Friday 5 December 2008

ကျနော်/ကျမတို့အားလုံး တာဝန်ရှိပါသည်၊ ၀ိုင်းဝန်းကာ ကူညီ

ဒေါက်တာလွဏ်းဆွေ

၂၀၀၆ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သည့် ပြည်ပ ရောက် မြန်မာမီဒီယာသမားများ၏ညီလာခံသို့ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာက အသံဖြင့်ပြောကြားကာ အမှာစကား ပေးပို့ခဲ့သည်။ ထိုအမှာစကားထဲတွင် ဆရာမကြီးက‘တို့နိုင်ငံမှာ ကနေ့ ဘာတွေဖြစ်နေတုန်း၊ လူတွေအများစုကို ကိုယ်စားပြုမယ်ဆိုရင် အကုန်လုံးက ဆင်းရဲနေတာ။ အမေ့ တသက်လေ၊ အမေ အသက်ကိုးဆယ် ကျော်ပြီနော်။ အမေ့တသက် ဒီခေတ်လောက် ဆင်းရဲ တာ၊လူတွေဒုက္ခဖြစ်တာမကြုံဖူးဘူး’ဟုထည့်သွင်းပြောကြားခဲ့သည်။

ဆရာမကြီး လူထုဒေါ်အမာသည် နိုဝင်ဘာလ(၂၉)ရက်နေ့က အသက်(၉၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ် သည်။ ဗြိတိသျှအစိုးရ အုပ်ချုပ်သည့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု ခေတ်ကာလ၊ ဖက်ဆစ်ဂျပန်ခေတ်၊ပါလီမန် ဒီမိုကရေစီခေတ်၊ မဆလခေတ်၊ န၀တ/နအဖခေတ် စသည့် သမိုင်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သော အမေလူထုဒေါ်အမာ၏ အထက်ပါမှတ်ချက်ကို သုံးသပ် ကြည့်လျှင် ယနေ့ နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ ဆိုးရွား နိမ့်ကျမှု အတိုင်းအတာကို ထင်ထင်လင်းလင်း သိမြင်နိုင်ပေသည်။ မြန်မာပြည်သူလူထုအပေါ် စေတနာ၊ သြဇာကြီးမားလှသည့် အမေလူထုဒေါ်အမာက ရှည်လျားထွေပြားသည့် သူမ၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံများနှင့် ယှဉ် ထိုးသုံးသပ်ပြီး ထိုသို့ သတိပေး ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် နအဖ စစ် ဗိုလ်ချုပ်များကမူ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်ရှေး ရှုနေပါပြီဟုလိမ်ညာဝါဒဖြန့်၍ကောင်းနေဆဲပင်။

မြန်မာနိုင်ငံအတွင်း နအဖစစ်အုပ်စု၏ မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ သတင်းအမှောင်ချမှုများ၊ လူအခွင့် အရေးချိုးဖောက်မှုများ၊ ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်မှုများအောက်တွင် ပြည်သူလူထုသည် စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ဘက်ပေါင်းစုံ၌ အခက်အခဲအကျပ်အတည်းမျိုးစုံ နှင့် တွေ့ကြုံရင်ဆိုင်နေရပေသည်။ ထို့အပြင်အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကဲ့သို့သော ရောဂါကပ်ဆိုး ကြီးကလည်း ဒုက္ခမျိုးစုံကြုံ တွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မြွေပူရာကင်းမှောင့် ဆိုသကဲ့ သို့ဖိစီးနှိပ်စက်လာသည်ကိုထိတ်လန့်တုန်လှုပ်ဖွယ်တွေ့မြင်နေရပေသည်။

မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဆရာဝန်မိတ်ဆွေတဦးက ‘အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်များ ဖြစ်နေမလားဆိုပြီး သံသယရှိတဲ့သူ(၁၀)ဦးကို သွေးဖောက်စစ်ကြည့်ရင် (၁၀) ဦးစလုံးနီး ပါးဟာ အိပ်ခ်ျအိုင်ဗွီပိုးရှိနေတာ တွေ့ရတယ်။ များသောအားဖြင့်ကတော့ မူးယစ်ဆေး အကြောထဲထိုး သွင်းတာရယ်၊ အကာအကွယ်မယူဘဲ လိင်ဆက်ဆံကြတာရယ်က ကူးစက်တာများတယ်။ ဖားကန့် ဘက်မှာက နယ်ပေါင်းစုံကလာတဲ့ ပြည့်တန်ဆာတွေရော၊ မူးယစ်ဆေးဝါးမျိုး စုံကိုရော သုံးစွဲချင်ရင် အ လွယ်တကူ သုံးစွဲနိုင်တဲ့ အခွင့်အရေးရှိတယ်’ဟု သူ၏အတွေ့အကြုံကိုပြောပြသည်။ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဖြစ်ပွားမှုနှုန်းထားနှင့်ပတ်သက်ပြီး စစ်အုပ်စုမျက်ကွယ်နေရာ ဒေသတချို့တွင် တိတ် တဆိတ် စစ်တမ်းကောက်ယူနေသည့် အန်ဂျီအိုအဖွဲ့အစည်းတခုမှ မိတ်ဆွေတဦးကလည်း ‘တချို့ နေရာတွေမှာဆို အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ဖြစ်ပြီး အရွယ်ကောင်း အမျိုးသမီး အမျိုးသားတွေ သေဆုံးကုန်ကြလို့ မိဘမဲ့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ အများစုကျန်နေတာကို တွေ့ရတယ်’ဟုသူ၏စစ်တမ်းကောက်ယူမှုအတွေ့အကြုံကိုပြောပြသည်။

နအဖစစ်အုပ်စု၏ အုပ်ချုပ်မှုအောက်တွင် ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက် များ၊ ကိန်းဂဏန်းများ လိမ်ညာဖုံးကွယ် အမှောင်ချထားမှုကြောင့် မြန်မာပြည်တွင်း၌ ဖြစ်ပွားနေသည့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် အရေအတွက်ကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် ခက်ခဲသော် လည်း ကျန်းမာရေးလောကတွင် ထဲထဲဝင်ဝင် ပတ်သက်နေသည့် ပုဂ္ဂိုလ်များ၏ အထက်ပါပြောပြ ချက်များကို ထောက်ရှု၍ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါသည် မြန်မာပြည်သူ လူထုကြားတွင် ကြောက်မက်ဖွယ်ရောဂါကပ်ဆိုးကြီးအလားကူးစက်ပျံ့နှံ့နေသည်ကိုသိရှိနိုင်ပေသည်။

နအဖ စစ်အုပ်စုသည် စစ်စရိတ်ကိုသာ တိုးမြှင့်သုံးစွဲပြီး ကျန်းမာရေး၊ ပညာရေး ကဏ္ဍများအတွက် အ သုံးစရိတ်ကို ရာခိုင်နှုန်း အနည်းငယ်သာ ခွင့်ပြုသည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အ တန်း တနေ့တခြား ဆိုးရွားလာသကဲ့သို့ ကျန်းမာရေးဆိုင်ရာ အသိအမြင် ဗဟုသုတများလည်း ပိုမို နိမ့်ကျ လာသည်ကို တွေ့ရပေသည်။ သို့ရာတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားနေမှုသည် မျက်ကွယ်ပြု၍ မရသည့် ထိပ်တန်းပြဿနာတရပ် ဖြစ်လာသည့်အတွက် မြန်မာပြည်၏ အနာဂတ် အရေးကိုစိတ်ဝင်စားသူအားလုံးက၀ိုင်းဝန်းဖြေရှင်းဖို့ကြိုးစားကြရပေမည်။

ထိုသို့ ကြိုးစားလုပ်ဆောင်ကြရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လက်တွေ့ လုပ်ဆောင်မှုများက အ ရေးပါသကဲ့သို့ မီဒီယာများ၏ သတင်းအချက်အလက် မှန်မှန်ကန်ကန် ထုတ်ပြန်ပေးနိုင်မှု၊ ကျန်းမာရေး ဗဟုသုတဆိုင်ရာ ပညာပေးအစီအစဉ်များ တင်ဆက်မှုကလည်း များစွာအထောက်အကူ ဖြစ်စေပါ သည်။ ပြည်တွင်း မီဒီယာလောက၌ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ စာအုပ်စာတမ်းများ၊ ဂျာနယ် မဂ္ဂဇင်းများ ထွက်ရှိနေသော်လည်း ပျံ့နှံ့မှုနည်းပါးခြင်း၊ စားဝတ်နေရေး သံသရာတွင် လုံးချာ လည်လိုက်နေကြခြင်းတို့ကြောင့် ပြည်သူလူထုအများစု ဖတ်ရှုလေ့လာနိုင်ခွင့် ရဖို့အတွက် အလှမ်းဝေး နေဆဲပင်။ ထို့အပြင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်ပြီး ပညာပေးအစီအစဉ်များ လုပ်ဆောင်မှု ရှိသော်လည်း နအဖစစ်အုပ်စု၏ ၀ါဒဖြန့်ချိမှုနှင့် ကိန်းဂဏန်းထုတ်ပြန်မှုများကို အယုံအ ကြည် ကင်းမဲ့နေကြသည့်အတွက် စိတ်ဝင်စားမှုနည်းပါးပြီး ထိရောက်သင့်သလောက် မထိရောက်ပေ။

ယခုအခါ ပြည်သူလူထုသည် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိရှိရေးအတွက် ပြည်ပအသံ လွှင့်ဌာနများမှ ထုတ်လွှင့်သည့် ရေဒီယိုအသံလွှင့် အစီအစဉ်များကိုသာ ဂရုတစိုက်နားဆင်နေကြ သည်ကို တွေ့ရသည်။ နအဖစစ်အုပ်စု၏ လိမ်ညာဖုံးကွယ် ထားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို နိုင်ငံ တကာကသိရှိစေရန် အသံလွှင့်ဌာနများမှတဆင့် အားကိုးတကြီး ရင်ဖွင့် ပြောဆိုလာကြသည်။ ထိုသို့ ပြည်ပအသံလွှင့်ဌာနများက ထုတ်လွှင့်သည့် အစီအစဉ်များအပေါ် ပြည်သူလူထုက ယုံကြည်ကိုးစားမှု မြင့်မားနေချိန်တွင် ပြည်သူလူထုအတွက် ထိပ်တန်းပြဿနာတရပ်အဖြစ်ရောက်ရှိလာသည့် အိပ်ခ်ျအိုင် ဗွီ/အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ သတင်းထုတ်လွှင့်မှုများ၊ကုသမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပညာပေးအစီအစဉ်များကို တတ်ကျွမ်းသည့် ပညာရှင်များနှင့်တိုင်ပင်ကာ တိုးမြှင့်တင်ဆက်နိုင်ပါက ရောဂါကူးစက်ပျံ့နှံ့မှု၊ ဖြစ်ပွားမှုတို့ကိုထိန်းချုပ်ရေးအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည် မိပါသည်။

ယခင်ကာလများက အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်ပြီး ‘ကုရာနတ္ထိ ဆေးမရှိ’ ‘ရောဂါဖြစ်လျှင်မုချသေမည်’ဟူသည့် ခြောက်လှန့်ဆောင်ပုဒ်များ၊ ‘ဘယ်သူမပြုမိမိမှု’ ဟူသည့် အပြစ်ဖို့ ဆောင်ပုဒ်များနှင့် သတိပေးလှုံ့ဆော်မှုများ ရှိခဲ့သည်။ သို့သော် ခြောက်လှန့် အပြစ်ဖို့သည့် ဆောင်ပုဒ် များသည် ဝေဒနာခံစား ရသူများအတွက် မျှော်လင့်ချက်မဲ့စေသည်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ စွန့်ပယ်မှုကိုပို၍ ခံရစေသည်။ ထိုသို့ ဖြစ်မှာကို တွေးကြောက်သည့်အတွက် သံသယရှိသူများ အနေ နှင့် ဆေးစစ်မခံရဲကြတော့ခြင်းသည် ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲသည့် အကြောင်းအ ချက်တခုဖြစ်သည်ဟုပညာရှင်များကပြန်လည်သုံးသပ်လာကြသည်။

ယခုအခါ အိပ်ခ်ျအိုင်ဗွီ ပိုးပွှားများမှုကို ထိရောက်စွာ တားဆီးနိုင်သည့် အေအာရ်ဗွီဆေးဝါးများ ပေါ် ပေါက် လာခြင်းသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူများအတွက် များစွာအားတက်မှုဖြစ်စေပါသည်။ ထိုအေအာရ်ဗွီ ကုထုံးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံးကြီးမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်စန်းက “ထိုကုထုံး၏ အာနိသင်ကြောင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထား ရသော လူပေါင်းများစွာသည် အချိန်မတန်ခင် စောစီးစွာသေဆုံးခြင်း မရှိကြတော့ဘဲ လူ့သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့် လာနိုင်ခဲ့ကြပါသည်။ လူမှုဘ၀ ပတ်ဝန်းကျင်တွင်လည်း သာမန်လူတယောက် နီးပါး သွားလာလှုပ်ရှားနိုင်ပြီး မိမိ၏ အသက်မွေး ၀မ်းကျောင်းအလုပ်ကို ပြန်လည်လုပ်ကိုင်နိုင်သူများ လည်း များစွာရှိရုံမက မိမိဝါသနာပါရာ အားကစားများကိုပင် ပြန်လည် ကစားနိုင်သူများ ရှိလာခဲ့ကြ သည်။ ထို့ကြောင့် အိပ်ခ်ျအိုင်ဗွီ/အေ အိုင်ဒီအက်စ် ရောဂါသည် ‘ကုရာနတ္ထိ ဆေးမရှိ’ မဟုတ်တော့ဘဲ စနစ်တကျ ဆေးဝါးကုသမှုကို ခံယူပါက သက်တမ်းစေ့ အသက်ရှည်စေနိုင်သော ဆီးချို၊ သွေးတိုးရော ဂါများကဲ့သို့ နာတာရှည် ရောဂါအဖြစ် ပြောင်းလဲ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်”ဟု သူ၏ ‘ခုခံအားကျ ဆင်းမှု ရောဂါကို ကုသခြင်း’ ဆောင်းပါးတွင် ထည့်သွင်း ရေးသားခဲ့ပါသည်။ ထိုသို့ မျှော်လင့်ချက် ရောင်ခြည် သန်းသည့် တိုးတက်မှုများ ရှိလာသည်ကို ပြည်သူလူထု သိရှိအောင် လှုံဆော်အသိပေးဖို့ လိုပါသည်။ သို့မှသာ မိမိတွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိမည်လားဟု သံသယ ရှိနေသူများက စနစ်တကျ ဆေး စစ်၊ဆေးကုသမှု ခံယူလာကြပြီး သူတပါးကို ထပ်မံကူးစက်စေခြင်း မရှိအောင်လည်း နှစ်သိမ့်ဆွေးနွေး ပညာပေးနိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် ယခုအခါ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ပြည်သူလူထုကို(၁၈) နှစ်ကျော်ကြာ ဖိနှိပ်အုပ်ချုပ်နေသော နအဖစစ်အုပ်စုကို ဖယ်ရှားပြီး ဒီမိုကရေစီစနစ် ထွန်ကားလာစေ ရန် အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်သကဲ့သို့ နအဖနှင့်အပြိုင် ဖိစီးနှိပ်စက်နေသော အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဆိုးကြီးကိုလည်း အမျိုးသားရေး အသိရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ် ထိန်းချုပ်ရန် အရေးတကြီး လိုအပ်နေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် မီဒီယာများ၏ အခန်းကဏ္ဍသည်များစွာ အရေးပါပါသည်။ ထို့အတွက် ‘ကျနော်တို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ၊ ကျမတို့လည်း တာဝန်ရှိပါသည် ၀ိုင်းဝန်းကာ ကူညီ’ ဟူသော သီချင်း စာသားလေးနှင့် မြန်မာပြည် အနာဂတ်အကျိုး မျှော်ကိုးပြီးမီဒီယာအပေါင်းအားတိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


ဒေါက်တာလွဏ်းဆွေ

2 comments:

Dr Phyo Wai Kyaw said...

ပြည့်တန်ဆာတွေကြားမှာ အိပ်အိုင်ဗီ
ကူးစက်ခံထားရမှုနှုန်း အလွန်မြင့်နေမယ်လို့
ယူဆမိတယ်။
စစ်တမ်း ကောက်ယူမှု ပြုထားတဲ့သူရှိ၇င်
တင်ပြပေးစေလိုပါတယ်။

နေစိုးနိုင် said...

အားလုံးမှာတာဝန်ရှိတာမှန်တယ်