လုပ်နေကြပါတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ဧရာဝတီကို ပြောသည်။

လေတိုက်နှုန်းသည် အနည်းငယ်ပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီကျော်ခန့်တွင် အနည်းငယ် အားပျော့သွားသော်လည်း ၁၂ နာရီခန့်တွင် လေပြင်း ပြန်လည်တိုက်ခတ်လာသောကြောင့် ကျောက်ဖြူမြို့ရှိ အဓိကကျသော တံတားကြီး ကြိုးသွားခဲ့ကြောင်း။ အဆိုပါဒေသခံက ရှင်းပြသည်။ လေတိုက်ခတ်မှုကြောင့် သစ်ပင်နှင့် ဓာတ်တိုင်တချို့ ကျိုးကျသွားခဲ့ကြောင်းလည်း သိရသည်။

နံနက် ၁၀ နာရီဝန်းကျင်ကမူ မာန်အောင်ကျွန်းတွင် လေတိုက်အားပြင်းထန်ခဲ့သောကြောင့် အပျက်အစီး များပြားပြီး သစ်ပင်များ ပြိုလဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေမြို့တွင်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက လိုက်လံ သတိပေးနှိုးဆော်မှုများ ပြုလုပ်ပေးနေကြောင်း သိရပြီး ဘေးအန္တရာယ် ကျရောက်လာပါက မည်သို့ဆောင်ရွက်ရမည်ကိုမူ အသိပေး ပြောဆိုခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။

“စစ်တွေဆိပ်ကမ်းဘက်မှာတော့ ရေတက်မှာကို စိုးရိမ်နေကြတယ်။ ရေကြီးလာနိုင်တယ်ဆိုလို့ တချို့က နေရာတွေ ပြောင်းဖို့ ပြင်ဆင်နေကြတယ်” ဟု စစ်တွေ မြို့ခံ တဦးက ပြောသည်။

အဆိုပါဆိုင်ကလုန်း မုန်တိုင်းကြီးသည် နာဂစ် မုန်တိုင်းကဲ့သို့ ကြီးထွားလာနိုင်ကြောင်း သိရသည်။

၂၀၀၈ မေလ ဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လူဦးရေ ၁၄၀၀၀၀ ၀န်းကျင် သေဆုံး ခဲ့ရသည်။

0 comments: