Friday 15 October 2010

မွန်ရွာတစ်ရွာ၌ မြန်မာစစ်တပ်ဓါးပြတိုက်သည့်အပြင်လူသတ်မှုပါပြုလုပ်ခဲ့

မင်းချမ်း၊ ကောင်းဝါ

သီတင်းကျွတ်လဆန်း ၅ရက်။အောက်တိုဘာ ၁၃၊ ၂၀၁၀။

မင်းချမ်း(အောက်တိုဘာ)။ ။ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်ရှိ မွန်ကျေးရွာတစ်ရွာဖြစ်သည့် ကျောက် ကုတင်ရွာ၌ ယခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်မှ ဓါးပြတိုက်ခဲ့သည့်အပြင် လူသတ်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း နယ်စပ်ကိုရောက်ရှိလာသော ရွာသားအချို့ပြောပြချက်အရ သိရသည်။

အဆိုပါကျေးရွာ၌ စခန်းချလျှက်ရှိသော ခလရ(၁၀၃) မှ ဗိုလ်ကျော်ညွန်နှင့် တပည့်(၃)ဦးတို့က ယခုလ(၁) ရက်နေ့ ည(၁၁) နာရီအချိန်ခန့်တွင် ကျေးရွာရှိအိမ်တစ်အိမ်အား ဓါးပြတိုက်ခဲ့စဉ် အိမ်ရှင်ဖြစ်သူ ဒေါ်ကြည် ဆိုသူ သေဆုံးသွားခဲ့သည်ဟု ဆိုပါသည်။

သေဆုံးသူ ဒေါ်ကြည်ထံမှ နားကပ်တစ်ရန်၊ လက်စွပ်(၂) ကွင်း၊ ငွေသား (၈၅၀၀) ကျပ်ကို ဓါးပြတိုက်သူ မြန်မာစစ်တပ်က ယူဆောင်သွားခဲ့သည်။

သို့ရာတွင် အိမ်ရှင်ဒေါ်ကြည် မည်သို့မည်ပုံသေဆုံးသွားသည်ကို ရွာသားများ မသိကြရဟုဆိုကြသည်။

အဆိုပါဒေါ်ကြည် သေဆုံးမှုကို လေဖြတ်သေသည်ဟုသာ သတင်းဖြန့်ရန် ဗိုလ်ကျော်ညွန့်က ကျေးရွာအာဏာပိုင်များအား အမိန့်ပေးထားသည်။

“ရွာဥက္ကဌကလည်း စစ်တပ်ကိုအသေကြောက်နေရတော့ အမှန်တရားကို မပြောရဲဘူး” ဟု နယ်စပ်သို့ရောက်ရှိလာသော ကျောက်ကုတင် ရွာသားတစ်ဦး ပြောသည်။တဖန် ယခုလ(၉) ရက်နေ့ညပိုင်း၌ သေဆုံးသူဒေါ်ကြည်အတွက်သပိတ်သွပ် ဆွမ်းကျွေးရန်ရွာသားများ ချက်ပြုတ်နေစဉ် ည(၁၁) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်မှ အချိန်အခါမဟုတ် အိမ်ထဲဝင်ရောက်လာသဖြင့် မုဆိုးမမိမြင့် အနီးအနားသို့အော်ဟစ်အကူ အညီတောင်းခံရာ နိုင်မွန်ထောဆိုသူရွာသားတစ်ဦး အကူအညီးပေးရန်သွားရောက်သည့်အခါ ခလရ(၁၀၃)စစ်တပ်မှရိုက်နှက်သည့်အပြင် ထွက်ပြေးစဉ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။

အဆိုပါ နိုင်မွန်ထောဆိုသူမှာ သေနတ်ဒဏ်ရာမရရှိခဲ့သော်လည်း အရိုက်နှက်ခံဒဏ်ရာများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ခံ ဆေးရုံတစ်ရုံတွင် ကုသခံနေရဆဲဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ ပေးပို့သောကြေးနန်းစာအရ သိရသည်။

အဆိုပါသတင်းများ မှန်ကန်သည်ဟု မွန်ပြည်သစ်ပါတီ၊ နိုင်ငံခြားဆက်ဆံရေးဌာနတာဝန်ခံက မွန်သတင်းဌာနများကို အတည်ပြုပြောကြားခဲ့သည်။

ထို့အပြင် ယခုလ(၉) ရက်နေ့ညပိုင်း၌တွင်လည်း ခလရ(၁၀၃) မြန်မာစစ်တပ်မှ မိအင်း ဆိုသူနေအိမ်သို့ အချိန်အခါမဟုတ်ဝင်ရောက်ခဲ့ရာတွင်အိမ်ရှင်လှမ်းအော်သဖြင့်ရွာသားများရောက်ရှိလာပြီး မြန်မာစစ်တပ်မှ ထွက်ပြေးခဲ့ရသည့်ဖြစ်ရပ်လည်း ဖြစ်ပေါ်ခဲ့သည်။

အထူးသဖြင့် လင်ယောက်ျားများ မရှိသည့်နေအိမ်များကို ပစ်မှတ်ထားကား ဓါးပြတိုက်သည်းအပြင် လူသတ်မှုလည်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်များသည် ယခုလပိုင်း၌ ကျောက်ကုတင်ရွာတစ်ရွာအတွင်း ဖြစ်ပေါ်ခဲ့ခြင်းသာ ဖြစ်သည်။

ကျောက်ကုတင်ရွာသည် ရေး-ထားဝယ်ကားလမ်းမနံဘေးတွင်တည်ရှိပြီး မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လာရောက်အခြေချခွင့်မရှိသည့်နောက်ပိုင်း၌မွန်လက်နက်ကိုင်ခွဲထွက်အဖွဲ့ငယ်များ လှုပ်ရှားရာဒေသတစ်ခုလည်း ဖြစ်နေသည်။

0 comments: