Monday, 20 July 2009

ကျောင်းဆရာရဲ့ ဒိုင်ယာရီ (၂)

ပါဝါငှက် ပုံပြင်
ဒီနေ့ ပထမတန်းမှာ အင်္ဂလိပ်စာဆရာမ ခွင့်တင်ထားတာ ကြောင့် အချိန်တချိန်အားနေသော တတိယတန်း အတန်း ပိုင် မြန်မာစာဆရာ ဆရာချစ်ခင်မှ ၀င်ထိန်းပေးနေရ သည်။ ဆရာချစ်ခင်အကြောင်းကို သိနေသော ကျောင်း သားများက နှုတ်ဆက်ပြီးသည်နှင့် …
“ဆရာ ပုံပြောပြ”
“ဆရာ ကဗျာဆိုမယ်” ဟု အော်ကြသည်။

ဟုတ်ပါသည်၊ ဆရာချစ်ခင်သည် မကြာခဏဆိုသလို သူပုံမှန်သင်ကြားသော တတိယတန်းနှင့်စတုတ္ထ တန်းတို့တွင် ပုံပြင်များပြောပြလေ့ရှိပြီး ကဗျာများကိုလည်း အမူအရာနှင့် သင်ပြလေ့ရှိသည်။ အချိန် တိုင်းတော့မဟုတ်၊ စာသင်ချိန်တချိန်လုံးလည်းမဟုတ်၊ ကလေးများ သင်ခန်းစာ ခပ်လေးလေးများကို သင်ကြားပြီးသောအချိန် သို့မဟုတ် သူ့စာသင်ချိန်၏ နောက်ဆုံးမိနစ်များတွင် ဖြစ်သည်။ ထို့ကြောင့် သူ့ ပုံပြင်များမှာ တကြိမ်တည်းနှင့်ပြီးရိုးမရှိ ဇာတ်ရှိန်တက်လာပြီဆိုရင် အချိန်ပြောင်းခေါင်းလောင်းက မြည် မြည်လာမြဲ၊ ဒါသည်ပင် သူ၏ ဗျူဟာ၊ တခါတလေ တတိယတန်း မြန်မာစာထဲမှ “စေတနာ”တို့လို စတု တ္ထတန်း မြန်မာစာမှ“လူမှုဝန်ထမ်းစိတ်”တို့လို သင်ခန်းစာများကို သင်တဲ့အခါ ဘေးအတန်းကပ်လျက်မှ ကလေးများက ပုံပြောပြနေသည်ဟုထင်ကာ သူတို့ ဆရာမများမသိအောင် နားထောင်နေတတ်ကြ သည်။ ကဗျာသင်ရင်လျှင်လည်း တချို့ကဗျာများကိုဇာတ်သံနှင့်ဆိုလိုက်သေးသည်။ဥပမာ စတုတ္ထတန်း မှ “မြစ်ဧရာ”ကဗျာဆိုရင် …
“မြသားငယ်တဲ့ ရေ ယ မုန် …..
ငွေလှိုင်းတွေ ဖြူစွာနှင့် ….
မြစ်ဧရာ နဒီကြောမှာ…
မျော ဟော ဟော မျောကြဒိုက်ပုံ” တဲ့
“ဟေးလား မောင်တို့ ဘာသာ လေလေ့”တောင်ပါလိုက်သေး၊ ဘာတဲ့ သူပြောတာက လှေတော်သံဆို လား၊ လှေလှော်သံဆိုလားပဲ၊ သူကလေးတွေက တဟားဟားနဲ့ ရယ်လို့ပေါ့။ ဒီဘက်မှာ ဒါမျိုးတွေက ကြားရခဲတယ်မဟုတ်လား။ တတိယတန်းမှာဆိုလဲ “ဒိုးပတ်သံ”ကို သင်တဲ့အခါ ဘယ်ကယူလာမှန်းမသိ တဲ့ ဗုံတလုံးနဲ့ ရေသန့်ဗူးအခွံတွေနဲ့ သံပြားတွေနဲ့ အခန်းထဲမှာ တီးလို့မရလို့ ကျောင်းရှေ့ကွင်းပြင်မှာ ထွက်တီးကြတာ ကလေးနှစ်ယောက်က ကလို့၊ အခုလည်းပထမတန်း ကလေးတွေက ကဗျာဆိုခိုင်း ပုံ ပြောပြခိုင်းနေပြီ။(သူကလည်း သိပ်မပြောချင် မဆိုချင်ရှာပါဘူး)

“ဟုတ်ပြီ ဟုတ်ပြီ သားတို့ သမီးတို့ အင်္ဂလိပ်စာဆရာမ ဘာဖြစ်လို့ မလာလဲ သိလား”
“မအားလို့”
“နေမကောင်းလို့”
“မသိပါဘူး”
ထင်ရာမြင်ရာ ဖြေကြသည်။
“သားတို့ သမီးတို့ ဆရာမ နေမကောင်းဘူးနော် ဆရာမအိမ်နဲ့ နီးတဲ့ ကလေးတွေ သွားကြည့်လိုက်အုံး ကြားလား၊ သားတို့ သမီးတို့ သွားကြည့်လိုက်ရင် ဆရာမ တခါတည်း နေကောင်းသွားမယ်”
“ဟုတ်ကဲ့”
“ဆရာပုံပြောပြတော့လေ”
“ကဗျာဆိုမယ်”
အော်ကြပြန်သည်။

“အေး အေး ဟုတ်ပြီ ဟုတ်ပြီ ပုံပြင်နားထောင်မယ့်သူ လက်ညှိုးထောင်”
ကလေးအားလုံးလိုလို လက်ထောင်ကြသည်၊ မထောင်သည့်သူက တယောက်တည်း၊ လွယ်အိတ်ထဲမှ တစုံတခုကို နှိုက်ရှာနေသည်။
“သြော် ဟို အနောက်က သမီးက နားမထောင်ချင်ဘူးနဲ့တူတယ်”
ဒီတော့မှ စောစောက ကလေးမလေး ဘေးဘီကိုဝိုက်ကြည့်ပြီး လွယ်အိတ်ထဲမှ လက်ကို ထုတ်ပြီး ထောင်လိုက်သည်။လက်ထဲမှ ဗိုလ်မရုပ် လက်ပြတ်လေးပါလာသည်။ ကျန်ကလေးများက သူမကို ၀ိုင်းကြည့်ကြ ရယ်ကြသည်။

“ဟုတ်ပြီ လက်ပြန်ချကြ ကဗျာဆိုမယ်သူ လက်ညှိုးထောင်”
စောစောတုန်းကလောက်မများတော့ ကလေးသုံးပုံနှစ်ပုံလောက်သာထောင်ကြသည်။
“ဒါဆိုရင် ပုံပြင်ပြောပြမယ်နော်”
“ဟေး”
ကလေးများပျော်သွားကြသည်။ အနောက်တန်းမှ ကလေးများ မသိမသာ ခုံးများခွကျော်၍ ရှေ့သို့ တိုး လာကြသည်။

“ ဟိုး …… …… …… ရှေး .. ရှေး တုန်းက ….
မဲဆောက်မြို့လေးရဲ့ ထုထောင်းရပ်ကွက်ထဲမှာ မောင်နှမနှစ်ယောက်ရှိတယ်တဲ့ ”
ထိုသို့ အစချီပြီး ကလေးအားလုံးကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ဟိုကလေးမလေး လွယ်အိတ်ထဲပြန် နှိုက်နေပြန်သည်။ အရုပ်ကလေးရဲ့ လက်များကို ရှာနေပုံရသည်။ အနီးဆုံးရှိကလေးတယောက်အား ဆရာချစ်ခင် တိုးတိုးလေး ကပ်မေးလိုက်သည်။ ကလေးကလည်းတိုးတိုးလေးပြန်ဖြေသည်။ ပြီးတော့ ပုံပြင်ကိုပြန်စသည်။
“အငယ်မလေးနာမည်က ကေခိုင်ဝင်းတဲ့”
ဟိုကလေးမလေး ခေါင်းထောင်လာသည် လွယ်အိတ်ထဲမှ လက်ကို အသာအယာထုတ်လိုက်ပြီး ခုံပေါ် တင်သည်။ ကိုယ်ကိုလည်း ရှေ့သို့ရို့လာသည်။ ကျန်ကလေးများက သူမအား လှည့်ကြည့်ကြသည် ပြီး တော့ …
“ကေခိုင်ဝင်း”
“ကေခိုင်ဝင်း တဲ့ ဟိဟိ”
ဟုတ်ပါသည်။ သူမ နာမည်ပါပဲ၊ အခု ပုံပြင်ထဲရောက်သွားပြီ။
“သူအကို နာမည်က …”
ဆရာချစ်ခင် ယောက်ကျားလေးများဘက်သို့ ၀ိုက်ကြည့်ပြန်သည်။
“စားပလုံး ဆရာ စားပလုံး”
ကလေးနှစ်ယောက်သုံးယောက်မှ ၀ိုင်းအော်ကြသည်။ ကျန်သော ကလေးများတချို့ ထောက်ခံသည်။ ကလေးများအားလုံး စာပလုံး ဆိုသော ကောင်လေးဆီသို့ မျက်လုံးရောက်ကြသည်။ ထိုး စားပလုံးလေး က ပါးဖောင်းဖောင်းနှင့် ပြုံးဖြီးဖြီးလုပ်နေသည်။
“သားနာမည် စားပလုံး ဟုတ်လို့လား”
“ဟုတ်တယ် အဲ… မဟုတ်ဘူး ဆရာ”
“သူ ဆရာမ စာသင်နေတုန်း မုန့် ခိုး ခိုး စားလို့ ဆရာ”
“ဟုတ်လား ဒါဆို နာမည် အရင်းက”
“မင်းထက်ကျော်ပါ ဆရာ”
“အားပါး တယ်ကောင်းပါလား မင်းထက်တောင်ကျော်သွားတယ်ဆိုပဲ”
ကလေးများရယ်ကြပြန်သည်။ ထုံးစံအတိုင်းပေါ့ သူလဲ ပုံပြင်ထဲ ရောက်သွားပြီ။

ဆရာချစ်ခင် ရဲ့ ပုံပြင် အကျဉ်းချုပ်ကတော့ မင်းထက်ကျော် နဲ့ ကေခိုင်ဝင်းတို့ မောင်နှမအိမ်မှ SAW ကျောင်းသို့လမ်းလျှောက်လာ၊ လမ်းမှာ ကျောင်းမနေတဲ့ ကလေးတစုက ငှက်ကလေးတကောင်းကို ခဲနဲ့ ၀ိုင်းပေါက်နေ၊ ငှက်ကလေးတောင်ပံထိပြီး မပျံနိုင်၊ သူတို့ မောင်နှမ နှစ်ယောက် ၀င်တား၊ ဟို ကလေး အုပ်စုက မိုက်ကြည့်ကြည့်ပြီး ရန်တွေ့၊ နောက်တော့ ပိုက်ဆံ နှစ်ဘတ်နဲ့ ငှက်ကလေးကို ၀ယ်လိုက်ရ၊ ငှက်ကလေးကို ကျောင်းဝင်းထဲက ပန်းချုံထဲမှာ ၀ှက်ထား၊ မိဘတွေမသိအောင် အစာခိုးကြွေး၊ နောက် နံနက်မှာ ငှက်ကလေးပျောက်သွား၊ သူတို့မောင်နှမစိတ်မကောင်းဖြစ်ကြ၊ စနေနေ့ ကျောင်းပိတ်ရက်မှာ အမေနဲ့ အဖေ အလုပ်သွားလို့ သူတို့ မောင်နှမနှစ်ယောက်တည်း အိမ်မှာကျန်ခဲ့တဲ့ အချိန် ငှက်ကလေး ပြန်ရောက်လာခဲ့၊ ငှက်ကလေးက လူစကားပြော၊ သူက ပါဝါငှက်(၀ါ)ဆူပါငှက် ဖြစ်ကြောင်း၊ မောင်နှမ နှစ်ယောက်ကို ကျေးဇူးတင်ကြောင်း၊ ယခု ကျေးဇူးဆပ်ဖို့ပြန်လာကြောင်းပြောပြီး နှစ်ယောက်စလုံးကို ငှက်ကလေးက သီချင်းဆိုပြီး ပါဝါနှင့်လုပ်လိုက်ရာ သူတို့ နှစ်ဦးစလုံးရဲ့ လက်တွေမှာ တောင်ပံတွေ ပေါက်လာ၊ ပါဝါငှက်ကလေးက သူတို့နှစ်ယောက်ကို မဲဆောက်မြို့အနှံ့နှင့် တောတောင်စမ်းချောင်းတွေ ဆီ အတူတကွပျံသန်း၍ခေါ်ဆောင်သွား၊ ပြီးတော့ အိမ်ပြန်ပို့ ငှက်ကလေးက သီချင်းတပုဒ်ထပ်ဆို သီ ချင်းအပြီးမှာ မောင်နှမ နှစ်ယောက်ဆီက တောင်ပံများပျောက်သွား၊ ပါဝါငှက်ကလည်းနှုတ်ဆက်၍ ပြန် သွား။

ထို ပုံပြင်ကို ဆရာချစ်ခင်က သူ့ဝသီအတိုင်း ကလေးများနှင့် စကားပြောလိုက်၊ ကောင်းခန်းရောက်ပြီဆို ရင် မောလိုက်တာကွာဟု ဆိုကာ ရေဗူးဖွင့်သောက်လိုက်နှင့် အချိန်က တနာရီရပြီး သူ့အတွက် ဤအ တန်းတွင်း သင်ကြားရန် ဘာသာလည်း သီးသန့် မှရှိသောကြောင့် ပုံပြင်ကိုပဲ ဆုံးအောင်ပြောလိုက်ရ သည်။ ပုံပြင်ပြီးတော့ …
“ကဲ အခု ပါဝါငှက်ကလေး ဘယ်ရောက်နေလဲသိလား”
“မသိပါဘူး”
“အေး အခု ပါဝါငှက်ကလေး ဒီ အတန်းထဲ ရောက်နေတာ”
ကလေးများ အတန်းထဲ ဟိုဟို ဒီဒီ လိုက်ကြည့်ကြသည်။
“ဘာငှက်မှလည်းမတွေ့ဘူး”
တချို့ကလေးတွေက ခုံအောက်ငုံ့ကြည့်ကြသည်။ တချို့ကလေးတွေက အပေါ်သို့ မော့ကြည့်ကြသည်။
“ဟဲ ဟဲ ဟဲ ဘယ်တွေ့မလဲ ပါဝါငှက်ပါဆို ဟိုတလောကပဲ ကိုယ်ထင်ပြမိလို့ ဒီနားလေးမှာ ခဲမှန်ဖူးသွား ပြီ”
“သားတို့ပစ်တာမဟုတ်ဘူးဆရာ”
“အေးပါ အေးပါ ဆရာသိပါတယ် သားတို့ သမီးတို့ အလိမ္မာတွေချည်းပဲ၊ အဲဒါကြောင့် ပါဝါငှက်ကလေး ကလည်း ဒီတခါ သားတို့ သမီးတို့ တတန်းကလေးအားလုံးကို မဲဆောက်မြို့အနှံ့နဲ့ တောတောင်စမ်း ချောင်းတွေဆီ ပို့ပေးမလို့လာတာတဲ့ လိုက်မှာလား”
“လိုက်မယ် လိုက်မယ် … ဟေး …”
“ကဲ အားလုံး မတ်တပ်ရပ်မယ် ဟုတ်ပြီ လက်ကလေးတွေကို ကားထား မျက်စိမှိတ်ထားမယ်၊ ဟိတ် … ဟိတ် … မှိတ်ထားမယ်နော်၊ ဖွင့်ကြည့်တဲ့သူ ကျန်ခဲ့မယ်”

ကလေးများအားလုံး တိတ်ဆိတ်လျက် ပျံသန်းရန် အသင့်အနေအထား “ကဲ ပါဝါငှက် သီချင်းဆိုတော့ မယ် သေချာနားထောင်နော်”
ပြောနေရင်း ဘောင်ဘီအိတ်ထဲမှ ဖုန်းကိုနှိုက်ထုတ်ပြီး သုံးချက်လောက်နှိပ်လိုက်သည်။ ငှက်ကလေး များရဲ့တေးဆိုသံ စမ်းရေစီးသံများရောပြွမ်းပါရှိသော ဂီတသံစဉ်ချိုချိုလေး ညိမ့်ညောင်းစွာ စီးမျောထွက် ပေါ်လာသည်။
“ကဲ ကဲ တောင်ပံတောင်ကို ခတ်ထားမယ် ဟုတ်ပြီ ဟုတ်ပြီ”
ကလေးများ ဆန့်တန်းထားသော လက်မျာကို လှုပ်ခတ်လာကြသည်။
“ခပ်မြင့်မြင့်လေးပျံထား ဒါမှ အားလုံးကိုတွေ့ရမှာ”
“မဲဆောက်ဈေးဘက်ပျံမယ်ဟေ့”
“ဟာ ဟိုမှာကြည့်စမ်း ကလေးတအုပ်ကျောင်းလည်းမသွားကြဘူး လမ်းပေါ်မှာ ဆော့နေကြတယ်၊ ကားတိုက်တော့မှာပဲ၊ ဟောဟော တယောက်ကသူများခြံထဲက သရက်သီးကို ခဲနဲ့ပစ်ချနေတယ်၊ ခြံရှင် တုတ်ပိုင်းကြီးနဲ့ ထွက်လာပြီ၊ … အဲ … ကလေးတအုပ်ထွက်ပြေးကြပြီ… တွေ့ကြလားဟေ့ …”
“တွေ့ပါတယ်”
“မဲဆောက်ဈေးပေါ်ရောက်ပြီဟေ့”
“ဟာလူတွေအများကြီးပါလား”
“ကလေးတွေ ဟိုနားတယောက် ဒီနားတယောက်နဲ့ ပိုက်ဆံလိုက်တောင်နေကြတယ်၊ တကိုယ်လုံး လည်း ပေရေနေတာပဲဟေ့”
“သူတို့ ကျောင်းမသွားချင်ကြဘူးလား မသိ”
“ကဲ .. ကဲ … သောင်ရင်းမြစ်ဆိပ်ဘက်သွားမယ်ဟေ့ ပျံထား ပျံထား”
ဂီတသံက စီးမျောဆဲ ….
“ဟာ… လမ်းတွေမှာ အမှိုက်ကောက်တဲ့ ကလေးတွေ မနည်းပါလား”
“သူတို့မိဘတွေ ကျောင်းမထားဘူးလားမသိ ဒုက္ခ ဒုက္ခ”
“ကမ်းနားမှာ ကလေးတွေ ခရီးသည် အထုပ်တွေ လုလုပြီး ထမ်းနေကြပါလား၊ ခါးတွေကျိုးကုန်တော့ မှာပဲ၊ ဟော့ … ကလေးတယောက်ကို လူကြီးတယောက် အထုပ်သေးသေး တထုပ်ပေးပြီး တိုးတိုးနဲ့ ပြောနေတယ် ပိုက်ဆံ ၅၀ လည်း ပေးလိုက်တယ်၊ ဒီ ကလေးနောက်ကို ရဲလိုက်သွားပြီ ကလေးကို ဖမ်း လိုက်ပြီ၊ ရဲက အထုပ်ကိုဖွင့်နေတယ်… ဟာ … မြင်းဆေးတွေပါလား”

ဆရာချစ်ခင်၏အသံက ဂီတသံနှင့် ရောနှောလျက် ကလေးများ၏ မျက်နှာတွင် အရောင်အမျိုးမျိုး ပုံရိပ် အမျိုးမျိုး။

မြန်မာပြည်နှင့် ထိုင်းနိုင်ငံကို ခြားထားသော သောင်ရင်းမြစ်ကမ်းသို့ ပျံသန်းပြီးနောက် ကလေးများကို ပါ ၀ါငှက်ကလေးက တောတောင်များ စမ်းချောင်းများဆီသို့ ခေါ်ဆောင်သွားသည်။ သူတို့ သစ်သီးများခူး စားကြသည်၊ ပန်းများလည်းခူးကြသည်၊ စမ်းရေးများလည်း သောက်ကြသည်။

အချိန်ပြောင်းခေါင်းလောင်းထိုးရန် ၅ မိနစ်သာလိုတော့သည်။
“ကဲ အားလုံး အမော ပြေရင် ပြန်ကြမယ်ဟေ့”
“ဟာ စာဆိုသံတွေ ကဗျာဆိုသံတွေက ကောင်းကင်ထိအောင် ကြားနေရပါလား၊ ဘယ်နေရာကပါလိမ့်” “SAW ကျောင်းကပါ ဆရာ”
“ဟုတ်ပ ဟုတ်ပ ဟိုမှာ ကျောင်းဆိုင်းဘုတ်လေးကြည့်စမ်း လှလိုက်တာ ကလေးတွေကလည်း အဖြူ အပြာ ၀တ်စုံတူတွေနဲ့ စာတွေဆိုနေလိုက်ကြတာ လိမ္မာနေရောပဲ၊ ဟဲ့ … ဟဲ့ အဲဒီကျောင်းက ဘယ်သူ တွေနေတဲ့ကျောင်းလဲ”
“သားတို့နေတဲ့ကျောင်းပါ”
“သမီးတို့နေတဲ့ကျောင်းပါ”

“ကလင် .. ကလင်.. ကလင်.. ကလင်”
“ခေါင်းလောင်းတီးနေပြီ တတန်းမှာ ဘယ်သူမှလဲ မရှိဘူး သင်္ချာဆရာလာတော့မယ် ခပ်မြန်မြန်ဆင်း ကြဟေ့ …”
“ဟား ဟား ဟား ဟား ဟိ ဟိ”
“မင်္ဂလာပါ”
“မင်္ဂလာပါ ဆရာ ကျေးဇူးတင်ပါတယ် ဆရာ”

(စစ်မုန်းသွေး)

6 comments:

PhotoVigor said...

Visiting your blog, very informative.
Cheers..

HRmyanmar said...

စာလာဖတ်သွားပါသည်။ အရမ်းကောင်း၏ လေးစားလျက်ပါခင်ဗျား)

မဆုမွန် said...

စာလေးကိုဖတ်ပြီး ဆရာနဲ့ကျောင်းသားလေးတွေရဲ့ မေတ္တာရပ်ဝန်းလေးထဲမှာ ကိုယ်တိုင်စီးမျောသွားမိတယ်..

စည်သူ said...

ရောက်ပါတယ်ဗျာ..။

ဟေ့ ကျလင်း ဆိုပြီးတော့ ပါဝါနဲ့လုပ်လိုက်တာ
ဟေဟေ ကလေးတွေနဲ့အတူတူ မဲဆောက်အနှံ့
ရောက်သွားတယ်..။

အခုလိုရေးသားတင်ပြပေးတာ
ကျေးဇူးအထူးတင်ပါတယ်ဗျာ..။

ခင်မင်စွာဖြင့်
စည်သူ။

ဂျာမုန်းဒန် said...

စောရေ..........
ငယ်ဘ၀ကိုရောက်သွားသလိုခံစားရတယ်။
ဖတ်ရတာအရမ်းကောင်းတယ်။
အမြဲအားပေးမယ်နော်။
ခင်တဲ့
ဂျာမုန်း

ခွပ်ဒေါင်းမြေ said...

လေပေါ်မှာ ပျံရင် မျှောသွားတယ်ဗျာ... ကျောင်းခေါင်းလောင်း က တီးတာ စောသွားတယ် ထင်တယ်... ဖတ်လို့ ကောင်းတယ်ဗျာ... အားပေးလျှက်ပါ။

ခွပ်ဒေါင်းမြေ