Tuesday 26 October 2010

နအဖ ထုတ်ပြန်သော အသေအပျောက် အပျက်အစီး စာရင်း ပကတိ အပျက်အစီး စာရင်းနှင့် ကွဲလွဲမူရှိ

narinjara burmese/ 10/26/2010 နအဖ စစ်အစိုးရမှ ထုတ်ပြန်သော အသေ အပျောက်နှင့် အပျက်အစီး စာရင်းမှာ ဒေသခံများ ကောက်ယူ စုဆောင်း ထားသော စာရင်းများနှင့် များစွာ ကွဲလွဲမူ ရှိနေကြောင်း
လူမူရေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
“ နအဖ စစ်အစိုးရက ဂီရိ မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ ၂၇ ယောက် ရှိကြောင်း ဖော်ပြထားပါတယ်။ လက်ရှိ အောက်တိုဘာလ ၂၆ ရက်နေ့ထိ ကောက်ခံ ရရှိတဲ့ စာရင်းအရ မြေပုံမြို့နယ် တစ်ခုတည်းမှာ သေဆုံးသူ ၇၄ ဦး ရှိနေပါပြီ။ ဒီထက် သေဆုံး သူ အရေ အတွက် ပိုများနိုင်တယ်လို့ အများက ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရ စာရင်းဟာ ဒေသအတွင်းက ကောက်ခံ စုဆောင်းထားတဲ့ စာရင်းတွေနဲ့ အများကြီး ကွာဟနေပါတယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရမှ သတင်းစာများမှ ကျေညာရာတွင် ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူ ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ပြောသည်။
၎င်းပြင် တံတားနှစ်စင်း ကျိုးပြီး အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံးနှင့် စာသင်ကျောင်း ၁၃ ကျောင်း ပျက်စီးကာ စက်လှေ အစင်း ၈၀ နစ်မြုပ်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
မင်းပြားမြို့နယ်တွင်လည်း လူ ၅ ဦး သေဆုံးပြီး အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်း လေးကျောင်း ပျက်စီးကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ အလုံး ၄၀၊ စာသင်ကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်း တလျောက် အဆောက်အအုံး အချို့ အမိုးလန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း နအဖ စစ်အစိုးရ စာရင်းတွင် လူ ၉ ဦးထိ သေဆုံးခဲ့ရပြီး လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသော ပေါက်တောမြို့နယ် အကြောင်းကိုမူ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း ယနေ့ထက်ထိ မရှိသေးကြောင်း သိရသည်။
“ အခု ကျွန်တော် စုဆောင်းထားတဲ့ စာရင်းအရ ကျောက်ဖြူ ငလကျွန်းမှာ တစ်ဦး၊ ပေါက်တောမှာ ၉ ဦး၊ မင်းပြားမှာ ၈ ဦးနဲ့ မြေပုံ တမြို့နယ်မှာတင် ၇၄ ဦးသေတယ်လို့ သိရပါတယ်။ တခြား လက်လှမ်း မမှီတဲ့ နေရာတွေ ကျွန်းတွေလည်း အများကြီး ရှိပါသေးတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူက ပြောသည်။

0 comments: