Sunday 30 August 2009

ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားများအရေးပေါ်ဆေးရုံတင်ရ

(သြဂုတ်လ ၂၈)
ထိုင်းနိုင်ငံတောင်းပိုင်းက ကျုံဖေါ်မြို့ ပါနန်း လို့ခေါ်တဲ့ ရေထွက် ပစ္စည်းတွေထုတ်တဲ့ ပိုက်ဆိပ်ရှိ ပုဇွန်ကုန်ချောထုတ်လုပ်တဲ့ sea frish ကုမ္ပဏီတွင် ဂက်စ်အိုးမှ ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားတဲ့ အတွက် ဒီအလုပ်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအ ချို့ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။

“နေ့လည်ထမင်းစားနားခါနီ ၁၁ နာရီကျော်လောက်မှာ ဓါတ်ငွေ့ယိုတော့ အနံ့ တော်တော် ပြင်းတယ် လူတွေမူးမေ့လဲကုန်ကြတယ်။ ကျမတို့ထွက်ပြေးကြတော့ ဘာမှမဖြစ်လိုက်ဘူး၊ အလုပ်ရှင်က ဖြစ်ဖြစ် ချင်း ကားနဲ့ ဆေးရုံကိုလိုက်ပို့ပါတယ်၊ ကျုံဖေါ်ဆေးရုံက ၄ ယောက်က ညနေပိုင်းအထိ ပြန်မဆင်း လာရသေးဘူး၊ ပါနန်းဆေးရုံက ၈ ယောက်ကတော့ ညနေက ပြန်ဆင်းလာကြပါပြီ”

မြန်မာများအခေါ် ဆီးဗစ် ပုဇွန်ကုမ္ပဏီမှာ မြန်မာအလုပ်သမားတွေ ထောင်ချီရှိနေပါတယ်။ ဒီအလုပ်ရုံရဲ့ အလုပ်ရုံအခန်း အမှတ် ၄ မှာတော့ အများစုက မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။

အရင်တုန်းက ဒီလုပ်ရုံက မြန်မာအလုပ်သမားကို လက်မခံခဲ့ပါဘူး၊ ဒီနှစ်မှ နေထိုင် အလုပ် ကိုင်ခွင့် ဘတ် လုပ်ပေးပြီး မြန်မာအလုပ်သမားတွေကို လက်ခံခဲ့ပါတယ်။

နေ့တွက်ခ အပါအဝင် အချိန်ပိုကြေးပါ အလုပ်သမားတဦးကို ဘတ်ငွေ ၃ဝဝ ကျော်ရ တယ်လို့ ဒီအလုပ်ရုံ အလုပ်သမားများကပြောပြပါတယ်။

ကျုံဖေါ်မြို့နယ် ပါနန်းလှေဆိပ် တနေရာတည်းတွင် မြန်မာအလုပ်သမား သုံးလေး သောင်းခန့် ရှိနိုင် ကြောင်း အလုပ်သမားများက ပြောပြလို့ သိရှိရပါတယ်။
(ရွှေမောင်း)
.....

Read More...

Thursday 27 August 2009

န၀တ နအဖ စစ်အုပ်စုအဆက်ဆက် ၁၉၈၉ ခုနှစ်ကတည်းက မတရားဖမ်းဆီးခံ ထားရတဲ့ သံလျင် NLD လူငယ် ကိုညီညီဦး ထောင်တွင်းကျန်းမာရေး အခြေအနေဆိုးရွား

Read More...

Wednesday 26 August 2009

ပရဟိတကျောင်းမှ အဖြူရောင်ကလေးများ

ဦးတင်ဦး(ကျူရှင်)

ကလေးငယ်ဆိုသည်မှာ ဘာအရောင်မှ မသမ်းသေးသော ပကတိအပြစ်မဲ့သည့် အဖြူရောင်နှလုံးသား ပိုင်ရှင် ကလေးများဖြစ် ကြပါသည်။

အပြစ်မဲ့သူ ကလေးများဖြစ်ကြသဖြင့် ကလေးငယ်လေးများနှင့် တွေ့လိုက်ရလျှင် အရောင်အမျိုးမျိုး စွန်း ထင်းနေသည့် လူကြီး၏ နှလုံးသားသည်ပင်လျှင် ကလေးငယ်များ၏ ဓာတ်ကူးကာ ဟင်းလင်းပွင့်သွား တတ်သည်။

သို့ရာတွင် လောကကြီး၏သဘောက တခါတရံ ခပ်ဆန်းဆန်း ကလေးတွေရှိသည်။ ကလေးငယ်မှာ ဘာ အပြစ်မှလုပ်မထား ရပါပဲလျက် အသေစောကြမည့် မိဘများထံတွင် လူလာဖြစ်မိသည်နှင့်ပင် အပြစ်ဒဏ် လာသင့်ချင်သင့်နေတတ်၏။ ကျနော့် မြေးကလေး နှစ်ယောက်သည် သူတို့အဖေနှင့် အမေ စောစော သေသွားကြသည်နှင့်ပင် သူတို့မှာမိဘမဲ့အဖြစ် အပြစ်ဒဏ် လာသင့်နေကြသည်။ ဤမြေးကလေးများကို မသိကျိုးကျွန်ပြုထား လိုက်ပါလျှင် လောကကြီးက သူတို့ကိုသည်ထက်ပြင်းထန်သည့် ပြစ်ဒဏ်တွေ ပေး ပစ်မှာကို စိုးရိမ်သည်နှင့်ပင် ကျနော့်မှာ အသက်အရွယ်ကြီးခါမှ အလုပ်ကိုမနားပဲ လုပ်နေရလေ သည်။

ကိုယ်တိုင် မိဘမဲ့မြေးကလေးနှစ်ဦးအတွက် ရုန်းကန်နေရသည့် ကျနော်သည်လွန်ခဲ့သော ၂၀၀၇ ခုနှစ် တွင် မြန်မာတိုင်းမ်စီးပွားရေးနှင့် သတင်းဂျာနယ်တွင် ကာတွန့်ဆရာအဖြစ် ဆောင်ရွက်နေသူ ကိုသိန် ထွန်းဦး(တီတီအို)က သူတို့တတွေ လူငယ်များစုစည်း၍ အလူငွေကောက်ခံကာ မိဘမဲ့ကလေးငယ်များ ကို ထိန်သိမ်းစောင့်ရှောက်ပေးထားသည့် ပရဟိတကျောင်းများသို့ သွားရောက်လှူဒါန်းမည့်အလုပ်ကို လုပ်ကြမည်ဟု ဆိုလာသောအခါ ၀မ်းမြောက်ဝမ်းသာ အားပေးခဲ့သည်။

လစဉ်လတိုင်းလည်း တတ်အားသမျှ အလူငွေထည့်ဝင်ခဲ့၏။ တီတီအိုတို့ Children, Our Future လူ ငယ်များတွင် မြန်မာတိုင်းမ် အချို့လူငယ် လုံမငယ်များ၊ နိုင်လင်း၊ အာကာ၊ ထက်မိုး အစရှိသည့် ကာ တွန့်ဆရာများ၊ မြန်မာ့အသံမှ မြင့်မြင့်စိုး သင်းသင်းမာ၊ နွေးနွေးနှင့် ထက်မိုး၏ဇနီး ဇူးဇူးလှိုင် အစရှိသည့် လုံမငယ်များ ပါဝင်ကြသည်။

ဤ Children, Our Future လူငယ်မျာ၏ ပရဟိတလုပ်ငန်းသည် ၂၀၀၇ ခုနှစ် မတ်လ ၄ ရက် ကတည်း က စတင်ခဲ့သော်လည်း ကျနော်သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွင်လည်း အားလပ်သည်ဟူ၍ မရှိ သည်နှင့်ပင် ၎င်းတို့နှင့်အတူလိုက်ပါကာ ကိုယ်ထိလက်ရောက် ပါဝင်အားပေးနိုင်ခြင်း မပြုနိုင်ခဲ့ပါ။

ဤလူငယ်ကလေးများသည် လစဉ်လတိုင်း လ၏ ပထမတနင်္ဂနွေနေ့တွင် ပရဟိတကျောင်းများသို့ သွား ရောက်လှူဒါန်း ထောက်ပံနေခဲ့သည်မှာ ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ကျောင်းပေါင်း ၂၀ ကျော်ကို တလ လျှင် ကျပ်ငွေနှစ်သိန်းကျော်တန်ဖိုးရှိသော ဆန် ၁၀ အိတ် နှင့် ဆီသုံးပုံးခန့် လှူဖြစ်နေကြသည်။ ဗလာ စာအုပ်စသည့် စာရေးကရိယာများကိုလည်း အလျှဉ်းသင့်သလို တကြိမ်မက နှစ်ကျော့ပြန်၍ လှူဒါန်းခဲ့ ခြင်းများလည်း ရှိခဲ့သည်။

ဧပြီလတုန်းက တိုက်ကြီးမြို့ထဲ ကျောင်းတကျောင်းသို့သွားမည့် အစီအစဉ်ရှိရာ လိုက်ဖြစ်အောင်လိုက် မည်ဟု ဆုံးဖြတ်ပြီးခါမှ သွားမည့်နေ့တွင် ၀မ်းတွေသွားနေသည်နှင့် မလိုက်ဖြစ်ခဲ့ပြန်။ မေလခရီးတွင်မှ လိုက်ဖြစ်တော့လေသည်။

မေလ ၃ ရက် တနင်္ဂနွေနေ့က Children, Our Future လူငယ်ကလေးများသည် သန်လျှင်မြို့နယ် အ တွင်းမှ ခရမ်းသုံးခွလမ်းခွဲ အစတွင်ရှိ ဆုတောင်းပြည့်ပရဟိတကျောင်းသို့ သွားရောက်လှူဒါန်း ထောက် ပံကြရာ ထိုခရီးတွင်မှ လိုက်ပါဖြစ်ခြင်းဖြစ်သည်။

ဤကျောင်း၏ သက်တမ်းသည် ၁၉ နှစ်ရှိပြီဟုသိရသည်။ စာရင်းအရ ကျောင်သား ၂၃၂ ဦးရှိသည်ဟု ဆိုသည်။ ကိုရင် ၄၂ ပါး နှင့် ကျောင်းသား ၁၆၀ ကျော်မျှတွေ့ခဲ့ရသည်။ ဤကျောင်းသို့ ယခုအကြိမ် သွား ရောက်လှူဒါန်းမှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ဘုန်းတော်ကြီးအား ဆန်နှင့်ဆီတို့ လှူဒါန်းခဲ့သည့်အပြင် ကျောင်းသားလေးများအား မုန့်ပဲသရေးစာများ ဝေငှပေးခြင်း လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါ၊ ရောင်စုံ ခဲတံ၊ ရိုးရိုးခဲတံ၊ ပေတံစသော ပစ္စည်းများကိုလည်း ဆုအဖြစ် ပေးခဲ့ကြသေးသည်။

ဆုပေးပုံမှာ ဤသို့ဖြစ်ပါသည်။ ပန်းချီကား ၆ ခု၏ ပန်းချီကားချပ် အစိတ်အပိုင်းကလေး များကို A.B.C.D.E.F ဟူသောအိတ် ခြောက်လုံးတွင်ထည့်၊ ကလေးများအား A.B.C စသည်အုပ်စုနှင့် အမှတ်စဉ် ကို မဲနှိုက်ခိုင်းသည် A အုပ်စုအမှတ်စဉ် ၁၅ ကျသည် ဆိုပါစို့။ ထိုကလေးသည် မိမိကျရာအမှတ်စဉ် အ မှတ်စဉ် ၁၅ တပ်ထားသော ပန်းချီကား၏ အစိတ်အပိုင်းကလေးကို မိမိစိတ်ကူးရသလို ရောင်စုံဆေး ခြယ်ရသည်။ သူ့လို အလားတူ A အုပ်စုကျသည့် ၁၊ ၂...၂၉၊၃၀ စသည့် အမှတ်စဉ်ကျသူ များကလည်း မိမိတို့ မဲကျရာ ပန်းချီကားချပ်၏ အစိတ်အပိုင်းကို ဆေးခြယ်ရသည်။ အားလုံးဆေးခြယ်ပြီးလျှင် အမှတ် စဉ် ၁ မှ ၃၀ အထိ အစိတ်အပိုင်းများကို သစ်သားဘုတ်ပြားကြီးပေါ်တွင် အစဉ်အတိုင်းကပ်လိုက်သည့် အခါ ပြည့်စုံသောပန်းချီးကား ချပ်ကြီးဖြစ်သွားသည်။

ထို့အတူ အခြား B,C....F ကျသည့် ကလေးများ၏ ဆေးခြယ်ထားသော အစိတ်အပိုင်းများကို အစဉ် အတိုင်း ဘုတ်ပြားပေါ် တွင်ကပ်လိုက်သောအခါ ပြည့်စုံသော ပန်းချီကားချပ်ကြီးများ အသီးသီးထွက် ပေါ်လာသည်။ ထိုသို့ထွက်ပေါ်လာသော ပန်းချီကားခြောက်ခုကို ကျနော်တို့အားလုံး မိမိတို့ ထင်မြင်သုံး သပ်ချက်အတိုင်း အမှတ်ပေးကြ၍ အားလုံး၏အမှတ်များကို ပေါင်းလိုက်သည့်အခါ အမှတ်အများဆုံးရ ပန်းချီကားကို ပထမ၊ ထို့နောက်ဒုတိယ စသည်ဖြင့် သတ်မှတ်ဆုပေးခြင်း ဖြစ်ပါသည်။

ကလေးငယ်များအား ထိုသို့ ပြိုင်ပွဲကျင်းပပေးရုံမက စောငဲစပ်ဆိုထားသည့် `အဖြူရောင်ကလေးများနှင့်´ `ဖြူစင်မှုတို့၏ အနာဂတ်´ဟူသော သီချင်းများကို အားလုံး စုပေါင်းသီဆိုပြခြင်း၊ ပါလာသည့် လူငယ် လုံမငယ်လေးများက ကိုယ်သီဆိုနိုင်ရာ သီချင်းဖြင့် သီဆိုပြခြင်း၊ ကာတွန့်ဆရာ နိုင်လင်းက မျက်လှည့်ပြ သပေးခြင်း စသောဖျော်ဖြေမှုများကိုလည်း ပြုပေးကြပါသည်။ မြန်မာတိုင်းမ်မှ နေမျိုး၊ သရုပ်ဆောင် ရိုတ နှင့် မြန်မာ့အသံမှ မြင့်မြင့်စိုးတို့သည် ကလေးငယ်များပါ ပျော်ရွှင်တက်ကြွစွာ ပါဝင်လာအောင် တင် ဆက်ပေး နိုင်ကြသော ကိုယ့်ကိုယ်ကိုယ်ခန့် အစီအစဉ်တင်ဆက်သူများ ဖြစ်ကြပါသည်။

ကျနော်သည် သီချင်းနှင့်ပတ်သက်လာလျှင် နလပိန်းတုံးတယောက် ဖြစ်နေသောကြောင့် လူငယ် လုံမငယ်များနှင့်အတူ ပါဝင်မသီဆိုနိုင်၊ သူတို့နှင့်အတူ ကလေးငယ်များပါ ပျော်ရွှင်အားရ ပါဝင်သီဆိုနေ သည်ကို တွေ့ရသည့်အခါ ရင်ထဲမှာ တသိမ့်သိမ့် ဖြစ်နေမိပါတော့သည်။

သို့ဖြစ်၍ နောက်လတွေမှာလည်း လိုက်ဖြစ်အောင် လိုက်ပါအားပေးမည်ဟု ဆုံးဖြတ်ကာ ၈-၆-၂၀၀၉ ရက်နေ့ခရီးတွင်လည်း ကျနော်လိုက်ပါဖြစ်သည်။ ထုံးစံအတိုင်း နံနက် ၁၀ နာရီကျော်ကျော်ခန့်တွင် ဗိုလ်အောင်ကျော်လမ်း မြန်မာတိုင်းမ်မှ ကားစထွက်သည်။ ယခုသွားသည့်ခရီးမှာ ယခင်လထက် အတန် ပိုဝေးသည်။ ခရမ်းအထိ သွားရခြင်းဖြစ်သည်။

ခရမ်းမြို့ ကံဦးပရဟိတကျောင်းသို့ မွန်းတည့်ချိန်တွင်မှရောက်သည်။ ဆရာတော် ဦးအဂ္ဂ၀ံသသည် ထမင်ပါ စီစဉ်ထားသည်။ ဆာနေသော လူငယ်များသည် ပဲကုလားဟင်း ကောင်းလှပေစွဟု မြည်ကျူး ကာခေါင်းမဖေါ်ဘဲ လွေးကြလေသည်။ (တကယ်တော့ ငါးကြင်း ကြော်ချက်ကလည်း အရသာရှိပြန်သ ဖြင့် ထိုဟင်းကိုလည်း အလွတ်မပေးကြပါပေ) လွန်ခဲ့သောခရီးတွင်ကား တီတီအိုထုပ်ယူလာသော ထမင်ကြော်ထုပ်များကို ကျိုက်ခေါက်စေတီ အနီးမှဘုန်းကြီးကျောင်း ဓမ္မာရုံတွင်စားခဲ့ကြရသည်။

ယခုသော် ပရဟိတကျောင်ဆရာတော်က ထမင်းပါစီစဉ်ပေးထားသဖြင့် ဆရာတော်အားကျေးဇူးတင် ဖွယ် ဖြစ်ပါပေသည်။ ဤကျောင်းတွင် ရှင်သာမဏေ ၅၂ ပါးအပါအ၀င် ကျောင်းသား ၁၃၅ ယောက်ရှိ လေသည်။ မိန်ခလေးငါးဦးမှအပ ကျန် ကျောင်းသားများသည် ကျောင်းမှာပင် ကျောင်းအိပ်ကျောင်း စား များ ဖြစ်ကြသည်။

ပရဟိတကျောင်းတိုက် ယေဘုယျလက္ခဏာအတိုင်း အများစုသော ကျောင်းသားများ မှာတိုင်းရင်သား မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ယခင်ကာလက ဆုတောင်းပြည့် ကျောင်းသားများတွင် ပအိုဝ်၊ ရှမ်း၊ ပ လောင်၊ ဓနု၊ ကရင်၊ ချင်း၊ ရခိုင် စသော လူမျိုးများပါဝင်သော်လည်း ကချင်လူမျိုးများ မတွေ့ရပေ။ ယခု ကျောင်းတွင်မူ ကချင်လူမျိုးများပါ တွေ့ရသည်။

ကျောင်းသားများတွင် မိဘမဲ့ကလေးများသာမက မိဘရှိပါလျက် ဆင်ရဲနွမ်းပါးလှ၍ အတိဒုက္ခရောက်ကြ ရသည့် ကလေးမျိုးတွေလည်း ပါဝင်ပေသည်။

ဤကျောင်းမှာ ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်ဟု သိရသည်။ ထမင်စား ပြီးကြသော် ကျောင်းသား၊ ကိုရင်များကို ကျောင်းကြီးပေါ်မှာ စုဝေးစေ၍ မုန့်များဝေပေးကြသည်။ ထို့ နောက် ဖျော်ဖြေရေးအစီအစဉ် စကြသည်။

ဆောင်းပါး အစတွင် ဖော်ပြခဲ့သော သီချင်းသံသည် ကျောင်းကြီးပေါ်တွင် ဟိန်းညံသွားတော့သည်။

(ဖြူစင်တဲ့ ကလေးများအတွက် အနက်ရှိုင်းဆုံးမေတ္တာတရားတွေ....ကိုယ်တတ်စွမ်း သလောက် အမြဲထာ ၀ရ ပေးမယ်လေ ....)2 ဒီလိုနဲ့ ရှေ့ဆက်မယ်လေ... တို့များ ၀ိုင်ဖေးမကာ သာယာလှပတဲ့ အနာဂတ် ဆီသို့ကွယ်...

သီချင်းစာရွက်ကလေးများကို ကလေးငယ်များကိုပါ ဖြန့်ဝေပေးထားရာ ကလေးငယ်များသည် စိတ်အား တက်ကြွစွာပါဝင် သီဆို ကြလေသည်။

ရန်ကုန်ကထွက်လာစဉ်က ကားပေါ်တွင် ကျနော်ထိုင်သည့် ထိုင်ခုံနှင့်တတန်းတည်းရှိ တဖက်ခုံ၌ ထိုင် နေသော ကလေးမလေးက ကလေးငယ်များရှေ့တွင် ထွက်ရပ်ကာ အစီအစဉ် တခုအတွက်စကားပြော မည်ပြုသည်။ ဤကလေးမသည် ယခင်လ ခရီးတုန်းက မပါ။ ယခုမှ ပါလာသူဖြစ်သည်။ သို့ရာတွင် ကျနော်စိတ်ထဲ၌ ဤကလေးမလေးကို မြင်ဖူးသလို ရှိနေသည်။ ရုပ်ရည်ကလည်း မိန်းမချောကလေးပင်။ ကျနော့်တပည့်မများတွင် သူ့လောက်ချောသူမျိုး မပါဖူး၍ တပည့် မဟုတ်သည်ကတော့ သေချာပါသည်။ သို့ဖြစ်လျှင် သူကို ဘယ်မှာမြင်ဖူးပါလိမ့်။ ကျနော်ကားပေါ်တုန်းက `အုံးစား´နေခဲ့၏။

ဟော...အခုတော့ ဦးနှောက်ထဲ စဉ်းစားမရသည့် ပြဿနာရှင်းသွားပါလေသည်း။ ထိုကလေးမလေး စ ကားမပြောမီ `မြင့်မြင့်စိုး´က `ကလေးတို့ သူကို သိကြသလား´ဟုမေးလိုက်ရာ ကျောင်းပွင့်အန်ကျ သွားမည့်အသံမျိုးဖြင့် ကျယ်လောင်စွာ တပြိုင်နက် ဖြေဆိုကြ၏။

`ချစ်သုဝေ´
ကလေးတွေ ဖြေသံကြားတော့မှ`သြော်...ငါမြင်ဖူးတဲ့ မိန်ခလေးက ရုပ်ရှင်မင်းသမီးကိုး´ဟု အမှန်အ တိုင်း သဘောပေါက် သွားပါလေသည်။ (မန္တလေးမှာနေတုန်းက ခေါင်းရင်းမှ အိမ်က မနက်စောစော ကက်ဆက်ထ,ထဖွင့်သည်။ သီချင်းက ကိုအံ့ကြီးတို့ဆိုသည့် သီချင်း။ သို့ရာတွင် ကိုအံ့ကြီးအသံမဟုတ် `သီချင်ဆိုတဲ့ ဒီမောင် တော်တယ်ဟေ့...ဘယ်သူပါလိမ့်´ ဟု စုံစမ်းသည့်အခါ `သုမောင်....လေ´တဲ့။ သည်တုန်းက သုမောင် အဆိုတော်မှန်းသိဖူးခဲ့သည်။)

ကျနော်တို့၏ Children, Our Furure လူငယ်များသည် လာရ၊ ပြန်ရမည့် ခရီးကဝေး၍ ပန်းချီပြိုင်ပွဲ မ လုပ်နိုင်ကြ။ ကလေးများကို မျက်လှည့်ပြပြီးနောက် အုပ်စုခွဲ၍ ဖျော်ဖြေမှု လုပ်ပေးကြရသည်။ မဲနှိုက်ရာ တွင် နံပါတ်စဉ် ၅၀ အတွင်းကျ သွားသည့် ကျောင်းသားကလေး များအား သူတို့ ဆွဲပေးစေလိုသည့် ပုံမျိုးကို ပန်ချီဆရာ၊ ကာတွန့်ဆရာများက ချက်ချင်းလက်ငင်း ဆွဲပေးကြသည်။ ပန်ချီဆွဲခိုင်းခွင့် မရသူ များအား တစုခွဲ၍ ကျောင်းအောက်ထပ်သို့ ခေါ်ကာ တီးမှုတ်သီဆိုပေးသည်။ စောငဲက ဂစ်တာတီး၊ ချစ်သုဝေက သီချင်းဆိုပြကြခြင်းဖြစ်ပါသည်။

ကာတွန့်ထက်မိုး၏ဇနီး ဇူးဇူးလှိုင်နှင့် မြင့်မြင့်စိုးတို့က ကျောင်းသားတစုကို ခွဲထုတ်ကာ ဉာဏ်စမ်းပဟေဋ္ဌိ ပွဲလုပ်ကာ ကလေးများအား ဆုပေးကြသည် ။

ဤကလေးငယ်များသည် ကျန်သည့်အချိန်များတွင် တခါတရံ စိတ်ပျက်အားငယ် ဖြစ်မိတာတို့၊ မိဝေးဖ ဝေး ကလေးများက မိဘလွမ်းတာတို့၊ မိဘမဲ့ကလေးများက အဖေ-အမေ ခေါ်စရာမရှိတာတွေးမိ၍ ၀မ်း နည်းမိတာတို့ ရှိကောင်းရှိခဲ့ကြ ပေလိမ့်မည်။ သို့ရာတွင် ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ ယခုလို သူတို့ကို အားပေးကူ ညီကြသည့်သူများနှင့် တွေ့ကြ၊ ဆိုသံတီးသံတွေကြားနေရသည့် ယခုလိုအချိန်အတွင်းမှာတော့ သူတို့၏ မပြည့်စုံသောဘ၀ကို မေ့ပျောက်နေကြ သည်သာ ဖြစ်ပေသည်။

ကျနော်သည် ဤကလေးများကိုကြည့်ရင်း ငါသာမရှိပါက ငါ့မြေးများ သူတို့အရွယ်မှာ ဘယ်လိုနေကြ ရလေမလဲ၊ ဘယ်သူ့ကို မှီခိုကပ်ရပ်၍နေရလေမလဲဟု အတွေးဝင်မိပါသည်။ ထိုသို့အတွေးဝင်ရင်းမှပင် တဆက်တည်း ဤ Children, Our Future လူငယ်ကလေးများ၏ တလတကြိမ် အချိန်ပေး၍ ဆောင် ရွက်လာခဲ့ကြသည် ဤလုပ်ငန်း၏ တန်ဖိုးကို ပို၍အသိအမှတ်ထားမိ ခဲ့ပါလေသည်။

ပတ်ဝန်ကျင် အခြေအနေကောင်းမျိုးရှိသည့်အခါ အသက် ၆ နှစ်သားအရွယ်လောက် ကတည်းက ဖခင် နှင့်မနေခဲ့ရသူ၊ လူဖြူတွေက အနှိမ်ခံရလေ့ရှိသူ အိုဘားမားသည် ကမ္ဘာကို ကိုင်လှုပ်နိုင်သည့် သမ္မတ ကြီးတဦး ဖြစ်လာခဲ့သည်။ ကျနော်တို့သည် ဤမိဘမဲ့၊ သို့မဟုတ် မိဝေးဖဝေး ဆင်းရဲရှာကြသော ကလေး များကို အစားအသောက်သာမက စာပေသင်ကြားနိုင်ခွင့်၊ လူ့အဖွဲ့အစည်းအတွင်း၌ အခြားသူများနည်းတူ ပါဝင်ဆောင်ရွက်နိုင်ခြင်းမျိုးများ ဖန်တီးပေးနိုင်ပါလျှင် ဤကလေးများထဲကလည်း နောင်အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင် မဖြစ်နိုင်ပါသလော။

ကျနော်နှင့်အတူ သွားလာနေကြသည့် ဤလူငယ်လေးများသည် မြန်မာလို`ကလေးငယ်များသည် ကျနော်တို့အနာဂတ်´ ဟူသော အင်္ဂလိပ်စာတန်းထိုး တူညီတီရှပ် အဖြူများကို ၀တ်ဆင်ထားကြသည်မှာ နက်နဲသော အဓိပ္ပါယ်ဆောင်ပါကလား ဟုလည်းကျနော် ခံစားမိပေသည်။ ဤပရဟိတကျောင်းက ယခုနှစ် ၂၀၀၉၊ ၁၀ တန်းစာမေးပွဲတွင် ကျောင်းသား ၁၇ ဦး ဖြေဆိုရာ နှစ်ဦးအောင်မြင်သည်ဟု သိရ သည်။ အဝေးသင်တက္ကသိုလ် ၄ ဦးတက်နေရာ တဦးမှာ နောက်ဆုံးနှစ်ရောက် နေပြီဟု သိရသည်။ သူတို့ကလေးတွေသည် မကြာမီပင် ဘွဲ့ရ ပညာတတ်ကလေးတွေ ဖြစ်လာကြပေတော့မည်။

ကျနော်တို့သည် မည်သူကမှ တာဝန်ပေးကြသည်မဟုတ်ဘဲ မိမိတို့၏ စေတနာအလျှောက် ဤကလေး ငယ်များကို တတ်အားသမျှကူညီ ထောက်ပံခွင့်ရကြသဖြင့် ကလေးငယ်များနှင့် တွေရချိန်တွင် ကျနော် တို့လည်း ပျော်၊ သူတို့လည်း ပျော်ကြရပေသည်။

ကျနော်တို့လို ကိုယ်ထိလက်ရောက် သွားရောက်ကူညီမှုမပြုနိုင်ကြသော်လည်း လစဉ် အလှူငွေထည့်ဝင် နေကြသည့် မြန်မာတိုင်းမ်မှ ၀န်ထမ်းတွေ အများအပြားရှိကြပါသည်။ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဒပ်ဂလပ် (စ်)လောင်း (Dauglass Long) ဆိုလျှင် တလ ကျပ်နှစ်သောင်းလောက် လစဉ်အလှူငွေထည့်နေသည်။ ရုပ်ရှင်အနုပညာလောကမှ အနုပညာရှင်များလည်း အခါအားလျှော်စွာ အလှူငွေထည့်နေသူတွေရှိသည်။ ချစ်သုဝေတို့လို လူကိုယ်တိုင် လိုက်ပါအားပေးကြသည့် သရုပ်ဆောင်တွေလည်း ရှိနေကြသည်။ Road to Mandalay မှ မခင် ဆိုလျှင်လည်း နိုင်ငံခြားသားခရီးသွားများထံမှ အလှူငွေများရရှိ သည့်အခါ ဤ လူငယ်လေး များနှင့် ပူပေါင်းလိုက်ပါသည့်အခါ လိုက်ပါသည်။

တီတီအိုသည် ၀က်ဘ်ဆိုက်တခုဖွင့်ထားရာ ဤလူငယ်ကလေးများ၏ လုပ်ဆောင်မှုကို ၀က်ဘ်ဆိုက် http://cartoon1000.skyrock.com တွင် ကြည့်နိုင်ပေသည်။ g-mail နှင့်ဆက် သွယ်လိုလျှင်လည်း ttotime@gmail.com သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်၏။

ကျနော်တို့သည် ကလေးငယ်များအား ပန်းချီပုံများ၊ မုန့်ပဲသရေစာများပေး၍ ဖျော်ဖြေ မှုများပြုလုပ်ခဲ့ ကြပြီးနောက် ညနေ ၃ နာရီခန့်ရှိသောအခါ ပြန်ကြဖို့ပြင်ကြသည်။ မပြန်မီ စုပေါင်း ဓါတ်ပုံရိုက်ကြ၏။ ဓါတ်ပုံရိုက်ပြီးသော် ကလေးမလေးတဦးက သတိရကာ `ချစ်သုဝေက ဘုန်းကြီးကို ပိုက်ဆံပေးဦးမလို့ တဲ့´ ဟုပြောလိုက်သည်။ ကျနော်က သူပြောပုံကိုပြုံးမိပြီး `ဘုန်ကြီးကို န၀ကမ္မလှူမလို့ ထဲ့ပြောပါ သမီး ရယ်´ ဟု ပြောရသေးသည်။

ချစ်သုဝေက ငွေကျပ်တသိန်း သီးသန့်လှူသည်။ အဆိုတော်နှစ်ဦးက သူ့အားလက်ဆင့်ကမ်းလိုက်သည့် ငွေငါးသောင်းလား ခုနှစ်သောင်းလားမသိကိုလည်း လှူခဲ့ပါသေးသည်။ ကလေးလူကြီး စုပြုံတိုးနေကြ၍ ကျောင်းဝင်းတံခါးကို သော့ခတ်ပိတ် ထားရဟန်တူသည်။ ပြန်မည်ပြင်တော့ ဦးပဉ္စင်းတပါးက သော့ဖွင့် ပေးရသည်။ ဤလူအုပ်ကြီးသည် စာရေးဆရာ ဦးတင်ဦး(ကျူရှင်)၏ စာတွေဖတ်ထားပြီး စာရေးဆရာ ကိုယ်တိုင်နှင့် အရှင်လတ် လတ်တွေ့ချင်သောကြောင့် စောင့်နေခြင်း မဟုတ်ပါ။ မည်သူ့ကို တွေ့မြင်ချင်၍ စောင့်နေကြကြောင်း စာဖတ်သူများတွေးမိပါလိမ့်မည်။

ဤအခါမှ ဤလုပ်ငန်းမျိုးတွင် ငါတို့လိုလူမျိုးတွေထက် ရုပ်ရှင်၊ဂီတလို အနုပညာလောကမှ celebrity တွေက ပို၍ဆွဲဆောင် မှုရှိနိုင်ကြောင်း သတိပြုမိသည်။ ကျနော်တို့သည် ထိုနေ့က ညနေ ငါးနာရီခွဲ၊ ခြောက်နာရီလောက်တွင်မှ ပြန်ရောက်ကြသည်။ အိမ်ပြန်ရောက်သော်လည်း ဤ ခရမ်း၊ ကံဦးပရဟိတ ကျောင်းလို အခြားသော ပရဟိတကျောင်းများတွင်ရှိကြသော ကလေးများ အကြောင်းကိုပါ တွေးနေမိ လေသည်။

ငါ့မြေးလေးတွေကမှ ကံကောင်းနေကြသေးတယ်။ ငါ့မြေးတွေလောက် ကံမကောင်းရှာကြတဲ့ ဒီကလေး ငယ်လေးတွေကိုပါ ငါတတ်နိုင်သလောက် ကူညီသွားရဦးမှာ ပါကလား´ဟု တွေးနေမိခြင်းဖြစ်ပါသည်။

ဦးတင်ဦး(ကျူရှင်)
မဟေသီ ရုပ်စုံမဂ္ဂဇင်း အမှတ်၊ ၂၉၆၊ သြဂုတ်လ၊ ၂၀၀၉ ခုနှစ်

Read More...

Tuesday 25 August 2009

HIV မိခင်နို့ တိုက်ကျွေးမှု သုတေသန

AIDS ရောဂါ ကူးစက်ပျံနှံမှုတွေမှာ ကြေကွဲစရာ အကောင်းဆုံး အခြေအနေကတော့ ရောဂါပိုးရှိတဲ့ မိခင် ဖြစ်သူကတဆင့် ကလေးငယ်ဆီကို ကူးစက်မှုပါ။ ၀င်ငွေနည်းပါး ဆင်းရဲတဲ့ တိုင်း ပြည်တွေမှာ HIV ရောဂါပိုးကို ကလေးငယ် သိန်းနဲ့ချီပြီး မိခင် တွေကတဆင့် ကူးစက်ခံရပါတယ်။ မီးဖွားစဉ်ကတည်းက ကူး စက်ခံရမှု ရှိတတ်သလို၊ မိခင်နို့တိုက်ကျွေးရင်းနဲ့ ကူးစက်ခံရ တာမျိုးတွေလည်း ရှိပါတယ်။

တကယ်တော့ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးမှုဟာ ကျန်းမာရေးအရ အသင့်လျော်ဆုံး ဖြစ်သလို အကုန်အကျ အသက်သာဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။ မိခင်နဲ့ ကလေးငယ်အကြား မေတ္တတရားနဲ့ နွေးထွေးမှု ထိစပ်ခွင့်ရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် HIV ပိုး ကူးစက်ခံရတဲ့ မိခင်ဖြစ်သူတွေ အတွက်တော့ သွေးကဖြစ်တဲ့ နို့ကတဆင့် ရောဂါပိုး ကလေးဆီကို ကူးစက်သွားမှာ စိုးရိမ်ရတဲ့ အခြေအ နေပါ။

ဆရာဝန်တွေဟာ HIV ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို AZT ရောဂါပိုးသတ်ဆေး တိုက် ကျွေးလေ့ရှိပါတယ်။ ဒါဟာမီးဖွားစဉ်အတွင်း ရောဂါပိုး ကလေးငယ်ဆီကို ကူးစက်သွားနိုင်ချေ အခွင့်အ လမ်း နည်းသွားစေပါတယ်။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ ကလေးငယ်သိန်းနဲ့ချီပြီး မိခင်တွေက တဆင့် ရောဂါပိုး ကူးစက်ခံနေရတုန်းပါ။

HIV ပိုးကူးစက်ခံရသူ မိခင်အနေနဲ့ ကလေးကို မိခင်နို့ စိတ်ချလက်ချ တိုက်ကျွေးနိုင်အောင် ဆေးသုတေ သီတွေ လေ့လာစူးစမ်းနေကြပါတယ်။ လေ့လာချက်သစ် တရပ်မှာတော့ မိခင်နို့တိုကကျွေးနေချိန် က လေးငယ်ကို Neviropine ရောဂါပိုးသတ်ဆေး တိုက်ကျွေးတာဟာ ရောဂါမကူးစက်အောင် ထိရောက် တဲ့ နည်းလမ်း ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့အတူ မြန်မာနိုင်ငံမှာရော HIV ရောဂါပိုးရှိတဲ့ မိခင်တွေကတဆင့် ကလေးတွေကို ရောဂါ မကူးအောင် ဘာတွေများ ဆောင်ရွက်နေသလဲဆိုတာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာ မြင့်ဇော် နဲ့ ဆက်သွယ်မေးမြန်းပြီး၊ ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။


ချားဗန်တယ်ဟောစ့် (မြောက်ကိုရိုလိုင်းနား တက္ကသိုလ်) က HIV ဆိုင်ရာ သုတေသီ ကခုလို ပြောပြပါ တယ်။ တစ်နှစ်ကို မွေးကင်းစကလေးငယ် လေးသိန်းနှစ်သောင်း HIV ရောဂါပိုး ကူးစက်ခံနေရတယ်ဆို တာ သိထားပါတယ်။ တော်တော်လေးကို စိတ်ပျက်စရာပါ။ ကလေးငယ်တွေမှာဖြစ်တဲ့ HIV ဟာ ဆေး ပညာဆိုင်ရာ အရေးပေါ်အခြေအနေ တရပ်ပါ အဲဒီထဲက အဲဒီထဲက ကလေးငယ် တ၀က်က တနှစ် အ တွင်း သေဆုံးသွားကြပါတယ်။ တခြား တဖက်မှာလည်း ကလေးတွေကို နို့ဘူးတိုက်တဲ့ ကိစ္စဟာ ကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ငွေကြေးအကုန်အကျများတာ၊ မတတ်နိုင်တာ ရှိသလိုပဲ ၀မ်းပျက်ဝမ်း လျောတာ တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဖရိကတိုက် “ဘာလာဝီ” နိုင်ငံမှာ ကလေးငယ်တွေကို ART ဆေး တိုက်ကျွေးခြင်းအားဖြင့် ဘယ်လောက်ထိ ထိရောက်မှု ရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါ တယ်။

ကျနော်တို့ စမ်းသပ်တဲ့နေရာမှာ အုပ်စုသုံးစုကွဲပါတယ် တစုမှာ မွေးဖွားပြီးတဲ့ အမျိုးသမီးတွေကို က လေး နို့တိုက်ချိန်ကာလ ၂၈ပတ်ကြာ ART ဆေးကို မပြတ် သုံးစွဲစေပါတယ်။ နောက်တအုပ်စုကိုတော့ မီးဖွားပြီးစ ကလေးငယ်တွေကို ၂၈ပတ်ကြာ “နီပါရပင်း” ရောဂါပိုးသတ်ဆေးကို နေ့စဉ်တိုက်ကျွေး စေပါ တယ်။ တတိယ အုပ်စုမှာတော့ ကလေးငယ်နဲ့ အမျိုးသမီးတွေကို အသေအချာ ကြပ်မတ်ထားပါတယ်။ မိခင်တွေကို မီးဖွားဖို့ ဗိုက်နာနေစဉ်အတွင်းမှာ AZT ဆေး တိုက်ကျွေး ထားသလိုပဲ ကလေးတွေ မီးဖွား ပြီးတဲ့ ၇ ရက် အတွင်းမှာ “နီပါရပင်း” တိုက်ကျွေးပါတယ်။ ပြီးတော့ ဒီရလဒ်ကို ကျနော်တို့ စိတ်ဝင်တ စား စောင့်ကြည့်ကြပါတယ်။

“နီပါရပင်း”ဆေး နေ့စဉ်တိုက်ကျွေးတဲ့ ကလေးတွေကို ကြည့်တော့ ရောဂါ ကူးစက်မှုနှုန်းဟာ အတော် ကြီးကို လျော့နည်းနေတာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ပုံမှန်စောင့်ရှောက်ပေးနေတဲ့ အဆင့်မှာတုန်းက ကူးစက်ခံရမှုနှုန်း ကျဆင်းမှုက ၆.၄ ရာခိုင်နှုန်းကနေ ဒီစမ်းသပ်မှုက ၁.၈ ရာခိုင်နှုန်းအထိ ကူးစက်မှုက ကျဆင်းသွားပါတယ်။ မိခင်တွေကို ဆေးတိုက်ကျွေးတဲ့ ကလေးတွေမှာတော့ ၃ ရာခိုင်နှုန်း ကူးစက်ခံရ ပါတယ်။ မိခင်တွေကို ART ဆေးတိုက်ကျွေးတဲ့ လေ့လာမှုမှာတော့ အခြေအနေတွေကို စောင့်ကြည့်ဖို့၊ တခြား ဘေးဥပါဒ်ရှိ မရှိနဲ့ သွေးအားနည်းမှု ရှိ မရှိဆိုတာတွေကို စောင့်ကြည့်ဖို့ ဓါတ်ခွဲ စမ်းသပ်ခန်းတွေ လိုအပ်ပြီးတော့ ဒီအတွက် အကုန်အကျများပါတယ်။ ဒါကြောင့်လည်းပဲ ကလေးငယ်တွေကို “နီပါရပင်း” တိုက်ကျွေးတာဟာ ပိုပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါကတော့ “ချားဗန်တယ်ဟောစ့်” ပြောသွားတာပါ။

ခုနည်းဟာ “ချားဗန်တယ်ဟောစ့်” ပြောသလိုပဲ အကုန်အကျ သက်သာတာကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေ မှာ အသုံးတည့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရှိတဲ့ မိခင်ကတဆင့် ကလေးငယ် ကို ရောဂါကူးစက်ခံရမှု ကျဆင်းအောင် ပုံမှန်နည်းလမ်းဖြစ်တဲ့ မိခင်ကို ဆေးတိုက်ကျွေးတာပဲ အသုံးများ ပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းက ဒေါက်တာ မြင့်ဇော်က ခုလိုပြောပြပါတယ်။

“အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာမယ့် ကလေးကို ကူးစက်နှုန်း လျော့နည်းဖို့က ဆေးက တမျိုးတည်း တိုက်ရပါတယ်။ ဆေးက တမျိုးတည်း တိုက်တယ်ဆိုတာ မွေးခါနီးမှ တိုက်ရတာပါ။ က လေးကိုလည်း မွေးပြီး တကြိမ်ပဲ တိုက်ရပါတယ်။ အဲဒါက ပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ဆေးတွေက ပေါ်လာတော့ ဆေးပေါင်းတွေပေါ့ ဆေးပေါင်းတွေ စတိုက်တယ်။ “ပလိုတိုကော အေ” ဆိုလို့ရှိရင် ကျနော်တို့ ၂၈ ပတ်တည်းက ကလေးအမေကို စတိုက်တာပေါ့။ အဲဒါတွေက ကျနော်တို့ စီမံချက်ထဲမှာ ပါလာပြီ။ ကိုယ်ဝန်ဆောင် မိခင်မှာ ရိုးရိုးမွေးရင် ကူးစက်နှုန်းက ပိုများပါတယ်။ အဲဒီတော့ ကျနော်တို့ ကူးစက်နှုန်းကို ကျနော်တို့ လျော့နည်းသွားအောင် ဆိုပြီးတော့ ကျနော်တို့ ဗိုက်ခွဲမွေးချင်တဲ့ HIV နဲ့ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်တွေ ရှိရင်လည်း ကျနော်တို့က ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို၊ ကျနော် တို့က ဘာတွေလိုအပ်မယ်။ ဆေးဝါးပစ္စည်း ဘာတွေ လိုအပ်မယ် အဲဒါတွေကိုလည်း ကျနော်တို့က အ ကုန်ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ဗိုက်ခွဲပြီးလို့ သားကြောဖြတ်မယ် ဆိုရင်လည်း သားကြောဖြတ် မယ့် ကုန်ကျစရိတ်တွေကိုလည်း ကျနော်တို့က တာဝန်ယူပေးပါတယ်။” မြန်မာနိုင်ငံ ဆရာဝန်များ အ သင်းက ဒေါက်တာ မြင့်ဇော် ပြောသွားတာပါ။

ဒါပေမဲ့လည်း “ချားဗန်တယ်ဟောစ့်” တို့လေ့လာထားတဲ့ ကုသနည်းမှာ ပြဿနာ တရပ်ရှိပါတယ်။ အဲဒါ ကတော့ ၂၈ ပတ်ကြာ ကလေးတွေကို နို့ဖြတ်လိုက်တော့ ကလေးတွေက ခံနိုင်ရည်မရှိပဲ ၀မ်းပျက်၊ ၀မ်း လျောဖြစ်ကြတာပါ။ ဒါကြောင့်လည်း ဒီလို မဖြတ်ပဲနဲ့ ၂၈ပတ်ကျော်ကြာတဲ့အထိ ဆေးကို ဆက်လက် တိုက်ကျွေး သင့်ပါတယ်လို့ “ချားဗန်တယ်ဟောစ့်” ကပြောပါတယ်။ ကလေးငယ်တွေကို မိခင်နို့နဲ့အတူ ဆေးတိုက်ကျွေးတာဟာ ပိုပြီးတော့ ထိရောက်တယ်ဆိုတဲ့ လေ့လာချက် ရလဒ်ဟာ HIV နဲ့နေထိုင်သူ မိခင်တွေ အတွက်တော့ မိခင်မေတ္တာလို့ တင်စားလေ့ရှိတဲ့ မိခင်နို့ကိုပိုပြီးတော့ ဘေးကင်းကင်းနဲ့ က လေးငယ်တွေကို တိုက်ကျွေးခွင့်ရဖို့ သတင်းကောင်းဖြစ်ပါတယ်။

http://him.civiblog.org မှ ကူးယူဖေါ်ပြပါသည်။
http://www.voanews.com/
...

Read More...

Monday 24 August 2009

မိခင်အရင်းမှ ရက်သားအရွယ် ကလေးငယ်ကို လူကုန်ကူးသူထံ ရောင်းချ

မိခင်ဖြစ်သူမှ ရက်သားအရွယ် သမီးငယ်အား လူကုန်ကူးသူ တ ဦးထံသို့ ရောင်းချခဲ့ကြောင်း ယခုလ ၂၂ နှင့် ၂၃ ရက်နေ့ ထိုင်း နိုင်ငံထုတ် သတင်းများအရ သိရသည်။

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာအမျိုးသမီး နန်း လောင်ကန်သည် မလေးရှားနိုင်ငံ နယ်စပ် ဖြစ်သည့် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဆုန်ခလာခရိုင်၊ ဟတ်ရိုင်ဆေးရုံတွင် ယခုလ ၉ ရက်နေ့က သမီးမိန်းကလေးကို မွေးဖွားပြီးနောက် ငွေကြေးအခက်အခဲကြောင့် လူကုန်ကူးသူ ထိုင်း အမျိုးသမီး နန်းလစ်မွန်ထံသို့ ဘတ်ငွေ(၅၀၀၀၀)ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

နန်းလောင်ကန်သည် ကိုယ်ဝန် ၇ လရှိစဉ်က စားဝတ်နေရေး အခက်အခဲများကြောင့် အသက် ၃၇ နှစ် အရွယ် နန်းလစ်မွန်ထံမှ ဘတ်ငွေ ၃၇ဝဝဝ ချေးငှါး သုံးစွဲခဲ့ရသည့်အပြင် မွေးဖွားစရိတ် ဘတ်ငွေ ၁ဝ၄ဝဝ ကိုပါ ထပ်မံချေးငှားခဲ့ရသဖြင့် စုစုပေါင်း အကြွေး ၄၇၄ဝဝ တင်နေသည်ဟု ဆိုသည်။ ထို့အပြင် စားဝတ်နေရေးအတွက်ပါ အခက်အခဲများရှိနေသဖြင့် ဘတ်ငွေ ၅ဝဝဝဝ ဖြင့် ရောင်းချရန် သဘောတူ ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။

ကလေးမိခင် နန်းလောင်ကန်က ကလေးငယ်အား လူကုန်ကူသူ နန်းလစ်မွန်ထံသို့ ပို့ဆောင်ခဲ့ပြီး ပြန် လာစဉ် ဆုန်ခလာခရိုင် ကန်ဖေဖစ်မြို့ ဟိုဖင်ဟိုတယ် ရှေ့အရောက်တွင် အမျိုးသမီးနှင့် ကလေးငယ် များ ကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခဲ့ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အတူ လူကုန်ကူးသူ နန်းလစ်မွန်သည်လည်း ကလေးငယ်ကို မလေးရှားနိုင်ငံမှ လူကုန်ကူးသည့် အမျိုးသမီးတစ်ဦးထံသို့ ဘတ် ငွေ ၈ဝဝဝဝ ဖြင့် ရောင်းချရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်သည်။

ဆုန်ခလာခရိုင် ကန်ဖေဖစ်မြို့ ၁၄/၃၇ တွင် နေထိုင်သည့် နန်း လစ်မွန်သည် မလေးရှားနိုင်ငံသို့ ကလေးငယ်များအား မကြာ ခဏ သွားရောက် ရောင်းချလေ့ရှိသော်လည်း သူမအား ဖမ်းဆီး နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ မကြာသေးမီက ယောက်ျားကလေးငယ် တဦးအား သွားရောက် ရောင်းချစဉ် လက်ပူး လက်ကြပ် မမိခဲ့ သဖြင့် ထိုင်းအာဏာပိုင်များမှ သတိထား စောင့်ကြည့်နေခဲ့ကြသည်ဟု ဆိုသည်။

မိမိ၏ ရက်သားအရွယ် ရင်သွေးအား ရောင်းစားသည့် နန်းလောင်ကန်နှင့် လူကုန်ကူးသည့် ထိုင်းအမျိုး သမီး နန်းလစ်မွန်တို့၏သတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာများအပြင် ထိုင်းရုပ်မြင်သံကြားလိုင်းများ မှ သြဂုတ်၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် နှစ်ရက်တိုင်တိုင် မကြာခဏ ထုတ်လွှင့်ပြသနေခဲ့သည်။
http://ghre.org မှ ကူးယူဖေါ်ပြသည်။
....

Read More...

Sunday 23 August 2009

လူကုန်ကူးမှု အကြောင်း တစေ့တစောင်း (အပိုင်း -၁)

(စကားချီး)
ဒီနေ့ညနေတုန်းက မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်း တယောက်က ဖုန်းဆက်လာပါတယ်။ သူ ကျွန်မ တို့မြို့ကို ရောက်နေလို့ လာလည်လို့ ရမလားဆိုတဲ့ အကြောင်းပါ။ ဘာ ပဲဖြစ်ဖြစ် ဒီလို ဖုန်းဆက်ပြီးမှ အချိန်ချိန်းပြီးမှ လာလည်တဲ့ ဓလေ့ကို ကျွန်မသိပ်နှစ်သက်တာပဲ။ ဆိုင်းမဆင့်၊ ဗုံမဆင့် ကောက်ခါငင်ခါဆို တယောက်ယောက်က အလုပ်များနေရင် နှစ်ယောက်စလုံးအတွက် မကောင်းတာ အမှန်ပါပဲ။ တခါတရံ တော့လဲ စိတ်လောကြီးပြီး ကျွန်မလည်း ကောက်ခါငင်ခါ သွားမိတတ်တာတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ နှစ်ဦးနှစ်ဘက် အဆင်မပြေနိုင်တာကြောင့် အလည်သွားတာတွေတင်မက ဖုန်းပြော ရင်တောင် တဘက်က အားရဲ့လားလို့ အရင်မေးပြီးမှ စကားဆက်ပြောတတ်တဲ့ အကျင့်ဖြစ်လာခဲ့ ပါတော့တယ်။

ဒါနဲ့ ကျွန်မလဲ လွန်ခဲ့တဲ့ အပတ်က သားလေ ရုတ်တရက်တက်ပြီး သတိလစ်သွားလို့ ဆေးရုံမှာ လေး၊ ငါး ရက် ရောက်နေတဲ့အကြောင်း၊ အိမ်ပြန်ရောက်တော့လဲ အလုပ်လုပ်စရာတွေ ရေးထားတဲ့ ဒိုင်ယာရီမှတ် တမ်းကိုတောင် ပြန်လှန်မကြည့်ရဲသေးတဲ့အကြောင်း၊ လာမယ့် အပတ်မှာ မီးဖိုချောင်နဲ့ ရေချိုးခန်း အ သစ်ပြင်ဆင်မှုတွေလုပ်ဖို့ ချိန်းပြီးသားဖြစ်နေလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းပြင်ဆင်နေရတဲ့ အ ကြောင်းတွေ ပြောပြဖြစ်ပါတယ်။ သူက လာကူပေးလို့ ဖြစ်မလားဆိုလာတာကြောင့် သူများအကူအညီ လက်ခံဖို့ ခဲယဉ်းတဲ့ ကျွန်မလဲ ခြေကုန်လက်ပန်း ကျနေချိန်မို့လားမသိ။ ၀မ်းသာအားရနဲ့ လက်ခံမိပါ တော့တယ်။ နှစ်ယောက်အတူလုပ်လိုက်တော့လဲ အချိန်ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါနဲ့ ညနေစာကို နီးရာ ဆိုင်တဆိုင်ကနေမှာပြီး စားဖြစ်ကြရင်း စကားစမြည် ပြောဖြစ်ကြပါတယ်။

သူနဲ့ ကျွန်မဆိုတာကလဲ Anti- money laundering သင်တန်းတခုမှာ ဆုံခဲ့ကြသူတွေ ဖြစ်လေတော့ စိတ်ဝင်စားမှု နယ်ပယ်တွေချင်းက ဆက်စပ်နေတတ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဥပေဒေ ရေးရာတွေဆိုတာက တခုနဲ့တခု အနည်းနဲ့အများ ဆက်စပ်နေတာတွေချည်းပါပဲ။ သူက နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှု နှိမ်နင်းရေးနယ် ပယ်ထဲရောက်၊ ကျွန်မက စစ်ဗျူဟာလေ့လာရေး၊ အကြမ်းဖက်မှု တိုက်ဖျက် ရေးဆိုင်ရာ လေ့လာသူဖြစ်လာပေမယ့် ဒီနှစ်ခုဟာ အတော်ပဲဆက်စပ်နေတာကြောင့် ကျွန်မတို့ စကား ၀ိုင်းကလဲ ဒါတွေအကြောင်းပဲ ဖြစ်နေပြန်ပါတော့တယ်။ သူက အင်တာပိုက ပြုလုပ်နေတဲ့ အာရှရာဇ၀တ် ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ ပရောဂျက် အေအိုစီအကြောင်းတွေ၊ ပင်လယ်ဓားပြတွေကို ပစ်မှတ်ထား တဲ့ ပရောဂျက်ဘာတာ အကြောင်းတွေကို ပြောပြပါတယ်။ ဒီအကြောင်းတွေကတဆင့် အာရှမှာ နာမည် ကြီးနေတဲ့ လူကုန်ကူးမှုအကြောင်းဆီ ရောက်သွားကြပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ကနေဒါ၊ အမေရိကန် နိုင်ငံတွေဆီကို အာရှတိုက်ကနေ လူကုန်ကူးမှုတွေ၊ အာရှတိုက်နိုင်ငံအချင်းချင်း လိင်လုပ်ငန်းဆိုင်ရာ လူ ကုန်ကူးမှုတွေ၊ ကလေးသူငယ်ကုန်ကူးမှုတွေကို ပြောဆိုဖြစ်ကြပါတယ်။ အာရှတိုက် နာမည်ကြီး လူကုန် ကူးမှု လမ်းကြောင်းတွေဖြစ်တဲ့ ယူဘက်ကစ်စတန်လမ်းကြောင်း၊ မလေးရှားလမ်းကြောင်း၊ ထိုင်းလမ်း ကြောင်း၊ ဘော်လကန်လမ်းကြောင်းစတာတွေအကြောင်း ပြောနေကြရင်း မြန်မာနိုင်ငံအကြောင်းတွေ ဆက် ပြောဖြစ်ပါတယ်။

သူက လက်ရှိမြန်မာ့အရေးအခြေအနေတွေရယ်၊ မြန်မာပြည်နဲ့ လူကုန်ကူးမှု ပြဿနာတွေရယ်ကို ဆွေး နွေးမေးမြန်းပါတယ်။ ကျွန်မလည်း သိထားတဲ့ သတင်းအချက်အလက်တွေကို ပြောပြရင်း စစ်အာဏာ ရှင် လက်အောက်က မြန်မာပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေတွေနဲ့ လူကုန်ကူးမှု၊ လိင် ကျေး ကျွန်သွတ်သွင်းခံရမှုတွေကိုပါ ထည့်သွင်းပြောဆိုဖြစ်ပါတယ်။ လူကုန်ကူးမှု တားဆီးရေးနဲ့ ပတ် သက်ပြီး လျော့တိလျော့ရဲဖြစ်နေတဲ့ မြန်မာ့ဥပေဒေ ဘက်တော်သားတွေ၊ တရားစီရင်ရေးစနစ် စတဲ့အ ကြောင်းကိုပါ ပြောပြရင်း မြန်မာပြည်ကြီး မလွတ်မြောက်သေးသမျှ မြန်မာပြည်သူတွေ ပိုမိုဆိုးဝါးတဲ့ ဘ၀တွေခံနေ ရမှာပဲလို့ မှတ်ချက်ပေးဖြစ်ပါတယ်။

ဒီတော့ သူက ကျွန်မပြောတဲ့ မှတ်ချက်ကို လက်ခံတယ်။ အာဏာရှင်စနစ်ဆိုးတွေမှာ ဥပဒေဘက်တော် သားတွေဟာ မဆိုင်တဲ့အလုပ်တွေ ပိုလုပ်နေကြရတယ်။ လူကုန်ကူးမှု၊ ဘိန်းကုန်ကူးမှုတွေကို တိုက်ဖျက် ရေးမှာ သုံးရမယ့် အင်အားတွေကို နိုင်ငံရေးလောက အတွက် ဖြုန်းနေသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ ဒီမိုကရေစီစနစ်မှာလဲ အခုလို အခြေအနေမဆိုးရင်တောင် ရှိတော့ရှိနေမှာပဲ ဖြစ်တဲ့အတွက် ဒီမိုကရေစီမရခင်ကတည်းက လုပ်နိုင်တာတွေကိုလဲ ကြိုလုပ်ထားဖို့ လိုတယ်လို့ ဆိုပါ တယ်။ သူ့စကားက စိတ်ဝင်စားစရာ ကောင်းတာကြောင့် အသေးစိတ် ဆက်ဆွေးနွေးဖြစ်သွားပါတယ်။

သူက လူကုန်ကူးမှုကျူးလွန်သူတွေမှာ သားကောင်ကို စည်းရုံးသူ၊ လမ်းကြောင်းဆက်သွယ်သူ၊ လမ်း ကြောင်းတလျှောက် သယ်ယူပို့ဆောင်ပေးသူနဲ့ သားကောင်ကို လက်ခံသူစတာတွေ ပါဝင်ကြောင်း ပြော ပြပါတယ်။ ရာဇ၀တ်မှုကျူးလွန်သူ အများအပြားပါဝင်မှု၊ သတင်းအချက်အလက် ရယူနိုင်မှုအားနည်း ချက်၊ သတင်းရတဲ့ အချိန်နှောင့်နှေးမှု စတာတွေဟာ ဥပဒေဘက်တော်သားတွေအတွက် အခက်အခဲ ကြန့်ကြာမှုတွေ အများအပြား ဖြစ်စေနိုင်တဲ့အကြောင်း ရှင်းပြပါတယ်။ နောက်တချက်က သားကောင် အမျိုးအစားပါ။ တချို့က ဒါနဲ့ ပတ်သက်တဲ့ ဗဟုသုတ မရှိတာဖြစ်ပါတယ်။ တချို့ကကျတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကြောင့် ဘယ်လိုပဲကြုံကြုံ ဆိုပြီး စွန့်စားတာဖြစ်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် လူကုန်ကူးမှုရဲ့ သားကောင်ဘ၀ ကျရောက်ရတဲ့အခါမှာ အသက် သေကြေပျက်စီးမှု၊ ဘ၀ပျက် မှု၊ ဥပဒေကြောင်းအရ ပြစ်ဒဏ်ကျ အရေးယူခံရမှုတွေ စတဲ့ဆိုးကျိုးတွေ ကြုံတွေ့ ကြရပါတယ်။ ဒါကြောင့် ဒီလိုဆိုးကျိုးတွေနဲ့ လူကုန်ကူးမှုဆိုင်ရာ အချက်အလက်တွေ၊ လူကုန်ကူးမှုကျူးလွန်တတ်တဲ့ ရာဇ၀တ် သားတွေရဲ့ စည်းရုံးရေး နည်းလမ်းတွေကို လူထုကို ပညာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာမှ မြန်မာပြည်လို နိုင်ငံတော်က ပညာပေးမှုအားနည်းတဲ့ တိုင်းပြည်တွေမှာ ပြည်သူမှ ပြည်သူသို့ ပညာပေး ခြင်း နည်းလမ်းကို အကောင်အထည်ဖော်လို့ရတဲ့အကြောင်း၊ စာပေ၊ စာနယ်ဇင်းတွေ၊ သီချင်းတွေ၊ ဇာတ် လမ်းတွေ အများအပြား အသုံးပြုသင့်ကြောင်း ဆိုပါတယ်။

ပညာပေးမှုအပြင် လူထုရဲ့ နိုးနိုးကြားကြား သတင်းပေးပို့မှု နည်းလမ်းကိုလဲ ကျင့်သုံးသင့်ကြောင်း သူက အကြံပြုပါတယ်။ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ အမျိုးသမီးငယ်တွေ၊ ကလေးတွေ၊ ကျောင်းသား တွေကို စည်းရုံးနေတာတွေတွေ့ရင် တာဝန်ရှိသူတွေကို သတင်းပေးပို့မှုပြုလုပ်တဲ့နည်းနဲ့ သားကောင် အဖြစ် စည်းရုံးလှုံဆော်ခံရခြင်း လျော့နည်းသွားအောင် လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းပြောရင်း ပြည် တွင်း မြန်မာများသာမက ပြည်ပ မြန်မာများမှာပါ တာဝန်ရှိကြောင်း သူက ဆိုလာခဲ့ပါတယ်။ လူကုန်ကူး မှုဆိုတာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဖြစ်တာကြောင့် နိုင်ငံတနိုင်ငံတည်းရဲ့ ရဲတပ်ဖွဲ့မှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) မှာဆိုရင် နိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့အချင်းချင်းအကြားမှာ လုံ ခြုံတဲ့ ဆက်သွယ်ရေးစနစ်နဲ့ ရာဇ၀တ်မှု သတင်းအချက်အလက် မှတ်တမ်းတင်မှု စနစ်ရှိကြောင်း ပြောပါ တယ်။ ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ လူကုန်ကူးမှုသားကောင်ဘ၀ ကျရောက်ခဲ့ဖူးသူတွေ၊ မိမိတို့ရဲ့ ပတ်စ်ပို့၊ ခရီးသွားလက်မှတ်တွေကို ခိုးယူခြင်း၊ လိမ်ညာယူဆောင် ခြင်း ခံထားရသူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံက ရဲတပ်ဖွဲ့တွေကို သတင်းပေးပို့ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။ ဒါတင်မကပဲ မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာ တစုံတယောက်က လူကုန်ကူးမှု လုပ်နေတယ်လို့ သိခဲ့ရင် သတင်းပေး ပို့သူရဲ့ အမည်ကို ဖော်ပြစရာ မလိုအပ်ပဲ ရာဇ၀တ်မှု ကျူးလွန်သူရဲ့ သတင်းအချက်အလက်ကိုသာ သက်ဆိုင်ရာကို သတင်းပေးပို့လို့ ရတယ်ဆိုတဲ့ အကြောင်းတွေ ရှင်းလင်းပြောပြခဲ့ပါတယ်။

သူပြောတဲ့ အချက်အလက်တွေကို တချို့ကိုလဲ သင်တန်းတွေမှာ သင်ယူဖူး၊ ကြားဖူးပြီးသားဖြစ်ပေမယ့် ဂရုတစိုက် သတိမထားမိခဲ့ပါဘူး။ တခါတရံမှာ လူတွေက ရှေ့ခရီးမှာ တောင်ကြီးတခု ကာဆီးနေရင် ဒီ တောင်ကို ဘယ်လိုဖြိုရမလဲ ဆိုတာပဲ စဉ်းစားနေမိတတ်ကြပါတယ်။ တကယ်တော့ ဒီတောင်ကို ဖြိုရင်း တောင်မပြိုခင်မှာ လုပ်နိုင်မယ့် အလုပ်တွေလဲ အများကြီး ရှိပါသေးတယ်။ တခါက ကျွန်မရေးခဲ့ဖူးပါ တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ပါဝင်စားသူတွေက သူစိတ်ဝင်စားတာကို တကယ်သာ လုပ်မယ်ဆိုရင် ဖယောင်းတိုင်အလင်းကို ပေးနိုင်ပါတယ်။ ဒီအလင်း တွေ ပေါင်းစပ်သွားတာနဲ့အမျှ အလင်းရောင်ကလဲ ကျယ်ပြန့်လာမှာပါ။ ဒီလိုပါပဲ။ ဖယောင်းတိုင်နဲ့ပဲ ရေ ရှည်သွားလို့တော့ မဖြစ်နိုင်တာကြောင့် စနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် ဒီအရေးကို စိတ် ၀င်စားသူတွေကလဲ လုပ်စရာတွေကို စဉ်ဆက်မပြတ်ဆက်လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှလဲ အနာဂတ် မြန်မာ ပြည်အတွက် လျှပ်စစ်မီးအလင်းရောင်လို ရေရှည်တည်တံ့မယ့် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုး တက် ရေးတွေကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ သူလင်းတယ်၊ ငါလင်း တယ်နဲ့ အလင်းထွန်းညှိဖို့ မကြိုးစားပဲ ငြင်းခုံနေတဲ့ အလုပ်ကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အချိန်ကြာမြင့်စွာ အမြစ်တွယ်နေပြီဖြစ်တဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ ပပျောက် ရေးမှာလဲ တဘက်တလမ်းကနေ မြန်မာဆိုတဲ့ တာဝန်အသိနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ရောဂါဆိုတာက အချိန်ကြာကြာ မကုဘဲထားရင် ပိုပြီးဆိုးလာတတ်ပါတယ်။ ဒီမိုကရေစီ မရသေးပေမယ့် မရသေးခင်က တည်းက ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေကို ကြိုတင်သိမြင် တွေးထား ပြီး၊ အခုအချိန်ကတည်းက ရှင်းလို့ ရနိုင်တဲ့ အခက်အခဲတွေကို ကြိုရှင်းထားနိုင်ရင် ပိုကောင်းပါတယ်။ အလုံးစုံကင်းစင်ပပျောက်မှာ မဟုတ်ပေမယ့် (ဒီမိုကရေစီနိုင်ငံကြီးတွေလဲ ဒါကိုတော့ မတတ်နိုင်ကြသေး ပါ) တဘက်တလမ်းကနေတော့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့ နိုင်ငံအများစုရဲ့ အသွင်ကူးကာလတွေမှာ စစ်ပွဲတွေ၊ တရားဥပဒေစိုးမိုးရေး ပြဿနာရပ်တွေ၊ အသစ်တက်လာတဲ့ အစိုးရတွေရဲ့ နိုင်ငံတော်အုပ် ချုပ်ရေးဆိုင်ရာ ချို့ယွင်းအားနည်းချက်တွေ၊ ဂိုဏ်းဂနအစွဲတွေနဲ့ အကွဲအပြဲတွေ၊ အတိတ်ပဋ္ဋိပက္ခဟောင်း တွေကို အသက်ပြန်သွင်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ အဆိုးဆုံးပြဿနာတွေကတော့ နိုင်ငံဖြတ် ကျော် ရာဇ၀တ်မှုတွေပါပဲ။ အာဏာရှင်ဟောင်းရဲ့ လက်ကိုင်ဒုတ်တွေ ဖြစ်ခဲ့ဖူးတဲ့ ဥပဒေဘက်တော်သား တွေကိုလဲ အသစ်တက်လာတဲ့ အစိုးရသစ်က အပြည့်အ၀ မယုံကြည်ပါဘူး။ လူထုကလဲ ပူးပေါင်းဆောင် ရွက်မှု နည်းနေတတ်တယ်။ ဒီလိုအချိန်မှာပဲ အာဏာရှင်ဟောင်းလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှု တွေကြီးစိုးပြီး ရာဇ၀တ်ဂိုဏ်းသားတွေအတွက် ထွက်ပေါက်ကြီးတွေ များပြားခဲ့တော့ အသစ်တက်လာ တဲ့ အစိုးရရဲ့ governance မှာ ထိခိုက်မှုတွေ အများအပြား ဖြစ်လာပါတော့တယ်။ အသွင်ကူးပြောင်း ကာလတွေမှာ အစိုးရသစ်တွေရဲ့ ပြည်ထဲရေး တာဝန်ရှိသူတွေ လုပ်ကြံခံရတာ၊ အသက်အန္တရာယ်ခြိမ်း ချောက် ခံရတာတွေဟာ နိုင်ငံများစွာမှာ ဖြစ်ပွားခဲ့ပါတယ်။ ပမာဆိုရရင် စည်းကမ်းကြီးပြီး စာအသင် ကောင်းတဲ့ ဆရာမတယောက် ရောက်လာတာကို ကျောင်းသားကောင်းတွေက သဘောကျပေမယ့် ကျောင်းသားဆိုးတွေက နည်းမျိုးစုံသုံးပြီး ပညာပြကြသလိုပါပဲ။

ဒီလိုအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ လုပ်တာဟာ စစ်တပ်ကို နိုင်ငံတော်ကာကွယ်ရေးအဖွဲ့ နေရာကနေ ဖယ်ရှားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရပြီးတဲ့အခါမှာလဲ တပ်တွင်း ဒီမိုကရေစီ ရှင်သန်ထွန်းကားရေးနဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံ ရေးတွေကို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ရဲတပ်ဖွဲ့ကို ရပ်ရွာတရားဥပဒေ စိုးမိုးရေးတာဝန်ကနေ ဖယ်ရှားပစ်တာ မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး မရှိလို့ မရပါဘူး။ ဒီလိုပါပဲ။ အရပ်ဘက်၊ စစ်ဘက်ထောက်လှမ်းရေးကိုလဲ ဖယ်ရှားပစ်လို့ ရပါ ဘူး။ နိုင်ငံတနိုင်ငံရဲ့ ရပ်တည်မှုအတွက် intelligence services လိုအပ်ပါတယ်။ Human intelligence (HUMINT) မရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးဆိုတာ ကြောက်ခမန်းလိလိ အခြေအနေဆိုးကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ် မတိုင်ခင်မှာကျတော့ ဒီအဖွဲ့အစည်းတွေဟာ အာဏာရှင် လက်ကိုင်ဒုတ်ဘ၀မှာ ပေးတာယူ၊ ကျွေးတာစားနဲ့ တသွေးတသံတမိန့်ကိုသာ နာခံကြရတာကြောင့် လူထုဘက်က မရပ်တည်မချင်း လူထုနဲ့ ပဋ္ဋိပက္ခဖြစ်နေတတ်ပါတယ်။ လူအများက မုန်းတီး ကြပါတယ်။ ဒီပဋ္ဋိပက္ခ စိတ်အနာတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ ပြည်သူ့အစိုးရသစ်နဲ့ ဒီအဖွဲ့တွေရဲ့ အကြားမှာ၊ လူထုနဲ့ ဒီအဖွဲ့တွေအကြားမှာ ရံဖန်ရံခါ ပေါ်လာတတ်တာတွေ ရှိပါတယ်။ အဲဒီအခါ ရာဇ ၀တ်မှုနှိမ်နင်းရေး ကိစ္စမျိုးတွေ၊ တိုင်းပြည်ရဲ့ အရေးပေါ်ကာလတွေမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေ အနေမျိုးတွေမှာ ကြားကနေ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်မယ့် သူတွေ လိုအပ်လှ ပါတယ်။ တခြား လိုအပ်တဲ့ ကဏ္ဍတွေအများကြီးပါပဲ။

အခုဒီဆောင်းပါးမှာကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ဆယ်နွယ်မှုတွေကိုပဲ အခြေခံသဘောတရားတွေ၊ ရာဇ၀တ်မှု ကျူးလွန်တတ်သူတွေရဲ့ လုပ်ဆောင်တတ်ပုံ နည်းလမ်းတွေ၊ မိခင်နိုင်ငံက တရားဥပဒေစိုးမိုး ရေးမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးစိုးနေတဲ့အခါ လူကုန်ကူးမှုဖြစ်စဉ်တလျှောက်မှာ ပါဝင်တဲ့ တခြား နိုင်ငံ ဥပဒေဘက်တော်သားတွေကို ဆက်သွယ်ဆောင်ရွက်နိုင်မှုတွေ၊ ဒီမိုကရေစီ ပြောင်းလဲမှုကာလမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖွယ် နည်းလမ်းစတာတွေကို အသေးစိတ် ရေးသားဖော်ပြမှာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၂၊ ၈၊ ၂၀၀၉)
http://khinmamamyo.blogspot.com မှ ကူးယူဖေါ်ပြပါသည်။

Read More...

Thursday 20 August 2009

ဖြစ်ကြောင်းရယ်တဲ့မှစုံလင် ဖုတ်ဖရနယ်တခွင်(၂၀၀၈ နိုဝင်ဘာလမှ ၂၀၀၉ ဇူလိုင်လထိ)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရားမြို့နယ်က မြန်မာပြည်သား အလုပ်သမား ၇၀၀၀၀ ကျော်ခန့်ဟာ ထိုင်းနဲ့ မုံလူမျိုးအလုပ်ရှင်များထံမှာ နေထိုင်လုပ်ကိုင်စားသောက်လျက် ရှိပါ တယ်။

(ဓါတ်ပုံများကို http://four-8km.blogspot.com/ မှ ကူးယူပါသည်)

အလုပ်သမားအများစုဟာ ပဲခူတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေက ဖြစ်ကြပြီး မြန်မာပြည်ရှိ အခြား သောနေရာဒေသအသီးသီးကလည်း လာရောက်လုပ်ကိုင် လျက် ရှိပါတယ်။

၎င်းတို့ဟာ မြန်မာပြည်တွင် စားဝတ်နေရေးကြပ်တည်းမှု၊ အလုပ်အကိုင်းရှားပါးမှု၊ နေ့စဉ် အလုပ်ရှိပေ မယ့် ရသမျှလုပ်အားခနှင့် လက်ရှိကုန်ဈေးနှုန်း မမျှတမှုတို့ ကြောင့် ယခုလို ထိုင်းနိုင်ငံမှာ လာရောက် လုပ်ကိုင်နေရခြင်း ဖြစ်ပါတယ်။

(တန်ဆောင်တိုင်ရာသီအစ ဖုတ်ဖရားမြို့နယ်က ထိုင်းနှင့် မြန်မာငြိမ်းချမ်းပျော်ရွှင်ခြင်းညများ)

ထိုင်းအစိုးရဲ့ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခဈေးနှုန်းမှာ နေ့စားတရက် (၁၅၀) ဘတ်နဲ့ အချိန်ပို တနာရီ ၂၈ ဘတ်လို့ ဆိုပေမဲ့ သူတို့ဟာ အလုပ်ချိန် တနေ့ ကို ၈ နာရီထက် ပိုလုပ်ကိုင်နေရပြီး လုပ်ခကိုတော့ တရက်ကို ဘတ် ၅၀ နဲ့ ၁၀၀ ကြားသာ ရရှိပါတယ်။

ဖုတ်ဖမြို့နယ်ဟာ ၁၅ နှစ်အောက် ကလေးအလုပ်သမား အများဆုံးရှိတဲ့ဒေသ လည်းဖြစ်ပါတယ်။ ကလေးများဟာ လူကြီးများနဲ့ တန်းတူအလုပ်လုပ်ရသော်လည်း လုပ်အားခကို တနေ့ဘတ် ၃၀ မှ ၄၀ ခန့်အထိသာ ရရှိကြပါတယ်။ အမျိုးသမီးများ ဆိုရင်လည်း အမျိုးသားများထက် လုပ်ခကို ၁၀ ဘတ် ဒါမှမဟုတ် ၅ ဘတ်လျှော့ ပေးတာကို ခံနေရပါတယ်။

အလုပ်ရှင်တွေက သူတို့ပိုင်တဲ့ မြေကွက်တွေ လယ်ကွက်တွေမှာ မြန်မာအလုပ်သမားတွေကို (သူတို့ ရဲ့လုပ်ငန်းများအတွက်)နေထိုင်ခိုင်းပြီးတော့ နေ့စဉ်လုပ်အားခထဲ မှ နေထိုင်စရိတ်ကို ဖြတ်ယူပါတယ်။ တနှစ်သက်တမ်းရှိ အလုပ်သမားလက်မှတ်အတွက် ကုန်ကျငွေကို အလုပ်ရှင်တွေက စိုက်မပေးချင် ကြပါ။ အလုပ်ကြပ်လို့ခေါ် တဲ့ သူတို့ကိုယ်စား အုပ်ချုပ်ပေးသူ တဦးနှစ်ဦးခန့်ကိုသာ အလုပ်သမားလက် မှတ် လုပ်ပေးပါတယ်။

လုပ်ငန်းခွင်ထဲမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အပြင် လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှုဖြစ်တဲ့ အခါတွေမှာ အသက်ဆုံးရှုံးသွားတဲ့တိုင်အောင် လျော်ကြေးငွေကို မရရှိကြပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာမှာတော့ မိမိတို့အိမ်၊ ခြံဝန်းများထဲတွင် မြန်မာအလုပ်သမား ကိုငှါးရမ်းနေ ထိုင်ခွင့်ပြုသော ထိုင်းအိမ်ရှင်တဦးလျှင် ဘတ် ၆၀၀၀၀ စီဒဏ်ရိုက် ခြင်း နဲ့ မြန်မာအလုပ်သမားများ ငှားရမ်းနေထိုင်တဲ့ နေအိမ်တွေနဲ့ ဆောက်လုပ် နေထိုင်သော တဲအိမ်တွေကို ထိုင်းအာဏာပိုင်တွေက အပြီးဖျက်သိမ်းစေခဲ့ပါတယ်။

၂၀၀၉ ဇန်န၀ါရီ ၅ ရက်နေ့မှာ ဖုတ်ဖရားမြို့နယ်အတွင်းက မြန်မာအလုပ်သမား များနေထိုင်ရာ ကုလားဝန်းနဲ့ မန်ကျည်းဝန်းတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲ တပ်ဖွဲ့တို့က ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ မြန်မာအလုပ်သမား ၃၀၀ ခန့် ရှိသည့်အနက်မှ ၄ ဦးသာဖမ်းမိခဲတယ်၊ ကျန်တဲ့ အလုပ်သမားများမှာ ထွက် ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ အဖမ်းခံခဲ့ရတဲ့ အလုပ်သမား ၄ ဦးကိုလည်း ဘတ် ၂၀၀၀ ပေးမှ ပြန်လွတ်ပေးမယ်လို့ သိရပါတယ်။

ခုလို အဖမ်းခံနေရတဲ့ အလုပ်သမားတွေဟာဆိုရင် လစဉ်ကျေးရွာ လူကြီးများကို လ စဉ်ကြေး (သို့) လိုင်းကြေးပေးထားရပါတယ်၊ ဒါပေမဲ့ ယခုလိုလာရောက် ဖမ်းဆီးတဲ့ အခါကြတော့ ပိုက်ဆံယူထားတဲ့ ကျေးရွာလူကြီးတွေက ၀င်ရောက်ကာကွယ်ပေး ခြင်း မရှိပါ။

ထို့အတူ ၄၄ ကီလိုမီတာကျေးရွာက အလုပ်ရှင် ဖိပန်းရိုင်း ရဲ့ မြေနေရာမှာ တဲအိမ် ကလေးတွေ ဆောက်လုပ်နေထိုင်နေကြတဲ့ ၀ါးတောရပ်ကွက်ကိုလည်း ထိုင်းအာ ဏာပိုင်တွေက ၂၀၀၉ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ဇန်န၀ါရီလ ၁၅ ရက်နေ့အတွင်း အပြီးဖျက်သိမ်းရန် လာရောက် သတိပေးခဲ့ပါတယ်။

အလုပ်ရှင်များကတော့ လက်မှတ်ရှိသူများ အိမ်ဖျက်စရာမလိုကြောင်းနဲ့ လက်မှတ် မရှိသူများ အနေနဲ့လည်း လောလောဆယ် အိမ်မဖျက်သေးပဲ ၁၅ ရက်နေ့မှာ ထိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အာဏာပိုင်တွေကို ပြောဆိုပေးမယ်ဆိုတဲ့အ တွက် စိတ်မပူဖို့ ပြောပါတယ်။

ဒါပေမဲ့ ၂၀၀၉ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာတော့ ထိုင်းနယ်ခြားစောင့်တပ်က ၀င် ရောက် ဖမ်းဆီး၊နေအိမ်တွေကိုဖျက်စီးပစ်ခဲ့လို့ အလုပ်သမား ၂၀၀ ကျော်တို့မှာ နီး စပ်ရာတောအုပ်တွေထဲကို ထွက်ပြေးခဲ့ရပါတယ်။

၁၅ ရက်နေ့မှာလည်းဆက်ပြီးတော့ ထိုင်းအာဏာပိုင်တွေဟာ အင်အား ၁၀၀ ကျော် ခန့် ကား ၁၀ စီးနဲ့ ပျက်စီးနေတဲ့ အဆိုပါ ၀ါးတောရပ်ကွက်ကို ကြည့်ရှုစစ် ဆေးခဲ့ပြီး မြန်မာအလုပ်သမားတွေ နေထိုင်လျှက်ရှိတဲ့ ပြောင်ကြီးဝန်း၊ ပြောင်လေး ၀န်း၊ ကြက်မတွန်ဝန်း၊ ဦးပေစိအိမ်အစု စတဲ့နေရာတွေကို တောနင်းကာ ပိုက် စိတ်တိုက် လိုက်လံရှာဖွေဖမ်းဆီး ခဲ့ပါတယ်။

မဲဆောက်အခြေစိုက် မြန်မာနဲ့ ထိုင်းအဖွဲ့အစည်းအချို့ကတော့ ၂၀၀၉ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစပြီး တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်းပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ မြန်မာအလုပ်သမားတွေကို အစားအစာ၊ အ၀တ်အထည်နှင့် ခြုံစောင် အချို့ကို သွားရောက်ပို့ပေး ခဲ့ပါတယ်။

အလားတူ ဖုတ်ဖရာမြို့နယ် ဝှေ့နုကလယ် ကျေးရွာအုပ်စုမှာလည်း ၂၀၀၉ ဇန်န၀ါရီ ၂၁ ရက် ညပိုင်းမှာ ဗွီဒီယိုကြည့်နေသော နေရာသို့ ထိုင်အာဏာပိုင်တို့က ၀င် ရောက်ဖမ်း ဆီးခဲ့ပါတယ်။ ဒီဖမ်းဆီးမှုမှာတော့ လက်မှတ်မရှိသူ မြန်မာအလုပ် သမား ၄၀ ခန့်ကို ဆယ်ဘီးကားနဲ့ ခေါ်ဆောင်သွားပါတယ်။ အာဏာပိုင်တွေမှာ အရံကား တွေနဲ့ ဆိုင်ကယ်တွေလည်း ပါလာပါတယ်၊ လက်မှတ်မရှိသူအချို့မှာ ထွက်ပြေး လွတ်မြောက် သွားပါတယ်။

ဒါ့အပြင် ၄၄ ကီလိုမီတာကျေးရွာတွင်းက ကျွန်းတောရပ်ကွက်မှ `ဒို့မိတ်ဆွေ´ အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းကိုလည်း ၂၀၀၉ မတ်လ ၃ ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးက၀င်ရောက်ဖျက်စီးခဲ့လို့ ဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ၁၆၀ ခန့်တို့မှာ မိဘများနဲ့အတူ ထွက်ပြေးခဲရပါတယ်။ အဆိုပါကျောင်းမှာလည်း ဆက်လက်ရပ်တည်ခွင့် မရတော့ လို့ ၄၂ ကီလိုမီတာဘက်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။

(၄၄-ကီလိုမီတာကျေးရွာ ၀ါးတောဝန်းရှိတဲအိမ်များ ဖျက်သိမ်းခဲ့ရစဉ်က မြင်ကွင်းပုံနှင့် တောထဲတွင်ပုန်းအောင်းနေရပုံ(ဓါတ်ပုံ-JACBA)(ဧပြီ ၅ ရက်)
၂၀၀၉ ဧပြီလ ၅ ရက်နေ့ ထိုင်းအာဏာပိုင်တွေ ၀င်ရောက်ဖမ်းဆီးမှုမှာတော့ နေထိုင်ခွင့်လက်မှတ်မရှိသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ လက်မှတ် မရှိ တဲ့အလုပ်သမားတွေက တောထဲမှာပုန်အောင် နေထိုင်နေကြပါတယ်။

ပဲခူးတိုင် ဝေါမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မအေး ကတော့
`သမီးတို့က ရာသီပင်စိုက်ပါတယ်၊ သမီးရောက်တာ ၂ နှစ်လောက်ရှိပါပြီ၊ တနေ့ကို ဘတ် ၈၀ ရပါတယ် လုပ်လိုက်စားလိုက်နဲ့ အိမ်ကိုလည်း ပိုက်ဆံ ပြန်မပို့နိုင်ပါဘူး´ လို့ ပြောပါတယ်။

စေတနာရှင် ၀င်ထမ်းတဦး ရဲ့ပြောပြချက်အရ ဘတ်မရှိတဲ့အိမ်တွေကို ဖျက်သိမ်းဖို့ မဖျက်သိမ်းရင် မီးဝင်ရှို့မယ်လို့ ရွာလူကြီးများကို နယ်ခြားစောင့်တပ်က ပြောကြား သွားပါတယ်လို့ သိရပါတယ်။

ထို့အတူ ၂၀၀၉ ဇွန်လ ၄ ရက်နေ့ ထိုင်းနယ်ခြားစောင့်တပ်ဟာ အင်အားတရာ ကျော်ခန့်ဖြင့် ၄၄ကီလိုမီတာ ကျေးရွာရှိမြန်မာပြည်သားများ နေထိုင်တဲ့ဝန်းတွေကို နံနက် ၃ နာရီခန့်မှ နံနက် ၈ နာရီအထိဝင်ရောက် ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ အဆိုပါဖမ်းဆီးမူမှာ အသက် ၇၀ ၀န်းကျင်လူကြီးများ၊ ကိုယ်ဝန်ဆောင်များ၊ လ သားအရွယ်ကလေးငယ်များနဲ့ ၄၄ကီလိုမီတာ ရွာကျောင်းရှိ ကျောင်းသားကျောင်း သူ ၁၂၀ ကျော်အပါအ၀င် စုစုပေါင်း အယောက် ၄၀၀ ကျော်ကိုဖမ်းဆီးသွားတဲ့ အပြင် အိမ်နဲ့ အ၀တ်အစားအသုံးအဆောင်တွေကိုပါ မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

ဒီတကြိမ် ဖမ်းဆီးမှုမှာ ၄၄ ကီလိုမီတာရွာက နှာခေါင်ချွန်ခြံဝန်းထဲတွင် နေထိုင်တဲ့ ကိုမော်ဒယ် အသက်(၃၀)နဲ့ မဇင်မာအသက် (၂၃) တို့ရဲ့ သားဖြစ်သူလသားအရွယ် မောင်တိုးတိုးဟာ ၂၀၀၉ ဇွန်လ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ရပါတယ်။ မိခင်ဖြစ်သူ မဇင်မာ ပြောပြတာကတော့ …


ဓါတ်ပုံ ... DARE
Friday, June 5, 2009 ထိုင်းစစ်တပ်မှ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီး လူနေအိမ် များမီးရှို့


“ကျမတို့ကို ဇွန်လ ၄ ရက်နေ့ကဖမ်းပါတယ်၊ ၅ ရက်နေ့မှာ မြန်မာပြည်ဘက်က သုံညဂိတ်ကို ထိုင်းစစ်တပ်က သွားပို့ပါတယ်။ ဂိတ်ကိုရောက်တော့ လူတဦးကို ထိုင်းဘတ်ငွေ ၁၀၀၀ တောင်းပါတယ်။ ကျမတို့ကတော့ ဘတ် ၂၀၀ ကို တောင်းပန် ပြီးပေးခဲ့ရပါတယ်။ ငွေမပါတဲ့ လူတွေကိုတော့ ပါသမျှပစ္စည်းတွေကို ဈေးဖြတ်ပြီးယူ ထားလိုက်ပါတယ်။ ဘာမှမပါတဲ့ သူတွေဆိုရင်တော့ ဆဲဆိုကြိမ်းမောင်းကြပါတယ်။ ကျမတို့ မဲဆောက်ကို ပြန်ကူးလာပြီး ၄၄ ကီလို ကိုပြန်ခဲ့ပါတယ် ကလေးကတော့ တလမ်းလုံး ဖျားပြီးသတိလစ်နေတယ်။ ရောက်ရောက်ချင်း ကျန်းမာရေးဌာနကို ပြတော့ ဆရာဝန်က ကလေးဆုံးနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ဖုတ်ဖရားမြို့နယ် ၄၈ ကီလိုမီတာရှိ ၀ါးတော ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လူများကိုဝင်ရောက် ဖမ်းဆီးခဲ့ တဲ့အတွက်၊ တောထဲကို ထွက်ပြေးတိမ်းရှောင်နေသော မြန်မာအလုပ်သမား ၂၀၀ ကျော်ကို စားစရာတွေသွာပြီး ထောက်ပံကူညီခဲ့ ရကြောင်းကို ကိုမိုးကြိုးမှ ပြောပြ ခဲ့ပါတယ်”။

တဆက်တည်းမှာပဲ ၄၄ကီလိုမီတာကျေးရွာမှာ နေထိုင်သည့်အလုပ်သမား လက် မှတ် မရှိသော မြန်မာအလုပ်သမား ၂၅၀ ခန့်ကိုထိုင်းနယ်ခြားစောင့်တပ်က ၂၀၀၉ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်တွေနဲ့ ကလေးအလုပ်သမားအချို့ မိဘများနှင့်အတူ အဖမ်းခံရတဲ့အထဲပါသွား ခဲ့ပါတယ်။ ဒါ့အပြင် …….
မြန်မာစိုက်ပျိုးရေးလုပ်သားတွေ စုပေါင်းနေထိုင်ရာ ခြံဝန်းတွေဖြစ်တဲ့ အကြတ်၊ ဦး ပေစိ၊ ထွန်းလုံရှိန်၊ ၀က်သိုး၊ ကားဖြူ စတဲ့ခြံဝန်း ၅ ခုကို ၂၀၀၉ ဇူလိုင်လ ၂၆ ရက် နံနက် စောစော ၃ နာရီခန့်မှာ ထိုင်းနယ်ခြားစောင့်တပ်မှ တဲအိမ်များထဲသို့ ၀င် ရောက်ပြီး လက်ကိုင်ဖုန်း၊ ပိုက်ဆံ၊ ကြက်၊ ဘဲ နဲ့ အိမ်သုံးပစ္စည်းတွေကို သိမ်းတဲ့ အပြင် ကွက်ပန်းရိုင်းဝန်းမှ တဲအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ကလေးငယ် ၄၄ ခန့်နဲ့လူကြီး စုစုပေါင်း ၁၅၀ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူအားလုံးကို လမ်မကြီးပေါ်မှာထိုင်ခိုင်ပြီး လက်မှတ်စစ်ပြီး လက်မှတ်မရှိ သူတွေကိုတော့ ဖုတ်ဖရရဲစခန်း (သိုမဟုတ်) မဲဆောက်အချုပ်ကို မပို့သေးပဲ ၄၄ ကီ လိုမီတာရွာထိပ်ရှိ ပုလိပ်ရုံးတွင် ခဏထားပြီး တယောက်ကို ဘတ် ၅၀၀ ဖြင့်လာ ရောက်ရွေးယူရန် ကြေငြာနေတယ်လို့ သိရပါတယ်။



ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမှုမှာ စုစုပေါင်းငါးကြိမ်ရှိသွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လူ့အခွင့်အရေးအဖွဲ့တွေကို တိုင်ကြားခဲ့ပေမဲ့ သက်သေထွက်ဆို သော မြန်မာအလုပ်သမားများက နယ်ခြားစောင့်အမည်ကို သေချာစွာမပြောနိုင်ခဲ့ သဖြင့် အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာပြည်သား အလုပ်သမားတွေကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့တဲ့ ထိုင်း အာဏာပိုင်တွေရဲ့အဖမ်းအဆီးဟာဆိုရင် ယခုနှစ် ၂၀၀၉ ခုနှစ် ဇူလိုင်လ အထိ စုစုပေါင်း ၉၀၀ နီးပါးရှိသွားပြီးဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေဟာဆိုရင်လည်း ၃ ကျောင်းထက်မနည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ဒီအဖမ်းအဆီးတွေထဲမှာပဲ လသားအရွယ်ကလေးငယ် တဦးသေဆုံးသွား ခဲ့သလို ၊ မြန်မာအလုပ်သမားတွေရဲ့ တဲအိမ်တွေ အ၀တ်အစားအသုံးအဆောင်တွေ ဆိုရင်လည်း ထိုင်းအာဏာပိုင်များရဲ့ အလားတူမီးရှို့ဖျက်ဆီးခြင်း ကိုခံခဲ့ရပါတယ်။

အဆိုပါ အဖမ်းအဆီးတွေကြောင့် တောတွေတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေရသူ တွေကလည်း လူဦးရေ ၁၀၀၀ ထက်မနည်းရှိနေဆဲပါ။ အုန်ဖန် နဲ့ ဖုတ် ဖရား မြို့နှစ်မြို့ရှိမြန်မာ အလုပ်သမားဦးရေဟာ ၁၂၀၀၀၀ ရဲ့အထက်မှာ ရှိပါတယ်။

ထိုအထဲက အလုပ်သမားလက်မှတ် ရှိသူဦးရေဟာ ၃၀၀၀ ထက်မပိုပါဘူး။ လက် မှတ်မရှိတဲ့ အများစုဟာဆိုရင်လဲ၊ လက်လုပ်လက် စားနေ့တွေသာ များပါတယ်။ ဒါကြောင့် ဘတ် ၅၀၀၀ လောက်ကုန်မယ့် အလုပ်သမားလက်မှတ်ကို သူတို့ အနေ နဲ့ (ရှိရင်ကောင်းမှန်းသိပေမယ့်) လက်တွေ့လုပ်ဖို့ခက်ခဲတာတော့အမှန်ပါ။

လုပ်ငန်းရှင်များ အနေနဲ့လည်း အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်) ကို လုပ်ပေးရန် ခက်ခဲနေကြသကဲ့သို့ ဘတ်မရှိသဖြင့် အလုပ်သမားများမှာလည်း လုပ်ငန်းခွင်ဝင် ရောက်ဖို့ ခက်ခဲနေကြပါတယ်။

တင်ဆက်သူ ... (စိုင်းသြောင်ယှစ်)
(အချက်အလက်များကို JACBA မြန်မာပြည်သားမှ ရယူပါသည်)

Read More...

Thursday 13 August 2009

CDC ကျောင်းက အမေနေ့

ရိုက်ကူးတင်ဆက် တွေ့ဆုံမေးမြန်းသူ .... မြတ်မင်း

Read More...

SAW ကျောင်းမှာ ကျင်းပတဲ့ ထိုင်းနိုင်ငံ အမေနေ့

Read More...

Tuesday 11 August 2009

SAW ကလေးတွေတက်တဲ့ ထိုင်းကျောင်းက ထိုင်းနိုင်ငံ အမေနေ့

Read More...

Sunday 9 August 2009

ခွန်အားသစ်အလုပ်သမားအဖွဲ့မှာ ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနား


Read More...

Saturday 8 August 2009

၂၁ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနား SAW ကျောင်းမှာ ကျင်းပခဲ့

SAW ကျောင်းမှာ ကျင်းပတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ အခမ်းအနားမှာ ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲ ပြောကြားတဲ့ ရှစ်လေးလုံးကာလ အမှတ်တရ ပုံရိပ်များနဲ့ လူထုတိုက်ပွဲက ရရှိခဲ့တဲ့ သင်ခန်းစာများကို တင်ဆက်ထားပါတယ်။


Read More...

Thursday 6 August 2009

ဆင်းရဲမွဲတေမှု ဟိုင်းဝေး

မန္တလေးမြို့နှင့် တောင်ကြီးမြို့သို့ ဆက်သွယ်ထားသော ကားလမ်းက ရှည်လျားလှသည်။ မြေပြန့်ဖြစ် သည်နှင့်အ ညီ လမ်းကဖြောင့်တန်းသကဲ့သို့ အနည်းငယ် ချောမွေ့လာ သည်။
သို့သော် ကားလမ်းတလျှောက်တွင် မမြင်နိုင်သော အာရုံ ထွေပြားစရာကိစ္စ အများအပြား ရှိနေပါသည်။ တချို့သော ကားရပ်နားသည့် နေရာများတွင်ရှိသော လက်ဖက်ရည်ဆိုင်များ၊ ကာရာအိုကေ ဆိုင်များနှင့် ဓာတ်ဆီ ဆိုင်များက ကားမောင်း သမားများကို သူ့ထက်ငါ မြှူဆွယ်နေကြပါသည်။

ဤကားများသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များစသည့် ရှမ်းပြည်နယ်မှ ထုတ်ကုန်များကို သယ် ဆောင်လာကြသော ကားများလည်း ဖြစ်ကြသည်။

ပူပြင်းသောရာသီဥတုနှင့် လမ်းခရီးတွင်ရှိသော စစ်ဆေးရှာဖွေမှုများကို ရှောင်ရှားနိုင်ရန်အတွက် ကား အများစုသည် ညဘက်မှသာ မောင်းနှင်ကြခြင်းဖြစ်သည်။

မန္တလေးယာဉ်ရပ်နားစခန်းမှ ထွက်လိုက်သည်နှင့် ယာဉ်ထိန်းရဲများက အနီရောင်မီးများဖြင့် ဝှေ့ယမ်းကာ ငွေကြေး တောင်းခံလေ့ရှိသည်။

တခါတရံ ရှေ့မှဓာတ်မီး (သို့မဟုတ်) မီးရောင်ဖြင့် ဝှေ့ရမ်းပြသည်ကို သူတို့ ကြုံကြရသည်။

နောက်တခုက လိင်ဖျော်ဖြေရေးအလုပ်လုပ်သူများက ကားမောင်းသမားများကို ခေါ်တင်သွားရန် အ ချက်ပြလိုက်ခြင်း ဖြစ်သည်။

ကားဒရိုက်ဘာ မဟုတ်သော ကျနော့်အနေဖြင့် ညဘက် ကားမောင်းသည့် ခရီးတလျှောက် အတွေ့အ ကြုံရလို၍ ကားမောင်းသည့် မိတ်ဆွေသူငယ်ချင်းထံ ခွင့်တောင်းကာ မန္တလေးမှ ရှမ်းပြည်နယ်၏ မြို့ တော် တောင်ကြီးသို့ လိုက်လာခဲ့သည်။ မိတ်ဆွေဖြစ်သူက အဖော်ပါလာ၍ ၀မ်းသာနေသည်။

တချို့သော ထရပ်ကားများက ယာဉ်တန်းသဖွယ် စုဖွဲ့သွားကြသကဲ့သို့ ကားသမားအချင်းချင်းလည်း မိတ် ဆွေစုများသဖွယ် ဖြစ်လာကြသည်။ အဝေးမှ မိတ်ဆွေထရပ်ကားတစီး ချဉ်းကပ်လာလျှင် အရှိန်ကိုလျှော့ ၍ မီးကိုပြကာ ဟွန်းတီး နှုတ်ဆက် တတ်ကြသည်။ တခါတရံ ကားကို လမ်းဘေးချ၍ အေးအေးလူလူ စကားစမြီပင် ရပ်၍ ပြောဆို တတ်ကြသေးသည်။

လမ်းခရီးတွင် အစစ်အဆေး အဖမ်းအဆီးရှိလျှင် မိတ်ဆွေ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အ ချက်ပြလေ့ရှိ ကြသည်။

ညနေစောင်းတော့ ကျနော်တို့က မန္တလေးမှ စထွက်ကြသည်။ သိပ်မကြာခင်ပင် မှောင်သွားသည်။ ခရီး ရလာသည်နှင့်အမျှ မြို့ကြီးက အဝေးတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ပြန့်ပြူးသောမြေပြင်များ၊ သစ်ပင်များ၊ ခြုံပုတ်များ၊တဲအိမ်ရွာစုများ ကွက်ကျားစီချယ်ထားသော မြင်ကွင်းကို ဖြတ်ခဲ့ရသည်။

ရုတ်ချည်းဆိုသလို ညတွင် ပိုးစုန်းကြူးလင်းသည့်အလား၊ ရှေ့မီတာ ၁၀၀ ခန့်မှနေ၍ ဓာတ်မီးတလက်က ကျနော်တို့ကား ကို အချက်ပြနေသည်ကို တွေ့လိုက်ရသည်။

"အဲဒါက ကောင်မလေးတွေ အချက်ပြတာပဲ၊ စိတ်ဝင်စားရင် ခေါ်လို့ရတယ၊် တကယ်လို့ သူ့ကိုခေါ်ချင် ရင်တော့ ကားရှေ့မီးနဲ့ အချက်ပြလိုက်ရုံပဲ၊ နောက်တော့ ခေါ်တင်သွားပေါ့"ဟု ကျနော့် မိတ်ဆွေက ပြောပြသည်။

ကားမီးရောင်တွင် မိန်းကလေး၏ ရုပ်သွင်ကို ခေတ္တမြင်ရပြီး၊ ကားက ဖြတ်သွားသည်။ သူက အတော် ငယ်ရွယ်သေးပုံရသည်။ မျက်နှာတွင်တော့ မိတ်ကပ်အဖွေးသား ဖြစ်နေသည်။

ကားလမ်းဘေးတလျှောက် ဤကိစ္စလုပ်စားကြသူများက ၂,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ် အကြား ဈေးခေါ် လေ့ရှိကြောင်း ကျနော့်မိတ်ဆွေက ရှင်းပြသည်။

"ခင်ဗျားက ခေါ်လာပြီဆိုပါတော့၊ ဘယ်လို ပြန်ပို့မှာလဲ"ဟု ကျနော်က မေးသည်။

ကျနော်မေးမိသည့် မေးခွန်းကြောင့် သူက ထုံအလှချည်လားဟူသည့် သဘောဖြင့် ကြည့်သည်။ ပြီးတော့ ပြုံး၍ "ကားတွေ က ဟိုဘက်သည်ဘက်သွားနေတာ အများကြီးပဲ၊ တခြားဖောက်သည်နဲ့ ချိတ်ပြီး ပြန် လာတာပေါ့"ဟု သူကဆိုသည်။

အကယ်၍ မိန်းကလေးတင်ခေါ်လာခဲ့သည့် ကားဒရိုက်ဘာက ကိစ္စပြီးပါက တခြားဆန့်ကျင်ဘက်မှလာ နေသော ကားကို မီးပြ၍ ပြန်ခေါ်သွားရန် ရှိ မရှိ မေးကြသည်ဟု ဆိုသည်။ သူတို့က ထိုမိန်းကလေးများ ကို ဤနည်းဖြင့် ကားတစီးမှ ကားတစီး သို့ ကူးပြောင်းရင်း ခေါ်ဆောင်သွားကြသည်။

ဤသို့ ကိုယ်ခန္ဓာရောင်းချရင်း အသက်မွေးနေကြရသည့် မိန်းကလေးအများစုသည် လမ်းတလျှောက်ရှိ ဆင်းရဲသော ကျေးရွာများမှဖြစ်ပြီး တခြားအလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရန်လည်း မဖြစ်နိုင်၊ ရရှိ သည့် ၀င်ငွေက မိသားစု စားဝတ်နေရေးအတွက် မလောက်ငသဖြင့် ယခုကဲ့သို ၀င်ရောက်လုပ်ကိုင် ကြခြင်း ဖြစ်သည် ဟု ဆိုသည်။

ယနေ့ကာလများတွင် တက္ကသိုလ်ကျောင်းသူများပါ သူတို့ကျောင်းစားရိတ်အတွက် ဟိုက်ဝေးပေါ်မှ ပျော် တော်ဆက်လုပ် ငန်းအတွင်းသို့ ပို၍ ၀င်ရောက်လာကြသည်ဟု ဆိုသည်။ ကားဆရာက ပြောပြရာတွင် ဤသို့ ဟိုက်ဝေးတလျှောက်ပျော် တော်ဆက်လုပ်ငန်းဖြင့် အသက်မွေးသူများ ယခုနှစ်များအတွင်း ပို၍ များပြားလာသည်ဟုလည်း ဆိုသည်။

"အာဏာပိုင်တွေက ဒီကိစ္စတွေကို သိသလား"ဟု ကျနော်က မေးမိသည်။

"ရဲတွေက လျစ်လျူရှုထားတာပါပဲ၊ ဒါမှမဟုတ် အဲဒီမိန်းကလေးတွေဆီကနေ အမြတ်ထုတ်ကြတာပေါ့" ဟု သူက ပြောပြသည်။

"တခါတလေမှာတော့ သူတို့က လာခေါ်တတ်တယ်၊ ကိစ္စပြီးတော့ ငွေမပေးဘဲ နေကြတယ်၊ ဈေးလျှော့ ပေးဖို့ တောင်းတာလည်း ရှိတယ်၊ တကယ်လို့ ငြင်းမယ်ဆိုရင်လည်း အဖမ်းခံရမယ်ဆိုတော့ ကောင်မ လေးတွေက ကြောက်ကြတာပေါ့" ဟုလည်း သူကဆိုသည်။

မန္တလေးမြို့မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်သို့ မောင်းလာသည့်အခါ ရွှေတောင်ဟူသည့် ကွန်းထောက် စခန်းသို့ရောက် လာခဲ့သည်။ ညက အတော်နက်နေပြီ ဖြစ်သော်လည်း စားသောက်ဆိုင်ကတော့ ဖွင့်နေ သေးသည်။ ကျနော်တို့ က တခုခု စားသောက်ရန် ဆိုင်တွင်းသို့ ဝင်သွားခဲ့သည်။

စားပွဲထိုးက စားပွဲသို့ အစားအသောက်များနှင့် ရောက်လာသည့်အခါ၊ အခြေအနေကို နားလည်နေပြီး သော ကျနော့် မိတ်ဆွေက တိုးတိုးမေးလိုက်သည်။

"ရှိလား"

"ရှိတယ်"ဟု စားပွဲထိုးက မျက်စတချက်ပစ်၍ ပြန်ပြောသည်။ "အသေအချာ ရှိတယ်" ဟုသူက တကြိမ် အတွက်ဆိုလျှင် ၄,၀၀၀ ကျပ် ကျမည်ဟု ဆိုသည်။

စားပွဲထိုးက စားသောက်ဆိုင်မှနေ၍ အနီးရှိ ဆိုင်တခု အတွင်းသို့ ခေါ်သွားသည်။ အတွင်းပိုင်းတွင် အမိုးမရှိဘဲ ကြယ်မြင် လမြင်ဖြစ်နေသည်။

သူက ခုံတန်းလျား ပေါ်တွင် ၀တ်ဆင်ထားသည့် ထမီကို စောင်သဖွယ်ပြုပြီး အိပ်နေသည့် မိန်းကလေး တယောက်ကို အသံ ပြုလိုက်သည်။ အသံကြားလျှင် ထရမည်ဟု ကျင့်သားရနေသည့် အိပ်စက်မှုမှ အဆိုပါ မိန်းကလေးမှာ နိုးလာပြီး ကျနော်တို့ကို ကြည့်သည်။ သူ့အသွင်က အိပ်မှုန်စုံမွှား ဖြစ်နေသော် လည်း ဧည့်သည်လာသည့်အတွက် ၀မ်းသာသွားပုံရသည်။ ချက်ချင်းထ၍ သူ့ဆံပင်များကို လက်ဖြင့် ဖြီး သင်လိုက်သည်။

နှုတ်ခမ်းတွင် အပေါစားနှုတ်ခမ်းနီကို ဆိုးထားသည်။ သူမ၏ နီရဲတောက်နေသော နှုတ်ခမ်းဆိုးဆေး ရောင်က၊ ညစ်ပေ နေသည့် သူ့အသွင်၊ စိုထိုင်းနံစော်နေသော အခန်းနှင့် ခြားနားစွာ တောက်ပနေသည်။

"သူ တယောက်ပဲရှိလား"ဟု ကျနော့် မိတ်ဆွေက မေးသည်။

"အခုအချိန်ထိတော့ ဟုတ်တာပေါ့၊ တခြားကောင်မလေးတွေက ဒီည မလာကြဘူး"ဟု စားပွဲထိုးက စိတ် မရှည်သလို ပြန်ပြောသည်။

"သူနဲ့ ဆက်ဆံရင် ဘယ်မှာဆက်ဆံရမှာလဲ"ဟု ကျနော်က မေးသည်။

"ဒီမှာပဲ"ဟု မိန်းကလေးက သူအိပ်နေသော သစ်သားခုံတန်းကို လက်ညှိုးညွှန်ပြ၍ ပြန်ပြောသည်။

"အိုး၊ ဒီနေရာမှာလား"
ကျနော်တော်တော် လန့်သွားသည်။

"ရှင်ကတခြားသွားချင်ရင်တော့ ဟိုက တဲဆီသွားလို့ရတယ်"ဟု မိန်းကလေးက ပြန်ပြောသည်။

သူညွန်ပြသည့် တဲ့ကို လှမ်းကြည့်ရင်း ကျနော်ဆွံ့အသွားသည်။ တဲဟုဆိုနိုင်ရုံ အဆောက်အဦး၊ နံရံများ နှင့် အမိုးများက ပြိုပျက်နေသည်။ အတွင်းတွင် မည်သည့် အရာမျှသဲကွဲစွာ မမြင်ရ။ အဆိပ်ရှိသည့် သတ္တ ၀ါတကောင်ရှိနေရင်တော့ .. စိတ်ထဲမှာရေရွတ်လိုက်သည်။

"မင်းတို့မှာ ကွိုင် (ကွန်ဒုံ) ရှိသလား"ဟု ကျနော်က သူ့ကို မေးကြည့်သည်။

"မရှိဘူး၊ အဲဒါသုံးတာကတော့ ဖောက်သည်ဖြစ်တဲ့ရှင့်အပေါ်မှာ မူတည်တယ်"ဟု သူက ပခုံးတွန့်၍ ပြန် ပြောသည်။

ကျနော်နှင့် မိတ်ဆွေက မိန်းကလေးကို ငေးကြည့်မိကြသည်။ မည်သို့ ဆက်ပြောရမှန်းပင် မသိတော့။

"ရှင်တို့က ဒီညအတွက် ကျမရဲ ပထမဦးဆုံး ဖောက်သည်တွေပဲ၊ အခုမှဈေးဦးပေါက်မှာ၊ ဒီကရတဲ့ ပိုက်ဆံ နဲ့ မနက်ဖြန်အရေးကို ဖြေရှင်းရမှာ"ဟု သူက မယုံကြည်နိုင်စရာ ပြောလာသည်။

ကျနော်တို့က တောင်းပန်ရင်း အပြစ်မကင်းသလို တံခါးပေါက်ဘက်သို့ ခပ်လျှိုလျှို ပြန်ထွက်လာကြ သည်။ ကျနော်တို့ ထွက်လာသည့်အချိန်တွင် ကျနော်က တဲအိမ်ဘက်သို့ တချက်ပြန်ကြည့်လိုက်သည်။ အမျိုးသမီးငယ်က ပြန်လှဲချလိုက်ပြီး၊ လုံချည်ကို မေးအထိ ဆွဲ၍ ခြုံလိုက်သည်ကို လစ်ဟာနေသည့် အုတ်နံရံအပေါက်မှ မြင်လိုက်ရသေးသည်။ ထို့နောက် လူကိုကွေးလိုက်ကာ ပြန်အိပ်သွားတော့သည်။

ကိုထွေး (မန္တလေး) ရေးသားသည့် Desolation Road ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ကိုထွေး
Monday, 29 June 2009 17:25
(ဧရာဝတီ မှ ကူးယူဖေါ်ပြသည်)

Read More...

HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ ကုသ

အင်းစိန်မြို့နယ်ရှိ ဆရာဝန်တစ်ဦးက "တစ်သက်လုံးအ တွက် အခမဲ့ပေးဖို့တော့ မဖြစ်နိုင်ဘူး ထင်တယ်၊ ဘာဖြစ် လို့လဲဆိုတော့ ဆေးရုံက ဆရာဝန်တွေကိုယ်တိုင်က ဆေး ရုံမှာ ဆေးတွေပြတ်လို့ အပြင်ကဆေးတွေကို ၀ယ်သုံးနေ ရတာဆိုတော့လေ၊ ပြီးတော့ အဲဒီဆေးတွေကလည်း ဈေး ပေါပေါနဲ့ ရနိုင်တဲ့ဆေးတွေလည်းမဟုတ်ပဲ" အပြည့်အစုံသို့

Read More...

Saturday 1 August 2009

လူမှောင်ခို ကိုယ်တွေ့ ရုပ်သံ အင်တာဗျူး


2009-05-19
RFA မှ ကူးယူပါသည်။

Read More...