Tuesday 24 March 2015

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား မျိုးဆက်ပွားကျန်းမာရေး သင်တန်းတွေပြုလုပ်

 
Social Action For Woman အဖွဲ့ရဲ့ ကျန်းမာရေး ပရိုဂရမ်တွေကို ဦးဆောင်လုပ်ကိုင်နေတဲ့အဖွဲ့က  မဲဆောက်ဒေသတွင်းနဲ့ ဖုတ်ဖရမြို့ နယ်တွင်းမှာရှိတဲ့  မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား မျိုးဆက်ပွားကျန်းမာရေး အသိပညာမြှင့်တင်တဲ့ သင်တန်း (၃)ခုကို ယခုနှစ် မတ်လပထမပတ်ကစလို့ ပြုလုပ်ခဲ့ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးသင်တန်း တစ်ကြိမ်ကို (၂) ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မဲဆောက်မြို့ မယ်တောင်ပိုင်အရပ်မှာ မတ်လ (ရ) ရက်နေ့နဲ့ (၈) ရက်နေ့တွေမှာပြုလုပ်တဲ့ သင်တန်းကိုတော့ သင်တန်းသူ ၂၂ ဦးနဲ့ သင်တန်းသား ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။ အလားတူ ဖုတ်ဖရဒေသတွင်းမှာ မတ်လ (၁၄- ၁၅) ရက်နေ့တွေက
သင်တန်းသူ (၂၂) ဦးနဲ့ သင်တန်းသား (၁၅) ဦး တက်ရောက်ခဲ့တဲ့  မျိုးဆက်ပွားကျန်းမာရေးသင်တန်းကို ပြုလုပ်နိုင်ခဲ့သလို မတ် (၂၁- ၂၂) ရက်နေ့တွေမှာ သင်တန်းသူ (၁၈) ဦးနဲ့ သင်တန်းသား (၄) ဦး တက်ရောက်ကာ မျိုးဆက်ပွားကျန်းမာရေး သင်တန်းတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးအတွက် ပညာပေးရာမှာ ဆယ်ကျော်သက်အရွယ် မျိုးဆက်ပွားကျန်းမာရေးနဲ့ အသက်ဆယ့်ရှစ်နှစ်အထက် အိမ်ထောင်သည်တွေအတွက် မျိုးဆက်ပွားကျန်းမာရေးဆိုပြီး ၂ပိုင်းခွဲပြီး သင်တန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီလို မျိုးဆက်ပွားကျန်းမာရေး သင်တန်းတွေ ပြုလုပ်ရတာနဲ့ပတ်သက်လို့ SAW အဖွဲ့ရဲ့ ကျန်းမာရေးပညာပေးအစီအစဉ်တွေကို တာဝန်ခံ လုပ်ကိုင်နေတဲ့ ဒေါ်ရီရီဝင်းက “ကျမတို့ မျိုးဆက်ပွားကျန်းမာရေးကို ဆယ်ကျော်သက်အရွယ်တွေအတွက်ကျတော့ အဲ့ဒီအရွယ်တွေမှာဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ ဥပမာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးနဲ့ အမျိုးသား ချိန်းတွေ့ကြတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တတ်တယ် အဲ့ဒီအချိန်မှာ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ကွန်ဒုံဆောင်ရမယ်။ လိင်ပိုင်းဆိုင်ရာ နယ်ကျွံခဲ့တယ်ဆိုရင်လည်း ကိုယ်ဝန်မရအောင် ဘယ်လို နည်းလမ်းတွေအသုံးပြုကာကွယ်သွားမလဲဆိုတာတွေကို အဓိကထား ရှင်းလင်းဆွေးနွေးတာတွေလုပ်တယ်။ အိမ်ထောင်သည်တွေကြတော့ ကိုယ်ဝန်ယူတောမယ်ဆိုရင်  အမျိုးသမီးတစ်ယောက်ဟာ ဘယ်အချိန်မှာ ကိုယ်ဝန်ယူသင့်တယ်ဆိုတာမျိးကို ကလေးများခြင်းရဲ့ ဆိုကျိုးကောင်းကျိုးက ဘာတွေရှိလဲ ကလေးနည်းခြင်းရဲ့ ဆိုးကျိုး ကောင်းကျိုးက ဘာတွေရှိလဲဆိုတာကို တက်ရောက်လာတဲ့ သင်တန်းသားတွေနဲ့အတူ ဆွေးနွေးပြီး အမျိုးသမီးတွေဟာ မိမိ အိမ်ထောင်ဘက်နဲ့အတူ ကိုယ်ဝန်ယူသင့် မယူသင့်ကို နည်းလမ်းတကျ ဆုံးဖြတ်လုပ်ဆောင်တတ်စေဖို့ဘဲ ဒီသင်တန်းတွေကို ပြုလုပ်ခဲ့တာပါ”

SAW အဖွဲ့က ကျန်းမာရေးအစီအစဉ် တွေကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့ကတော့ မျိုးဆက်ပွားကျန်းမာရေး ပညာပေးရေးအစီအစဉ်တွေကို ၂၀၀၃ခုနှစ်က စတင်ကာ မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား ဆောင်ရွက်လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

ဆယ်စုနှစ် တစ်စုကျော်အကြာ ယခုကာလမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြား မျိုးဆက်ပွားကျန်းမာရေးပညာပေးတဲ့အစီအစဉ်တွေကြောင့် ဆယ်ကျော်သက်အမျိုးသမီးတွေနဲ့ အိမ်ထောင်သည်တွေ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှုတွေလျော့နည်းလာတဲ့အတွက်  နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး အိမ်တွေရေး စတဲ့ ပြဿနာရပ်တွေ လျော့နည်းလာတာကိုတွေ့ရတယ်လို့ ဒေသတွင်းကျန်းမာရေးစောင့်ရှောက်နေတဲ့ အဖွဲ့အစည်းတွေကြား ပြောဆိုနေကြပါတယ်။

0 comments: