Tuesday 26 October 2010

ဂီရိကြောင့် ကျောက်ဖြူတမြို့လုံးနီးပါး ပျက်စီး

မဇ္ဈိမသတင်းဌာန | စနေနေ့၊ အောက်တိုဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၆ မိနစ်
ရန်ကုန်။ ။ မနေ့က တိုက်ခတ်သော ဂီရိ ဆိုင်ကလုန်း လမ်းကြောင်းတွင် အပျက်အစီး အများဆုံးမှာ မြေပုံ၊ ကျောက်ဖြူနှင့် မင်းပြားတို့ဖြစ်ပြီး စစ်တွေ၊ အမ်း၊ ပေါက်တော၊ မာန်အောင်တို့တွင်လည်း
လေပြင်းတိုက်ခဲ့ကြောင်း သိရသည်။အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

“မြေပုံကတော့ အများဆုံး ပျက်စီးတယ်လို့ သတင်းရထားပါတယ်၊ ဒီက အသင်းတွေကိုလဲ ကယ်ဆယ်ရေးမှာ ပါကြဖို့ နှိုးဆော်နေပါတယ်၊ အသင်းကလူတွေ ရခိုင်ကို ဆင်းကြမှာပါ၊ အခုတော့ ကားလမ်းတွေ ပိတ်ထားတယ်၊ သီတင်းကျွတ်နဲ့လဲ တိုက်နေလို့ ကားတွေ မထွက်တာ၊ ကားထွက်ရင် ချက်ချင်းသွားမယ်၊ သွားမယ့် ဒေသတွေကို ခွဲတမ်းချနေတယ်” ဟု ရန်ကုန်ရှိ ရခိုင်သဟာယအသင်း အတွင်းရေးမှူး ဦးထွန်းနိုင်က ပြောသည်။

“ကျောက်ဖြူမှာ ရေတက်တာ လူအရပ်မြုပ်တယ်၊ အပင်တွေ အားလုံးကျိုးတယ်၊ ဓာတ်တိုင်တွေလဲ မရှိတော့ဘူး၊ မီးကတော့ တစ်လ လောက်ကြာမယ်၊ အခုတော့ ကြက်ခြေနီတွေ လမ်းပေါ်မှာ သွားနေကြတာတွေ့တယ်၊ ဘာမှတော့ လုပ်တာ မတွေ့ဘူး” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူတွင် ရပ်ကွက် ၁ဝ ခု ရှိပြီး အိမ်ခြေ ၃,ဝဝဝ ကျော်ရှိရာ အားလုံးနီးပါး ပျက်စီးသွားကြောင်းလည်း သူက ဆိုသည်။

“အသေအပျောက်တော့ ကျွန်တော် မကြားသေးဘူး၊ မြို့ကို ကာထားတဲ့ ဆည်ကတော့ အားလုံး ကျိုးပြီး ပျောက်သွားတယ်၊ ဘာမှ မကျန်တော့ဘူး၊ ပျက်တာကတော့ မပြောတတ်အောင်ပဲ၊ အဲဒီလောက် ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” ဟု ကျောက်ဖြူစေတီ တောင်ရပ်ကွက်သား တဦးက ပြောသည်။

ကျောက်ဖြူရှိ အုန်းခြံ၊ ကွမ်းသီးခြံများ၊ ဆားကွင်းများ အားလုံး ပျက်စီးသွားကြောင်းလည်း သိရသည်။ အခြားမြို့များ ပျက်စီးမှုကို မသိရသေး။

လေဘေးသင့် မြို့ရွာပြည်သူများအတွက် ရန်ကုန် တာမွေ သမိန်ဗရမ်းလမ်း သဟာယ အသင်းတွင် လေဘေး ကယ်ဆယ်ရေးစခန်း ယနေ့ ဖွင့်လှစ်ထားပြီး လေဘေးရန်ပုံငွေ ကျပ်သိန်း ၁ဝဝ ခန့်ရနေသည်။

မနက်ဖြန် အောက်တိုဘာ ၂၄ တွင် ရွှေတိဂုံဘုရားအရှေ့မုခ် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ရန်ကုန်ရှိ ရခိုင်လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ကာ လေဘေး ကယ်ဆယ်ရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် ရခိုင်လူမှုရေး အသင်းအဖွဲ့ပေါင်း ၇ဝ ကျော် ရှိသည်။

ရန်ကုန် မြို့နယ်အလိုက် ရယက ၊ မယကတို့ မနေ့မနက်ကပင် ရခိုင် လေဘေးအတွက် အသံချဲ့စက်များဖြင့် အလှူခံနေကြောင်း မြို့ခံများက ပြောသည်။

မယကမှ မြို့နယ်အလိုက် ကုမ္ပဏီများထံ ရခိုင်လေဘေးအတွက်ဟု အလှူကြို ကောက်ထားကြောင်း၊ ပစ္စည်းများကို လေယာဉ်ဖြင့် ပို့ပေးမည်ဟု ကျောက်တံတား မယကရုံး တာဝန်ရှိသူက ပြောသည်။

ဆိုင်ကလုန်းသည် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်တွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာပြည် မိုးဇလထုတ်ပြန်ချက်တွင် ပါရှိသည်။

0 comments: