Children of conflict BBC World service (Human right issues)
အနာဂတ်မဲ့ ကလေး ၁၂ သန်း
Lost children
ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ ဒုက္ခသည် ဦးရေရဲ့ ထက်ဝက်ဟာ ကလေးတွေဖြစ်နေကြပြီး ဒီထဲကမှ ကလေး ၁၂ သန်းဟာ တစုံတခုသော ဖိအားကြောင့် အိမ်ပြေးလေးတွေ ဖြစ်နေကြ ရရှာတယ်။ စစ်ဒဏ်ကြောင့် မိဘမဲ့ ဖြစ်ခဲ့ရပြီး သူတို့လေးတွေရဲ့ ခိုကိုးရာမဲ့ဘ၀ကို ဆွေမျိုးသားချင်းတွေက ဘယ်လိုများ ကူ ညီပေး နိုင်မှာမို့လဲ။ သူတို့လေးတွေ ရင်ထဲကခံစားချက်ကို မျှဝေခံစားကြည့်ကြရအောင်။
မြေဇာပင် ဘဝ
၁၂ နှစ်ကြာ အယ်လ်ဆာဗာဒါ ပြည်တွင်းစစ်ဒဏ်ကြောင့် ကလေးတွေဟာ မိဘရင်ခွင်နဲ့ဝေးပြီး စစ်သား တပိုင်းဖြစ်ခဲ့ရတယ်။ စစ်တပ်နဲ့ ဒေသခံ ပြောက်ကျားတွေရဲ့ မဟာဗျူဟာပြိုင်ဆိုင်မှုကြားမှာ မြေဇာပင် ဖြစ်ခဲ့ရတယ်။ ကလေးတွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း ဒါမှမဟုတ်ရင်လည်း မိဘမဲ့ ဂေဟာမှ အ တင်းခေါ်ဆောင်ပြီး စစ်မှုထမ်းစေခြင်း စတဲ့အလွဲသုံးပြုမူခြင်းကြောင့် ဆာဗာဒါ မိဘမဲ့ဂေဟာမှ ကလေး ၂၀၀၀ ကျော်ခန့်ဟာ ပြည်တွင်းစစ်ထဲ ပါဝင်ပတ်သက်လာခဲ့ပြီး တချို့ကလေးတွေကတော့ နိုင်ငံရပ်ခြား ကို ထွက်ခွာသွားခဲ့ကြတယ်။ ကျေးရွာကိုမီးရှို့တိုက်ခိုက်ဖျက်ဆီးပြီး စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရ တဲ့ ရီကာဒိုဟာ အဲဒီ အချိန်တုန်းက ရှစ်နှစ်သားအရွယ်လေးပေါ့။
ဒုက္ခသည် ဘဝ
ရုရှစစ်တပ် မြို့တွင်းဝင်ရောက် သိမ်းပိုက်မှုကြောင့် ချေချင်းမြို့တော် ဂရောစ်နီးမှာ ၁၀,၀၀၀ ၀န်းကျင် ခန့်သာ ခိုအောင်းကျန်ရစ်ပြီး အင်ဂူရှတ်တီးယားနယ်စပ်မျဉ်းတလျှောက် ရောက်ရှိသွားတဲ့ ချေချင်း ဒုက္ခသည် အရေအတွက်ဟာ ၂၀၀,၀၀၀ ၀န်းကျင်အထက်ကို ရောက်ရှိသွားတယ်။ လနဲ့ချီကြာတဲ့ ပြည်တွင်းစစ်ကြောင့် ကလေးအများစုဟာ မိဘမဲ့ဘ၀ရောက်ရင်း ဒုက္ခသည်စခန်းအတွင်းမှာ ငတ် မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရကာ သေကြေပျက်ဆီးကြပါလေရော။ ချေချင်းညှာကိုပြန်ပြီး မိသားစုကို ရှာ ဖွေနိုင်သူဆိုလို့ မဆိုစလောက်လေးပါ။ များသောအားဖြင့်တော့ ကလေးငယ်တွေဟာ ဘ၀ကို တ ကိုယ်တည်း ဖြတ်သန်း ကြရတာပါ။
BBC သတင်းဌာန ရဲ့ ချေချင်းညှာနဲ့ ပတ်သက်ပြီး ထပ်မံတင်ပြထားတဲ့ အစီရင်ခံစာ ကိုဆိုဗို ပြည်တွင်း စစ်ကြောင့် လူဦးရေ သန်းဝက်ကျော်ဟာ ယူဂိုဆလပ် တောင်ဘက်ပိုင်းမှာရှိတဲ့ ပြည်နယ်ထဲ ကိုပျံ့နှံ့ ရောက်ရှိသွားကြတယ်။ အထူးသဖြင့် ကလေးတွေ အများဆုံးပေါ့။ အခွင့်ထူးခံ လူတချို့ကတော့ ကိုဆိုဗို ဒုက္ခသည်စခန်းကနေ ဥရောပနိုင်ငံတွေဆီကို လေကြောင်းခရီးစဉ်နဲ့ ရောက်ရှိသွားကြပေမယ့်လို့ ကျန် ရစ်နေခဲ့ကြတဲ့ ဒုက္ခသည်တွေကိုတော့ မက်ဆီဒိုးနီးယားနဲ့ အယ်ဘေးနီးယားဘက်မှာ ပြောင်းရွှေ့နေရာ ချထားခြင်းခံကြရတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံးကတော့ ဒုက္ခသည်တွေရဲ့ နေ့စဉ်ဖြတ် သန်းမှု ဘ၀ကိုမှတ်တမ်းတင်ထားလေရဲ့။ ၁၉၇၀ ပြည့်လွန်နှစ်တုန်းက ဆိုဗီယက်ကျောထောက်နောက် ခံ ပြုထားတဲ့ အစိုးရစစ်တပ်နဲ့ ဂျီဟတ်ပြည်သူ့စစ်တွေကြား အပြင်းအထန် စစ်ဆင်နွှဲမှုကြောင့် အာဖဂန် ပြည်သူ ၇ သန်းခန့်ဟာ မွေးရပ်မြေကိုစွန့်ခွာပြီး ဒုက္ခသည်ဘ၀ကို လုံးလုံးရောက်ခဲ့ရတယ်။ ဆယ်စုနှစ် နှစ်ခုကြာ ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံဟာ တာလီဘန်အုပ်စိုးမှု အောက်ကို ကျရောက်ခဲ့ပြီး ဆိုးမွေအဖြစ် နိုင်ငံရေးအရှုပ်အထွေးကိုသာ ပွေ့ပိုက်ထားရလေရဲ့။ ပါကစ္စ တန်မှာရှိနေတဲ့ အာဖဂန်ဒုက္ခသည် ၂ သန်းနဲ့ အီရန်မှာရှိနေတဲ့ အာဖဂန်ဒုက္ခသည် သန်းဝက်ထဲက က လေးတွေအတွက် အဓိကလိုအပ်ချက်ကတော့ မသင်မနေရ အခြေခံပညာရေးစနစ် ရှိနေဖို့ပဲ။
မိဘမဲ့ ဘဝ
၁၉၉၁ ခုနှစ် အာဏာရှင် မိုဟာမက် ဆီအာဒ့်ဘာရေး လက်ထက်ကစပြီး ဆိုမာလီယာနိုင်ငံမှာ ကောင်း မွန်တဲ့ အစိုးရတရပ် ပျောက်ဆုံးနေခဲ့တာကြောင့် တိုင်းပြည်ဟာ ယိုယွင်းပျက်စီးပြီး လူမျိုးစုအချင်းချင်း ကြား အာဏာလွန်ဆွဲရာမှ ပြည်တွင်းစစ်ဟာ မငြိမ်းနိုင်ဖြစ်ခဲ့ရတယ်။ ဒီနိုင်ငံရေး ပဋိပက္ခကြောင့် မိသား စု အသိုင်းအ၀ိုင်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လူငယ်လေးတယောက်ရဲ့ တေးသွားဟာ ဆိုမာလီယာ နိုင်ငံ တ၀ှမ်းကို ပျံ့လွင့်သွားခဲ့တယ်။ ၁၉၉၄ ခုနှစ် ရ၀မ်ဒါနိုင်ငံမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် မိဘမဲ့ဖြစ်ရသူ ကလေးဦးရေဟာ ခန့်မှန်းချေ ၄၀၀,၀၀၀ ၀န်းကျင်ခန့်ရှိပြီး ဒီအထဲကမှ ၁၂ နှစ် သမီး အ ရွယ် အိုဒက်တာဟာ မိဘနှစ်ပါးနဲ့ ညီအစ်မဖြစ်သူတို့ ရက်စက်စွာ သတ်ဖြတ်ခံရခြင်းကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပြီး သူမကိုယ်တိုင်လည်း ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတယ်။ စိတ်ဓာတ် ပိုင်းဆိုင်ရာမှာ အတော်လေး ထိခိုက်ခံစားခဲ့ရတဲ့ သူမဟာ ခုချိန်မှာတော့ မိဘမဲ့ကလေးတွေကိုပြုစု စောက်ရှောက်ပေးနေလေရဲ့။
ပြုစုပျိုးထောင်ပေးခြင်း
ရ၀မ်ဒါ နိုင်ငံမှာရှိတဲ့ တချို့သော မိသားစုတွေဟာ ဆင်းရဲနွမ်းပါးပေမယ့်လည်း လူမျိုးတုန်းသတ်ဖြတ်မှု ကြောင့် မိဘမဲ့ဘ၀ရောက်သွားရတဲ့ ကလေးငယ်တွေကို သားသမီးအရင်းပမာ ပြုစုပျိုးထောင်ပေးနေကြ တယ်။ မာပန်နာဒို ဆိုလို့ရှိရင် ကလေးငယ်များ ကူညီစောက်ရှောက်ရေး ရံပုံငွေအဖွဲ့ အကူအညီကြောင့် ကလေးခြောက်ယောက်ရှိနေတဲ့ကြားက နောက်ထပ် ကလေးနှစ်ယောက်ကိုပါ ထပ်မံမွေးစားလိုက်သေး တယ်။ “ဒီကလေးတွေဟာ ကျမနဲ့ ဘ၀ကိုအတူဖြတ်သန်းကြမှာလား ဒါမှမဟုတ် တချိန်မှာစွန့်ခွာသွား ကြမှာလား ဆိုတာတော့ ကျမ ဘယ်ပြောနိုင်မှာလဲ”။
ပြန်ဆုံကြချိန်ဝယ်
၁၉၉၄ ခုနှစ် အယ်ဆာဗာဒို ဒီမိုကရက်တစ် ရွေးကောက်ပွဲအပြီး ငြိမ်းချမ်းရေးကာလမှာ မိဘတွေဟာ စစ်တွင်းပျောက်ဆုံးခဲ့ရသော သူတို့ရဲ့ ရင်သွေးငယ်တွေကို ပြန်လည်ရှာဖွေခဲ့ကြတယ်။ အခက်အခဲကြား ထဲကပဲ ပျောက်ဆုံးသွားတဲ့ ကလေးငယ်တွေကို ရှာဖွေကြတော့မှ ဆယ်ကျော်သက် ၇၄ ဦးဟာ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်ဆိုတာ သိရှိခဲ့ကြတယ်။ တချို့ ဆယ်ကျော်သက်တွေဟာ မိသားစုနဲ့ ပြန် လည် ပေါင်းစည်းဖို့ ပြန်လာခဲ့ကြပေမယ်လို့ တချို့ကျတော့လည်း မိဘအရင်း ဘယ်သူဘယ်ဝါဆိုတာကို တောင် မမှတ်မိကြရှာတော့ဘူး။ မိသားစုဆိုတဲ့ ပြတ်တောက်သွားတဲ့ သံယောဇဉ်ကြိုးကို ပြန်လည် ထုံးဖွဲ့နိုင်မလား ဆိုတာကတော့ေ၀၀ါးနေသလိုပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများကူညီစောက်ရှောက် ရေးရန်ပုံငွေအဖွဲ့ကတော့ လူအန်ဒါနဲ့ အန်ဂိုလာမှာ စစ်တွင်းပျောက်ဆုံးသွားတဲ့ ကလေးတွေကို မိသားစု နဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့ရာအတွက် ကြိုးစားပြီး လုပ်ဆောင်နေလေရဲ့။
အနာဂတ် ပျောက်သွားတဲ့ ကလေးများ
ကလေးတွေပြောပြတဲ့ သူတို့ ဘ၀လေးတွေ
ရီကာဒို ရဲ့ ဘဝ
“ကျမ တို့အားလုံးအတွက် ရိက္ခာကို အဖွား ထွက်ရှာချိန်မှာပဲ အစောင့်တပ်သား တွေရောက်လာပြီး ကျမ တို့ကို ဖမ်းခေါ်သွားကတည်းက အဖွားနဲ့ ပြန်ဆုံခွင့် မရကြတော့ဘူး။ ကျမ တွေးထင်ထားတာကတော့ သူတို့ အဖွားကိုသတ်လိုက်ကြတယ် ဆိုတာပဲ။ ဘာလို့လဲဆိုတော့ အဖွားက အဝေးကြီးလည်း သွားနိုင် တာ မဟုတ်သလို ကျမတို့ဆီပဲ ပြန်လာရမှာလေ။ ဒါမှမဟုတ်လည်း သူပြန်လာချိန်မှာ ကျမတို့ကို မတွေ့ တော့ တခြားကိုထွက်သွားတယ်လို့ပဲ ယူဆရတော့မှာပေါ့။ အစောင့်တပ်သားတွေ ကျမတို့ကိုတွေ့တော့ သတ်မသွားတာ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ။ သို့ပေမယ့်လို့ သူတို့ အချင်းချင်းကြား မေးမြန်း လိုက်တဲ့ ဘယ်သူကလေးတွေလိုချင်သလဲ ဆိုတာကြားလိုက်ရပြီးနောက် ကျမတို့ကို ခေါ်ဆောင်သွား တော့တာပဲ။ သူတို့ထဲက သုံးယောက်က ကူညီထောက်ပံ့မှု ပေးဖို့ရာအတွက် ကလေးတွေကိုလိုချင် ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြီး ကျမတို့ကို ဂိုတီရာကို ခေါ်ဆောင်သွားပါလေရော။ အမေ မရှိတော့ ဘူးဆိုတဲ့အသိ ကျမအတွေးမှာ တချိန်လုံးလိုလို စိုးမိုးနေတော့ မိသားစုကိုပဲ ရှာချင်နေတော့တယ်။ တ ကယ်လို့များပေါ့လေ ဘ၀သာအသစ်ပြန်စခွင့် ရမယ်ဆိုရင် ပြန်လည်ပုံသွန်းချင်တယ်ပဲ ပြောရမလား။ ခု နေအခါတော့ ကျမနဲ့ ညီမလေးအပြင် မိသားစုအားလုံးအဆင်ပြေလေရဲ့။ မိသားစုဆိုလို့ ကျမတို့ကို ထောက်ပံ့ထားတဲ့ မိသားစုကိုပြောတာပါ”။
ရီလန်း ရဲ့ ဘဝ
“ကျမရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ကိုဆိုဗိုက ကျေးလက်ရွာကိုပြန်ပြီး အခြေချနေချင်တာပါပဲ။ ကျမ သတိ ထားမိသလောက်ကတော့ လူအတော်များများဟာ သူတို့ကျေးလက်ဒေသတွေကို စွန့်ခွာသွားကြရ တယ်ဆိုတာပဲ။ ကျနော် အိမ်ကနေထွက်ပြေးတဲ့ အချိန်တုန်းက ဆာ့ဗ် လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဟာ မျက်နှာဖုံးတွေစွပ်ပြီး ဆိုင်ပြတင်းပေါက်တွေကို ရိုက်ချိုးဖျက်ဆီးနေတာ မြင်ခဲ့ရသေးတယ်”။
ဆိုမာလီယာ မှ ကြေကွဖွယ် ဇာတ်ကွက်
“ပထမဦးဆုံးအနေနဲ့ကတော့ ကျနော့်ကိုကူညီတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်တယ်ဗျာ။ ကျနော့် ဘ၀အကြောင်း စတင်မိတ်ဆက်ပြီးပြောရမယ်ဆိုရင် ကျနော်တို့မိသားစုက ဖေဖေ၊ မေမေနဲ့ ကျနော်တို့ အပါအ၀င် အားလုံးပေါင်း ခြောက်ယောက်ပေါ့။ ဆိုမာလီယာ ပြည်တွင်းစစ်မီး စတင်တောက် လောက်ချိန်မှာ ဖေဖေဟာ ကျနော်တို့ ဘ၀ထဲကနေ ပျောက်ကွယ်သွားခဲ့တာ အခုချိန်အထိ သေလား၊ ရှင်လားဆိုတာတောင် မသိခဲ့ရပါဘူး။ ဒီ့နောက် မေမေ့ ကိုယ်ဝန်ကလည်း နေ့စေ့လစေ့ မွေးဖွားခါနီးဆို တော့ ဆေးရုံတက်ရတာပေါ့၊ မွေးပြီးမျက်နှာမြင်တဲ့ အချိန်ကျတော့ သူနာပြုက မွေးဖွားခါစ မိခင်တွေဟာ ကာလ တခုထိ အချိန်ယူနားဖို့လိုအပ်ကြောင်းပြောတော့ မေမေက ကျနော့်ကို အိမ်ပြန်ခိုင်းပြီး ညီငယ်၊ ညီမငယ် တွေကို ကြည့်ရှုစောက်ရှောက်ခိုင်းပါတယ်”။
“ကျနော် အိမ်ပြန်ရောက်ချိန်မှာတော့ ညီအစ်ကိုမောင်နှမ အားလုံးဟာ F 1 ဒုံးကျည်ထိမှန်ခံရလို့ အပိုင်း ပိုင်းအစစ ဖြစ်ပြီးသေဆုံးနေတော့ ဘယ်သူဘယ်ဝါဆိုတာကို မဝေခွဲနိုင်တော့ပါဘူး။ ပြန့်ကျဲနေတဲ့ သူ တို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးကို စုစည်းမီးသဂြုင်္ိဟ်ပြီး ကျွင်းတကျွင်းထဲမှာပဲ မြေမြုပ်လိုက်ရ တော့တာပေါ့။ ဒီခြောက်ခြားဖွယ် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပြီးနောက် ကျနော်လည်း မေမေရှိတဲ့ ဆေးရုံကို ပြန်လာခဲ့တာပေါ့။ ဒီအဆိုးသံသရာစက်ဝန်းဟာ နောက်တကြိမ် ပြန်ကျော့တယ် ပြောရမလားပဲ ဒီဆေး ရုံပေါ်ကို ဗုံးကြဲလိုက်တော့ မေမေ အပါအ၀င် တခြားသော မိခင်တွေနဲ့ ကလေးတွေအားလုံးဟာ ဗုံးဆံ မှန်ပြီး သေကြပါလေရော”။
“ကျနော့် အတွက်ကတော့ ဒုတိယမြောက် လွမ်းခန်းပေါ့။ နောက်ဆုံးတော့ ခိုကိုးရာမဲ့နေတဲ့ ကျနော် လည်း ရရာကားကြုံစီးပြီး ဦးလေးကို ကြိုးစားရှာဖွေရတော့ာတာပေါ့။ ဦးလေးမြို့ရဲ့ ဘယ်နားမှာနေမှန်း ကို ကျနော်မသိတာ။ မြို့ မရောက်ခင်လမ်းပေါ်မှာ ဓါးမြတိုက်ခံရလို့ ပါသမျှပစ္စည်းနဲ့ ကားကို သိမ်းပါလေ ရော။ သတ်မသွားတာပဲ ကံကောင်းတယ်ပြောရမှာပေါ့။ ဒီလိုနဲ့ နေ့ရောညပါ မဆုံးသေးတဲ့ ခရီးရှည်ကြီး ကို လမ်းလျှောက်ချီတက်ရတော့တာပေါ့။ မောကလည်းမော ပင်ပန်းလိုက်တာလည်း မပြောပါနဲ့တော့။ အဖေရော အမေပါ ဆုံးရှုံးသွားတဲ့ ကျနော့်အတွက် ဒီလမ်းကလွဲပြီး ရွေးချယ်စရာမှမရှိတော့တာ။ မိဘမဲ့ ဘ၀ကို နှစ်ကြိမ်တိုင်တိုင် ဖြတ်သန်းခဲ့ရတဲ့ ကျနော့်အတွက် ဘာများ တတ်နိုင်မှာမို့လို့လဲ”။
“ကျနော်တို့ဟာ အာဖရိကတိုက်ကို အလှဆင်ပြီး မှောင်မိုက်တဲ့ ဘ၀တွေကို အလင်းထွန်းညှိပေးမယ့် ဆိုမာလီယာက သက်ရှိ ကလေးငယ်လေးတွေပါ။ ပြည်တွင်းစစ်ဆိုတဲ့ ကပ်ဆိုးကြီးဟာ ဆာလောင် ငတ်မွတ်မှုနဲ့ ကယ်သူမဲ့ဘ၀ရောက်ရှိအောင် ဆောင်ကျဉ်းလာတဲ့နောက်မှတော့ အနာဂတ်မဲ့ ပြီးလမ်း ပျောက်နေတဲ့ ကျနော်တို့ ဘ၀တွေဟာ ဘယ်လိုလုပ်ပြီး စာရေးတတ်၊ ဖတ်တတ်နိုင်တော့မှာလဲ”။
“ကျနော်တို့အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကြား မှာတော့ထုတ်ဖော်ပြောဆိုရမှာပဲ။ တကယ်လို့များ အကူအညီသာမရခဲ့ရင်တော့ အနာဂတ်ဆိုတာထက် လက်ရှိဘ၀ပါ အဆုံးသတ် ပျောက်ကွယ်သွားမှာသေချာသလောက်ပဲ”။
အိုဒက်တာ ရဲ့ဘဝ
ကီကွန်ဒို ရန်ရာရီ ဆိုတဲ့ အရပ်ဒေသမှာ ကျနော်တို့ မိသားစုလေးဟာ အခြေချ နေထိုင်ကြစဉ်အတွင်းမှာ ပဲ ပြည်တွင်းစစ်ကြောင့် ဖေဖေ၊ မေမေနဲ့ ညီမလေးတို့ကို ကျနော် ဆုံးရှုံးခဲ့ရတယ်။ မိသားစု ကိုသတ်ဖြတ် ခဲ့သူတွေကပဲ ကျနော့်ကို ဇာအီရီ ကို ခေါ်သွားကြတယ်။ ဒီအသိုင်းအ၀ိုင်းထဲက တယောက်ဖြစ်တဲ့ ကျနော်ကိုယ်တိုင်က ဒါကိုမသိခဲ့တဲ့အပြင် အမေဆုံးတဲ့အချိန် သူမရဲ့ဘေးမှာ ရှာတွေ့ခဲ့တာကိုပါ ပြန် ပြောပြနေခဲ့သေးတယ်။ ကျနော်တို့ ကန်ဂုဂု ကိုသွားတဲ့ လမ်းပေါ်မှာတင် ရ၀မ်ဒါ အစိုးရစစ်တပ်ရဲ့ တိုက် ခိုက်ခြင်းကို ခံခဲ့ရပြီး ကျနော်လည်း ဦးခေါင်းနဲ့ ခြေထောက်မှာ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။
ဆွေမျိုးသားချင်းတွေရှိတဲ့ ဂီတာရာမာကိုကြိုးစားပြီး ရောက်အောင်သွားခဲ့ပေမဲ့ ဟိုရောက်တော့ အားလုံး က သေဆုံးနေကြပြီ။ ခရီးကလည်း ဆုံးသွားပြီ။ ဒီကနေ ဘယ်ကို ရှေ့ဆက်ရမှာလဲ ဒါမှမဟုတ် ဒီမှာပဲ သေရတော့မှာလား။ ဘာလုပ်ရမှန်းကို မသိတော့တာ။ အင်း ဒီနေရာမှာသေရမယ်ဆိုရင်လဲ ဆိုးတော့မ ဆိုးပါဘူးလေ။ ဒီမှာရှိနေတဲ့ တချို့သော မိန်းကလေးတွေကလည်း ကျနော့်လိုပဲဒုက္ခရောက်ခဲ့ကြ သူတွေ ဆိုတော့ အပြန်အလှန် ကိုယ်ချင်းစာစိတ်ရှိကြပြီး ကျနော်တဦးတည်းဒုက္ခရောက်နေတာ မဟုတ်ကြောင်း နဲ့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းသာ ဖြစ်ကြောင်းပြောပြကြလေရဲ့။
(မေး) “ဒီမှာ ဘယ်အချိန်လောက်ထိအောင်နေမှာလဲ”
(မယ်သီလရှင်) “သူ့မှာက ညီအစ်ကိုမောင်နှမလည်းမရှိတော့ ပြောမပြတတ်ဘူးလေ။ အိပ်မက်ဆိုးတွေ က ခုချိန်ထိခြောက်လှန့်နေတုန်းဆိုတော့ ခက်တော့ခက်သားပဲ။ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို အ တွေးထဲက အပြီးတိုင်မောင်းထုတ်ပစ်နိုင်ဖို့က သိပ်တော့မလွယ်ကူလှဘူး”။
(မေး) “သူအတွက် ဘာတွေများကူညီပေးနိုင်မယ်လို့ထင်လဲ”။
“ဖွားသီလရှင်တွေကလည်း ကောင်းကာင်းမွန်မွန်ရှိတဲ့အပြင် တခြားကောင်မလေးတွေကတော့ သူတို့ရင် ဆိုင်ခဲ့ရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ဆိုးတွေကို ပြောပြတတ်ကြပါတယ်”။
(မယ်သီလရှင်) “ဒီမှာရှိနေကြသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံထားကြရပြီး အတိတ်ဆိုးကို မေ့ ဖျောက်ဖို့ကလည်း ခက်သားပဲ။ တချို့ဆိုရင် ဘ၀သစ်ကို ပြန်စနိုင်ဖို့ ဆေးရုံတက်ပြီး ကောင်းမွန်တဲ့ ပြုစု စောက်ရှောက်မှုလိုအပ်တယ်။ ဒါပေမယ့်လည်း အတိတ်ဆိုတာက အရိပ်လိုကပ်ပါနေတော့လည်း မေ့ ဖျောက်ဖို့ကတော့မလွယ်ကူလှပါဘူး။ နောက်ပြဿနာတခုက ဆွေမျိုးသားချင်းတွေမရှိတော့တဲ့ သူတို့ရဲ့ ဘ၀ဟာ ဒီကနေ ထွက်ပြီဆိုတာနဲ့ သွားရမယ့်နေရာကလည်းမရှိ။ ကျနော်တို့ အိမ်ကိုပြန်မယ်လို့ပြော ဖို့ကလည်း ပြန်ရမယ့်နေရာကလည်း မရှိ၊ ဆီးကြိုမယ့်သူ ဆိုတာကလည်း ဝေလာဝေးပေါ့”။
(မေး) “ညီအစ်ကိုမောင်နှမတွေမရှိတော့ဘူးဆိုတာတကယ့်ကိုသေချာလား”။
“မရှိတော့ပါဘူး။ စစ်တွင်းကာလတုန်းက ကျနော့်အမေနဲ့ အတူရှိနေတဲ့ကလေးကို သွားစုံစမ်းတော့ သူ့ပြောပြချက်အရ ကျနော့် မိသားစုအားလုံးက သေဆုံးသွားကြပြီ။ ကျနော်တို့ အိမ်နဲ့သေဆုံးနေတဲ့ မိသားစု ရုပ်ခန္ဓာတွေကို တပါတည်း မီးရှို့လိုက်ကြတယ်လို့ပြောတာပဲ။ အိမ်ကိုရောက်သွားတဲ့ အချိန်ကြ တော့ မီးလောင်ပြင် ဖြစ်နေပြီး ဘာဆိုဘာမှကို မရှိတော့ပါဘူးဗျာ”။
ရ၀မ်ဒါ မှ မွေးစားမိခင်၊ မာပန်ဒါနို
မာဆီ ဆီကနေ ဒီကလေးတွေရောက်လာတာ လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကပေါ့။ သူတို့လေး တွေပြောပြတဲ့ သူတို့အကြောင်းလေးတွေအပြင် အရွယ်နဲ့မမျှအောင် ထိခိုက်နာကျင်ခံစားမှုတွေ၊ တရစပ် ကြချနေတဲ့ ဗုံးတွေကြောင့် ဘယ်မှကို မသွားမလာရတဲ့ သူတို့ရဲ့ ဘ၀လေးတွေကို သိခွင့်ရခဲ့တယ်။
(မေး) “ဘာလို့ သူတို့လေးတွေကို မွေးစားထားရတာလဲ”။
“ကလေးများ ကူညီစောက်ရှောက်ရေး အဖွဲ့ရဲ့ ပြောဆိုချက်အရ သူတို့တာဝန်တွေဒီမှာ ပြီးဆုံးသွားတဲ့ အခါ မိဘမဲ့၏ကလေးတွေကို ဆက်လက်ကြည့်ရှုစောက်ရှောက်ဖို့ရာအတွက် စေတနာရှင် လုပ်အားပေး မယ့်သူတွေလိုအပ်တယ်ဆိုတော့ ကူညီချင်နေတဲ့ ကျမ အတွက် ရေငတ်သူရေတွင်းထဲ ကျသွားတယ် ပြောရမလားပဲ။ ဒီအတွက်ကတော့ မေးမြန်းနေဖို့တောင် မလိုပါဘူးလေ”။
(မေး) “သူတို့ရောက်လာတော့ ဘာတွေများလုပ်ပေးနိုင်ခဲ့သလဲ”။
“မိဘ တွေအသတ်ခံရပြီးနောက် ညီအစ်ကိုမောင်နှမတွေဆီ သွားဆက်သွယ်ကြသေးတယ်။ ဒီမှာရှိနေ စဉ်အတွင်းတော့ ဘယ်သူကမှသူတို့ကို လာကြည့်တာမရှိဘူး။ အင်း သူတို့လေးတွေ ကြီးပြင်းလာတဲ့အ ထိတော့ ကျမ ပြုစုစောက်ရှောက်သွားရမှာပေါ့”။
(မေး) “အကူအညီတွေဘာတွေကောရသလား”။
“အခုမဟုတ်ဖူးနော်၊ အရင်တုန်းကတော့ အနည်းကျဉ်းရခဲ့ဖူးတယ်”။
(မေး) “ဘယ်လို ပုံစံနဲ့နေထိုင်ကြသလဲ”။
“ဘာရရ အားလုံးညီတူညီမျှခံစားကြတယ်လေ။ ကလေးခြောက်ယောက်ရှိနေတာတောင် ကျမ ထပ်လို ချင်နေသေးတယ်။ ကျမ မှာ သမီးနှစ်ယောက်ရှိနေတာတောင် နောက်တယောက် ထပ်လိုချင်နေသေး တယ်။ အရာအားလုံးကတော့ အဆင်ပြေနေတာပဲလေ”။
(ဆက်လက်ဖေါ်ပြသွားပါမည်)
မန်ဇူး(ဘာသာပြန်သည်)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment